ကဗျာအကြောင်း ပြောပါတယ် (၇၁)

ဖော်ဝေး၊ အောင်ချိမ့်၊ သိဒ္ဓတ္ထလှိုင်တို့ဟာ နိုင်ငံရေးအယူမှာ မာ့ခ်ဆစ္စတ်တွေဖြစ်ကြပြီး အနုပညာအယူမှာတော့ ဆိုရှယ်လစ်သရုပ်မှန်ကို လက်မခံကြတဲ့ ‘မော်ဒန်’သမားတွေ ဖြစ်ကြတယ်။ အဲဒီ ‘၆၀ခုနစ်များနဲ့ ‘၇၀ ခုနှစ်များမှာ ဗကပ ရှိတယ်။ နေဝင်းစစ်အစိုးရ ရှိတယ်။ ဆိုရှယ်လစ်တွေလည်း ရှိတယ်။

ကဗျာမှာ ဒဂုန်တာရာရဲ့ လက်ဝဲအယူ စာပေသစ်ရှိတယ်။ ‘ပြည်သူ့’စာပေပေါ့။ နောက်ပိုင်း တော်လှန်စာပေနဲ့ နိုင်င်ငံတကာ(လက်ဝဲ) ကဗျာအယူအဆတွေ ဆက်ပေါ်လာကြတယ်။မောင်ယဉ်မွန်၊ မောင်လေးအောင်၊ မောင်သင်းခိုင်၊ စတဲ့လက်ဝဲကဗျာဆရာတွေ ရှေ့တန်းရောက်လာကြတယ်။ မိုးဝေမဂ္ဂဇင်းဟာမဏ္ဍိုင်ပေါ့။ မိုးဝေမှာပဲ သိဒ္ဓတ္ထလှိုင်၊ အောင်ချိမ့်၊ မောင်ချောနွယ်တို့ဟာ ‘ပြည်သူ့’ကဗျာတွေရေးခဲ့ကြတယ်။ မောင်ချောနွယ်ဟာ တော်လှန်ကဗျာအုပ်စုမှာ ပါခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ‘မော်ဒန်’ ကဗျာဘက် လှည့်လိုက်ကြတာ ဖြစ်တယ်။ လူတန်းစားတိုက်ပွဲကို တိုက်ရိုက်အကျိုးမပြုတဲ့ ကဗျာအမျိုးအစား။ အဲဒီတုန်းက ‘ခေတ်ပေါ်ကဗျာ’ကို အနောက်တိုင်းက တင်သွင်းလာတဲ့ ဘူဇွာကဗျာလို့တောင် မောင်သင်းခိုင်က တိုက်ခိုက်ခဲ့ဘူးတယ်။ ‘မော်ဒန်ဆို တော်လှန်ရမယ်’လို့လည်း ကြွေးကြော်ခဲ့ဘူးတယ်။

‘ကဗျာအသစ်’လိုချင်ခြင်းဟာ သော့ချက်ပဲလို့ ပြောနိုင်မလားပဲ။ ခေတ်ပြိုင်ဟောလိဝုဒ်ရုပ်ရှင်တွေလည်း ကြည့်ရ၊ အမေရိကန်ဝါဒဖြန့် Life မဂ္ဂဇင်းလည်း ဖတ်ရ၊ ပင်ဂွင်းထုတ် ခေတ်ပြိုင်နိုင်ငံခြားကဗျာတွေလည်း ဖတ်ရ၊ ပို့စ်တ်-ဘိ(တ်) ဆိုက္ကဒဲလစ်က် ပဋိယဉ်ကျေးမှုအကြောင်းတွေလည်း သိရ၊ ဆံပင်ရှည်ကြီးတွေ ထားကြနဲ့ နေထိုင်မှုပုံစံကိုယ်တိုင်က မြန်မာ့ဆိုရှယ်လစ်လူ့ဘောင်နဲ့ မဆီမလျော်တွေ ဖြစ်ခဲ့တယ်။ တစ်နည်းအားဖြင့် လူငယ်တွေရဲ့ ပုန်ကန်လိုစိတ်ပေါ့။
Continue reading

ကဗျာအကြောင်း ပြောပါတယ် (၇၀)

အကျဉ်းသားဟာ လနဲ့ချစ်မှုပြုလိုက်တယ်
အဲဒါဟာ ကဗျာပဲ
သံတိုင်တွေကို ကျေးဇူးတင်စရာမလိုဘူး

