Jack B [unsplash]
Image: Jack B

သူရူးဟာ ရေကိုငုံ့ကြည့်
စီးဆင်းခြင်းကြောင့် ပုံရိပ်လှုပ်ခတ်
ရေကို သူနှောက်ပစ်လိုက်တယ်

ဇယလ
၃၁ မေ၊ ဏာသိမ်း ‘၂၁

‘မကြာမီလာမည်’ ဆိုတာရဲ့ ပုံတူ

နေ့ခင်းကြောင်တောင်
မီးလောင်ပြင်ထဲပြေးနေတဲ့
မီးစွဲလောင်ကျွမ်းနေသူ လူတစ်ယောက်

ခြေသည်းလက်သည်းညှပ်ရင်း
သို့မဟုတ် အရိပ်ထဲ သတင်းစာဖတ်ရင်း
သို့မဟုတ် စားစရာမရှိတော့တဲ့ ဗျာပါဒ

မကြည့်မိအောင် ကြိုးစားပေမယ့် သိနေတယ်
သူဟာ ကိုယ့်ဆီ တည့်တည့်မတ်မတ် လာနေတာ

ခွက်ထဲကရေဟာ
တဆတ်ဆတ်တုန်လှုပ်လို့

ဇယလ
၂၈ မေ၊ ဏာသိမ်း’၂၁

ညမျက်နှာပြင်တစ်ခုရဲ့ ဘေးတိုက်ပုံတူ

လိုင်းလက်(က်)ပန်းကို ရိုးတံကနေ စအိုထဲထိုးပြီး
ဖင်ဗူးတောင်းထောင်ပြမှ ကဗျာ ဆိုရင်လည်း
ထားလိုက်ပါတော့ဗျာ
ဘိုဒလဲယားရဲ့ ငရဲပြည်ကပန်းတွေနဲ့ ဖက်အိပ်ပြီး
ကျောက်တုံးတိတိ ဆန်နေလိုက်ပါတော့မယ်
မီးတောက်ရဲ့ ပုဂ္ဂိုလ်ရေးဟာ လောင်မြိုက်ခြင်းထဲ
ကူးသွာဖို့ပါပဲ ဘယ့်နှယ် မီးကာကြီးဝတ်ပြီး
တစ်ကိုယ်လုံး မီးသတ်ဗူးအကုန်ဖြန်းလို့
တဖြေးဖြေး ရင်နင့်အောင် မှောင်မိုက်လာမှုထဲ
ပီတိရည်ကြည်ကို တစ်ကိုယ်ရည် တပြွတ်ပြွတ် ညှစ်ထုတ်လို့
အနက်မယိမ်းတဲ့ အသေစိမ်းထဲမှာ ဖြစ်တည်မှုဟာ
အမြှုပ်တွေနဲ့ ပျစ်ချွဲနေတာ လျှာနဲ့
မတို့ကြည့်ချင်ဘူးလား လုံခြုံမှုရဲ့ သုံ့ပန်းရေ
မျက်စိစုံမှိတ်ထားပေမယ့် နောက်ကျောကို ထိုးထားတဲ့
မီးရောင်ကို အရှိုက်ထဲက အရှက်လို ထိသိခံစားနေရတာမဟုတ်လား
ရေလိုအရာကိုငတ်နေတဲ့ ဆဲလ်တွေထဲ အမှောင်ဟာ
စိမ့်ဝင်လာနေတဲ့ကဗျာ
စိန်ပန်းနီအုပ်အုပ်နဲ့ တောဘူတာရုံလေး
မီးစွဲလောင်ကျွမ်းကျန်ရစ်ခဲ့တဲ့ကဗျာ
ခုတ်လှဲခံလိုက်ရတဲ့ ဇီဝအမည်ရှိ သစ်ပင်ကြီးရဲ့ ပင်စည်ပေါ်က
လိပ်ပြာဥတွေ ကပ်လျက်ကဗျာ
ပြီးခဲ့တဲ့ နွေတစ်ညတုန်းက ဘာအပြန်အလှန် ချုပ်နှောင်မှုမျိုးမှမရှိတဲ့
ချစ်မှုပြုခြင်း အရသာသက်သက်နဲ့
အထီးကျန်ကော့က်တေးလ်ခွက် နှုတ်ခမ်းသားက
လူမသိသူမသိ အိနြေ္ဒရဲ့ အသေအကြေအမှတ်အသား
စစ်နဲ့တစ်ကမ်းစာ တောင်စောင်းတစ်ခုမှာ မြေပြင်ပေါ်
လှဲချပြီး ကြယ်တွေမော့ကြည့်ရင်း
တစ်နေ့လုံး တူးခဲ့ရတဲ့ လတ်လတ်ဆတ်ဆတ် ဗုံးခိုကျင်းရဲ့
မြေသင်းနံ့သဲ့သဲ့ကို လဲ့လဲ့လေးရရင်း
သူများလို သံမဏိမဟုတ်တဲ့ ပါးလျဖန်ချိုင့်လေးလိုပဲ
ရေးလို့ရတော့တဲ့ကဗျာ
အဲဒီကောင်းကင်မှာပေါ့ အဲဒီကျကွဲဖန်ကွဲစတွေ
မှင်သက်မိ ကြက်သေသေနေသူ တစ်ဦးပေါ် တိတ်တဆိတ်
စိတ်ဖျားထောက် ဝင်ရောက်ပူးကပ် လိပ်ပြာတဆတ်ဆတ်
လေထဲက ငါးတွေကို လွတ်ရာဆီ အသာတကြည်
လက်နဲ့ရိုက်ပုတ်လို့ သစ်ပင်အုပ်ကြီးရဲ့ ဟိုတစ်ဘက်
အသက်ရှူသံကို ဘေးချထားတဲ့ သေနတ်ကနေ နားစွင့်လို့
အသက်ဘယ်လို ထွက်ရတယ်ဆိုတာ အရေးမကြီးပါဘူးလေ
သူထွက်တတ်သလို ရှာကြံထွက်သွားမှာပဲပေါ့
ထွက်ပြီးသွားမှ လေပေါ် ခြေဖျားလေးထောက်ပြီး
ဘယ်လိုလှမ်းလျှောက်သွားတယ် ဆိုတာပဲ အရေးကြီးတယ်
အဲဒါ ကဗျာမဟုတ်ဘူးလို့ ငြင်းမိတော့မယ် မဟုတ်လား

