ရှေ့တန်းမှာ အလောင်းကောက်သူ

သေသွားရင် ရာထူးချင်း အတူတူပဲ
ကတုတ်ကျင်းထဲ ဆွဲယူပြီး ထောင်မတ်ထားရတယ်
အလောင်းတစ်လောင်းစီ တန်းစီစနစ်
ငါလည်း နေရာဝင်ယူလိုက်တယ်
လက်နက်မရှိတော့လို့ ညာဘက်လက်မောင်းကိုပဲ
သေနတ်တစ်လက်လို ဆန့်တန်းထားလိုက်တယ်
ဘေးကရဲဘော်လေးဟာ ပုပ်စပြုနေပြီ
သူ့လက်ထဲက သောက်လက်စဆေးလိပ်ကို
ယူဖွာလိုက်တယ် ရှိုက်လိုက်တယ် ဖင်စီခံအထိ
အရုဏ်ဦးမှာ ရန်သူတွေတက်လာတာ
ငါတို့ပစ်ချလို့ မကုန်ဘူး
ရန်သူတစ်ယောက်ဆို ငါနဲ့ တော်တော်တူတာပဲ
ညာဘက်နားထင်က ကျည်ပေါက်အထိ တထေရာတည်း
ငါ လက်ဦးအောင် ပစ်ချလိုက်တယ်
အနည်းဆုံး ၆ခါလောက် သေပြီးတဲ့ဆရာကြီးက
ထယောင်တယ် ‘ရဲဘော်တို့၊ ဒီနေ့ဟာ …’
စကားမဆုံးခင် ရွှံ့ရုပ်လို မိုးထဲပျော်ကျသွားတော့တယ်
မိုးလည်း တင်းကြမ်းရွာနေတာ အဲဒီဘက်မှာ ဘယ်လိုလဲ
တန်ဖိုးရှိတဲ့ရွှံ့၊ လုံးပြီး လူပြန်လုပ်လို့ရတယ်
ရွှံ့တစ်ဆုပ်ကို ငါမျိုချလိုက်တယ်
အချက်ပြမီးတွေဟာ ညကောင်းကင်မှာလင်းပြီး
ဖြာကျသွားတယ် (အဲဒီတုန်းက
ပြည့်ဖြိုးတဲ့ မင်းရဲ့ရင်သားတွေအတိုင်းပဲ)
ငါမရှိတော့ရင် မင်းနောက်မီးလင်းမှာ မဟုတ်တော့ဘူး
လျှပ်စီးဝင်းလက်ပြိုးပြက်သွားတဲ့အခိုက်မှာ
ဘေးမှာ ငါ့အလောင်းကို လာသယ်နေပါပေါ့လား
ငါ့ကိုငါ ပြုံးပြလိုက်တယ်

ဇယလ
၃ ဂျူလိုင် ‘၁၈

ကဗျာအကြောင်း ပြောပါတယ် (၅၀)

လူတစ်ယောက်ပြောလို့ လိုက်လုပ်ကြတာဟာ
ကဗျာအလုပ်မှ မဟုတ်တာ

သူ့ကိုငြင်းပယ်ပစ်ရမလား ဆိုတော့လည်း
ကဗျာအလုပ်မှ မဟုတ်တာ

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

ဇယလ
၇ ဇူလိုင် ‘၁၈

အဏုစကြဝဠာထဲက တစ်နေ့တာအကြောင်း

အဲတော့၊ ဂူကိစ္စကလည်းမပြီးသေး
ဒီနေ့ရည်ရွယ်ချက်နဲ့ အောက်ခံဘောင်းဘီ၂ထည်
ဝယ်ခဲ့တယ်၊ ဝတ်မှုန်ကူးရတယ်၊ အောက်ခံဆိုတာ
အဓိပ္ပာယ် လိုရာဆွဲတွေးပေါ့၊ ကူးသူပဲသိကြတယ်
သမ္ဘူလမှာလည်း ရှိခဲ့မှာပါလေ
သမ္ဘာနဲ့
ကြမ္မာဟာ
ဘယ်လိုပြောရမလဲ၊ ရေလွတ်ရာ ပြေးကြတာပေါ့
‘မသိစိတ်ကို မယုံကြည်ဘူး’တဲ့၊ အင်း…လေ…
သိစိတ်နဲ့ ယုံကြည်လို့မှမရတာ အင်းလေးကအစ
အင်းလျားကန် ဘာတွေ ကျားကန်ထားလို့လဲ

ကိုယ်ဆွဲထားတဲ့ကြိုးဟိုဘက်မှာ ဘာရှိသလဲ
အဲတော့၊ လူကိစ္စဟာလည်း တမြုံ့မြုံ့နဲ့
မြုံ့ရုံရှိသေး၊ ရယ်မောပစ်လိုက်ပေါ့
ရယ်ရတာ မမောသေးတဲ့အထိ
နှစ်ခုနစ်ဆယ်ကြာ အခုပြတဲ့ပြပွဲလို