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

ဇယလ
၎ ဇန် ကိုဗစ်၂၁

ကဗျာအကြောင်း ပြောပါတယ် နဲ့ ပတ်သက်လို့ စကားနည်းနည်း

၂၀၁၈ လောက်က စ ရေးတင်တယ် ထင်ပါတယ်။ စရေးကတည်းက ကြိုတင်အတွေး၊ ကြိုတင်ရည်ရွယ်ချက် လုံးဝမရှိပဲ တစ်ခုခုဖတ်နေရင်း လျှပ်တပြက်အတွေးပေါ်လို့ ကောက်ရေးတာတွေပဲဖြစ်ပါတယ်။ ရေးတော့လည်း အဲဒီအတွေးစကိုပဲ ရေးတာပါ။ အကျယ်ချဲ့ဖို့၊ ရှင်းလင်းဖို့လည်း စိတ်မကူးပါဘူး။ အနုပညာမှာ ‘ကောက်ရပစ္စည်း’ ‘found object’ လို ‘ကောက်ရအတွေး’ပေါ့။ တစ်ချိန်ချိန်မှာ ဆောင်းပါးရေးချင်လိုရေးချင်ငြား တေးလိုက်တဲ့ မှတ်စုတိုလေးလည်း ဖြစ်ကောင်းဖြစ်မှာပါ။ တစ်ချိန်မှာ နံပါတ်ဘယ်လောက်ရောက်သွားမှန်း မသိတော့လို့ #??? လို့ ဖော်ပြတာပါ။ နေ့စွဲတွေတော့ ပါတာပေါ့။ ဆိုခဲ့သလို ရုတ်တရက်ကောက်ရအတွေးသက်သက်မို့ မရှင်းလင်းတာတွေ ဧကန်ရှိမှာပါ။ ပြီး၊ သေချာမှုက သုတေသနပြုအရေးအသားထက် အတ္တနောမတိ subjective ပါပဲ။ နေ့တိုင်းစာဖတ်ပေမယ့် အဲသလိုအတွေးမျိုးက နေ့တိုင်းမပေါ်တာတော့ ထူးခြားတယ်။ အတွေးဟာ ရလာဒ်ဆိုရင် catalyst ဓာတ်ကူပစ္စည်းဟာ ဘာလဲတော့ ကျနော်ကိုယ်တိုင် မသိတာပေါ့။ နို့မို့ရင် နေ့တိုင်းဖတ်တိုင်း နေ့တိုင်းရေးနေမှာပေါ့လေ။ ဒါပေမယ့် အဲသလိုမဟုတ်ဘူး။

ကဗျာအကြောင်း စဉ်းစားမိပြီး တို့ထိရေးခြစ်မိတာလေးတွေကို ပြန်စဉ်းစားကြည့်မိခြင်းရယ်သာ။

ဇယလ
၂၈ ဒီ ကိုဗစ်၂၀

ကဗျာအကြောင်း ပြောပါတယ် (၆၉)

စာပေအနုပညာတစ်မျိုးဖြစ်တဲ့ ‘ကဗျာ’နဲ့ ဆူရီယလ် ‘ကဗျာ’ကို ရောထွေးမြင်လို့မရဘူး။ အနောက်တိုင်း ကဗျာဝါဒတွေဖြစ်ကြတဲ့ Romanticism ၊ Realism ၊ Expressionism ၊ Cubism ၊ Futurism ၊ Modernism စတဲ့ ကဗျာတွေအားလုံးဟာ စာပေအနုပညာကဗျာတွေ ဖြစ်ကြတယ်။

Surrealist Poetry ဆူရီယလ်ကဗျာတွေဟာ အဲသလို စာပေအနုပညာကဗျာ မဟုတ်ဘူး။ မသိစိတ်၊ အိပ်မက်၊ ဆင်ခြင်ယုတ္တိဥာဏ် ထိမ်းချုပ်မှုမဲ့ စိတ်ကူးအာရုံတို့ရဲ့ အမှန်တကယ်တည်ရှိနေခြင်းနဲ့ အလုပ်လုပ်ပုံတို့ကို သက်သေအဖြစ် ထုတ်ပြတဲ့အရာတွေ ဖြစ်တယ်။ သူတို့စကားအရ research သုတေသနပြုလုပ်ခြင်းက ရရှိတဲ့ data အချက်အလက် အထောက်အထားတွေပဲ ဖြစ်တယ်။