ဇယလ
၂၇ မေ၊ ဏာသိမ်း ‘၂၁

နှလုံးတစ်ခုန်စာအကွာအဝေးရဲ့ ပုံတူ

၁။

ပြန်လာမယ်ဆိုတာ အာမခံချက်တစ်ခုလို
မြေမြှုပ်ဗုံးတစ်လုံးပေါ်
ခြေတစ်ဘက် နင်းထားမိသလိုပါပဲ
မိခင်ရဲ့ ရင်ခွင်ဆိုတာဟာလည်း ရင်မြှုပ်ဗုံးတွေနဲ့ပဲပေါ့
ခံစားချက်ကို စနက်တံလို့လည်း ခေါ်ဝေါ်ကြတဲ့
ဘာသာစကားထဲမှာ သရတစ်လုံးသည်ပင်လျင်
ပေါက်ကွဲဖို့ အဆင်သင့်ဖြစ်နေတာ
အခုန်တစ်ခုမှာ လုံခြုံတဲ့ဘဝ ထားရစ်ခဲ့ပါပြီလေ

၂။

နေဝင်ချိန်တွေမှာ
အိမ်မီးဖိုချောင်ထဲက ဟင်းနံ့နွေးနွေး
မျက်စိမှိတ်လိုက်ရင်
ကိုယ့်အိပ်ရာထဲ ကိုယ်အိပ်ခဲ့တဲ့အရာ
မျက်စိဖွင့်လိုက်ရင်
မှောင်ကျလာတော့မယ့် တောင်တန်းပြာ
စိတ်ထဲ ပေါက်ကွဲစေနိုင်တဲ့ အရာတွေကို သတိနဲ့ ရှောင်ရှားရင်း
သွားလမ်းရဲ့ဗုံးကိုလည်း သက်မဲ့လုပ်တတ်နေပြီပေါ့
သားရဲ့ ခြေလှမ်းမှန်တွေနဲ့ ရှင်သန်နေမှုဟာ
အမေ့ဝင်သက်ထွက်သက်တွေမှာ ပဲ့တင်ထပ်နေမှာပါလေ