သေသူတွေဟာ
စိတ်လိပ်ငွေ့ထဲ ပြန်ရှင်လာကြတယ်
ရှင်သူတွေဟာ
စိတ်လိပ်ငွေ့ထဲ ပြန်သေသွားကြတယ်

ဖိနပ်ဗလာနဲ့ နင်းရတဲ့ ဖန်ကွဲစတွေ
ယိုင်နဲ့လှေကားနဲ့ တက်ရတဲ့ အလင်းပေါက်
(ကိုချမ်းအေးဇော်လို့ပြောရင် ငါ့ကျတော့
မပြောဘူးလားဆိုတဲ့) စတီးချောင်း
ထည့်ကြရတော့မယ့် မူလခြေထောက်တွေနဲ့
(ချစ်သောလူဆန်းလည်း ပါတာပေါ့)
Continue reading

သားရဲ့ ဦးဆုံးအိမ်

သားအိမ်ထဲမှာ အကြိတ်တွေ့တယ် ဟုတ်လား

လိပ်ပြာဟာ
လပတ်လမ်းကြောင်းထဲ
လွင့်စင်သွားတော့တယ်၊

အလင်းထဲ ဝင်လာပါ အမြင်ခံလိုက် ဝန်ခံလိုက်ပါ

အဲဒီ အကျိုးအပျက်လတွေဟာ
အဲဒီ အကျိုးအပျက်ညတွေမှာ
ကျိုးပျက်စွာပဲ သာနေပါဦးမလား
စိတ်ချမ်းသာအောင် ညာမနေချင်တော့ပါဘူး

သားအိမ်ထုတ်လိုက်ရတယ် ဟုတ်လား

သားအိမ်မရှိတဲ့မိန်းမဟာ မိန်းမစာရင်း အပယ်ခံလား

ကျမသားအိမ်ဟာ ကိုယ့်လူသူ့ဘက်သား
ကျမယုံကြည်အောင် နေခဲ့လေရော့သလား

ဘာသားနဲ့ ထုထားလို့လဲ အနည်းဆုံးတော့
(ယောက်ျားက ပြောတယ်)
ပိတောက်သား ၅ကျပ်သား

သားကြီးငါးကြီးလို သားစိမ်းငါးစိမ်းလို
ကျမကိုယ်ကျမ သားခွဲရတော့မယ်
သားတစ်ရဲ့ မျက်ရည်ဟာ သားနံရည်ပါပဲ
အဲဒါ ကျမရဲ့ သားမြီးယပ်

ကျမဟာ သားရည်ကျက်နဲ့လုပ်ထားတဲ့မိန်းမ
ဖြစ်သွားခဲ့ပြီလား
လောလောဆယ်တော့ သားရည်စိမ်းဟာ ကျမပဲ

ကျောခိုင်းခဲ့တာကို မျက်နှာမူပြီး
မျက်နှာမူခဲ့တာကို ကျောခိုင်းရတော့မယ်
Continue reading

ဘာရယ်မဟုတ်…

အဲဒီရေအောက်က
အဲဒီမှန်ထဲ ဘယ်သူ
ဆင်းငုပ်ကြည့်တော့သလဲ

အလွန့်အလွန်ပဲ
ကိုယ်တွေ ကြွယ်ဝနွမ်းပါးခဲ့ကြပြီ
အဲဒီရေပေါ်လည်း သေးပေါက်ခဲ့ကြပြီ

လေးလံတဲ့ အရာတိုင်းဟာ
သူ့ပမာဏရဲ့ ရေထွက်တယ်
ဥပမာ ထမ်းထားရတဲ့ မမြင်ရတဲ့အရာပေါ့

အိပ်မက်မည်းထဲ ရေမည်းတွေ

ဩော်…ဒါနဲ့ ခင်္ဗျားလည်း
လက်သည်း ခြေသည်း စိတ်သည်းတွေ
ရှည်လာတတ်ရန်ကော

နေ့လင်းကြောင်တောင်မှာ
ခင်္ဗျားလည်း ရုတ်တရက်မှောင်သွားပုံ

ပြုံးကွယ်လိုက်ကြတာပဲပေါ့
စစ်ရှောင်သတင်းကို ဘောလုံးပွဲနဲ့ အစားထိုး
စိတ်ရဲ့ထောင့်စွန်းကနေ တွန်းချလိုက်တယ်

အမျိုးအမည်မသိ
ရှားပါးသတ္တတစ်ခု
ကိုယ့်ထံ ရုပ်သဏ္ဍာန်လာပြလို့ ….

ကိုယ်က မေ့ပေမယ့်
သူက မမေ့ဘူး
ဆေးလိပ်တစ်လိပ် ကောက်ထုတ်သောက်သလို

ကိုယ့်ခြေချောင်းတွေဟာ
ကိုယ့်ကို ပြန်ကြည့်နေသလို

ဇယလ
၁ ဂျူလိုင် ‘၁၈