ဒါကို ခေါင်းဆောင်ဖြစ်သူ အန်ဒရေ ဘရေတွန် (ဘရေတော်န်)ရဲ့ ၁၉၂၄ ပထမ ဆူရီယလ်ကြေညာစာတမ်းမှာ အတိအလင်းထုတ်ပြန်ထားတာရှိတယ် ‘exempt from aesthetic and moral concerns’ ‘အနုပညာရသဆိုင်ရာ၊ ကိုယ္ကျင့်တရားဆိုင်ရာတို့နှင့် လွတ်ကင်းသော’။

ဒါဟာဘာကြောင့်လဲဆိုတော့ ego မိမိအတ္တကိစ္စနဲ့ ဆိုင်တယ်။ မိမိအတ္တ ego/self ဟာ သိစိတ်ရဲ့လက်အောက်ခံ ဖြစ်တယ်။ ဆူရီယလ်ရဲ့ ရည်ရွယ်ချက်က သိစိတ်အောက်မှ ကင်းလွတ်တဲ့ မသိစိတ်ကို ဖ္ထောုတ်ရေးဖြစ်တယ်။

ဘရေတွန်က အဆိုပါသက်သေအထောက်အထား အရေးအသားတွေကို ဘာလို့ poetry ကဗျာလို့ခေါ်သလဲဆိုတော့ သိစိတ်ထိမ်းကွပ်လမ်းကြောင်း ချုပ်ချယ်မှုကလွတ်ကင်းနေတာကို ‘poetry’လို့ ခေါ်တာဖြစ်တယ်။ စာပေအနုပညာလာ poetryနဲ့ မတူဘူး။
Continue reading

ကဗျာအကြောင်း ပြောပါတယ် (၆၈)

Postmodern Associative ကိုယ်တိုင်က hybrid၊ မတူသော၊ ဆန့်ကျင်ဘက်ပင်ဖြစ်တတ်သော၊ အရာနှစ်ခု၊ အကြောင်းနှစ်ခုကို ချိတ်တွဲပေါင်းစပ်တာ။

ပေါင်းစပ်တာဆိုပေမင့် တစ်သားတည်းဖြစ်သွားတာမဟုတ်ပဲ သူ့ဂုဏ်သတ္တိသူ ဆက်ထိမ်းသိမ်းထားတာ မဟုတ်ရင် ထိမ်းသိမ်းဖို့ကြိုးစားတာ။

အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ကလေးကစားကွင်းတွေမှာ တွေ့ရတတ်တဲ့ see-saw လို တစ်ယောက်တစ်ဘက်ထိုင်ပြီး အနိမ့်အမြင့်ဖြစ်သွားတာ၊ အဲဒီအနိမ့်အမြင့်အတက်အကျ ဖြစ်သွားတာကို အရသာခံပျော်ရွှင်ရတာမျိုး။

တစ်ဘက်က ဆင်ခြင်ယုတ္တိဥာဏ်နဲ့ တည်ဆောက်ထားတဲ့ Postmodern သီအိုရီအယူအဆတွေ၊ အခြားတစ်ဘက်က စိတ်ကူးနဲ့ခုန်ကူးမှု၊ အာရုံခုန်ကူးမှု၊ စိတ်ကူးအာရုံခုန်ကူးမှု၊အာရုံခံစားချက်ခုန်ကူးမှု၊ မသိစိတ်ရဲ့ အလုပ်တစ်ခု။ သိစိတ်နဲ့ မသိစိတ်တွဲချိတ်မှု။

မော်ဒန်သိမှုလောကကြီးတစ်ခုလုံးကို မေးခွန်းထုတ်၊ ပြောင်းပြန်လှန်ခြင်းနဲ့ နဂိုကတည်းက အတည်တကျမရှိ၊ တည်ငြိမ်ခြင်းမရှိ၊ flux စီးဆင်းနေခြင်းသက်သက်၊ chaos ဖရိုဖရဲပရမ်းပတာ စီရင်ထုံးဖွဲ့မှုမဲ့ ဆင်ခြင်ယုတ္တိမဲ့ ဖြစ်ပျက်နေမှု။

နည်းနာတက္ကနိအဖြစ် နားလည်ကောင်းနားလည်ပြီး လက်တွေ့သုံးကောင်းသုံးကြမှာ ဖြစ်သော်လည်း နောက်ကွယ်ကသဘောတရား၊ အခြေခံမူ၊ လောကီနိယာမ၊ စိတ္တဓမ္မကို နှလုံးသွင်းတတ်နိုင်ရင် ပိုကောင်းမလားပေါ့လေ။

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

ဇယလ
၂၇ ဒီ ကိုဗစ်၂၀