၃။

ဒီမှာ
တောပန်းရောင်စုံတွေ ဓလေ့အရ အလေ့ကျ
သိပ်လှတာပဲ သိလား အမေ
ငြိမ်းချမ်းစွာ ပွင့်နေတတ်ကြတာကို
သား ဘယ်လိုသင်ယူရမှန်း မသိအောင်ပါပဲ
သဘာဝအလျောက် ပါရမီရင့်သန်လွန်းကြပါတယ်လေ
အမေ့ဘုရားပန်းအိုးအတွက်
ဒီတောင်တန်းကြီးတစ်ခုလုံးကို
ပွေ့ပိုက်ယူလာပေးချင်လိုက်တာလေ
သေခြင်းရနံ့ သင်းပျံ့နေတတ်တာကတော့
သား နှလုံးသွင်းလက်ခံထားတဲ့ ဓမ္မမြတ်ပဲပေါ့ အမေ …

ဇယလ
၂၃ မေ၊ ဏာသိမ်း ‘၂၁

မှော်ပန်းတို့ရဲ့ ပုံတူ

အနာဖေးဆွဲခွာခံလိုက်ရတဲ့ အနာကို အပ်တွေနဲ့ ထွင်းကြတာ၊
ကြည့်စမ်း၊ အံ့မခန်း စပါးခင်းတွေ မှည့်ဝင်းလာတယ်ဆိုလား
ဝမ်းမနည်းတတ်တဲ့ ဘုရားပုထိုးစေတီတွေမှာ ဆည်းလည်းသံတွေကြွေ
သဗ္ဗေသတ္တာမင်္ဂလာ သတ္တဝါအားလုံး သတ္တဝါလုံးလုံး ဖြစ်ပါစေ
ရင်ဟောင်းလောင်းတွေထဲ ကြေကွဲမှုတွေ ထည့်သိပ်
သစ်ခြောက်ပင်မှာ ရွက်သစ်တွေ ပြူလာကြတယ်
အနာချင်း တိုင်းကြည့်နေတာလား အနာကြီးထဲမှာ
မိမိတို့နေထိုင်နေကြရတာပဲဥစ္စာ
အိမ်ရှေ့ခန်းမှာ ပန်းချီကားတစ်ချပ် ကြည်လင်တဲ့ ကောင်းကင်နောက်ခံမှာ
မီးခိုးမည်းကြီးတွေ ပျံကြွနေတဲ့ ဆီသယ်ယာဉ်
တစ်မျိုးသားလုံး ဘာစေရမည် ညာစေရမည် နာစေရမည်
နေစေရမည် နူစေရမည် နဲ့စေရမည် နွဲ့စေရမည်
နာချင်တိုင်း နာချင်လို့မရ နာကျင်မှုတွေ အချိုးကျ
တစ်နေ့နဲ့တစ်နေ့ ချိတ်ဆက်လို့ရတာဟာ ပဋိသန္တာရတို့
သေဆုံးခြင်းပဲ နေ့ထဲနေလုံးရှာမရ
နေဟာ မဝင်ခင်မှာ နောက်လှည့်တွန့်ဆုတ် သက်ပြင်းချရင်း ဝင်သွားတယ်
ရေပြင်ကို ငုံ့ကြည့်ရင် မီဒူဆာလို တစ်ခေါင်းလုံး မြွေတွေခဲလို့
ဒဏ္ဍာရီတွေ လက်ညှိုးညွှန်ရာ ဤအရပ်မှာ ဒဏ်ရာနီတွေ စိန်ပန်းတွေလို ဝင်းပ
ရေခွက်ထဲက သွားတုချင်း တဂွပ်ဂွပ်ရိုက်နေကြတာကို ပုံမှန်လိုပဲ ကြည့်နေကြရတယ်
မြေပြင်ကို ကြာပွတ်နဲ့ရိုက်ပြီး ပွင့်ကြစမ်း ပွင့်ကြစမ်းလို့ တင်းကြမ်းခိုင်းလို့
အလိုမရှိပန်းတွေ ထောင်းလမောင်း ပွင့်ပစ်လိုက်ကြတယ်ဆိုပဲ
အဲဒါ အာရုံထဲမှာ အပြင်မှာ မြေပြင်ဟာ ရှစ်စိပ်ကွဲလို့
အက်ကြောင်းတွေထဲ ချော်ရည်တွေ တစိမ့်စိမ့်ကနေ စီးလာတယ်

ဇယလ
၂၁ မေ၊ ဏာသိမ်း ‘၂၁