အနာရှိန်တက်ခြင်းရဲ့ ပုံတူ

စားပွဲပေါ်က သဲကန္တာရဟာ စစ်ဝတ်စုံ ထဝတ်လိုက်တယ်
ဝဋ်လိုက်တတ်တာနဲ့ မိတ်လိုက်နေပုံများ လက်နက်သွားတွေ

ဒင်းတို့ဗိမာန်တွေ ကျဆုံးပါစေ
ဒင်းတို့အူခွေတွေ မြွေဆိုးအသိုက် ဖြစ်ပါစေ

ဖျက်ဆီးခံရတာတွေပေါ် ကျရောက်တဲ့ ဖက်ဆစ်ဖိစီးမှု
ခေတ်ကောင်းစ ကလေးတွေမှာ စစ်မက်နူနာဝဲစွဲ

သားအိမ်ထဲက သားလောင်းဟာ သစ်ပင်လိုလို သတ္တဝါလိုလို
ဓာတ်သတ္ထုတစ်မျိုးလိုလို အရူးထောင်တစ်ခုလိုလို

အသက်ရှင်ရေးကို ချနင်းကြတဲ့ စစ်ခွေးတွေရဲ့
မရဏအက ထုသားပေသားကျ မုသားဗုံသံနဲ့

ရွာထဲဝင်မွှေတဲ့မီးဟာ မထနိုင်တဲ့ အဖွားကို
ပြာထဲထမ်းသွားရဲ့လောင်ကျွမ်းလက်ကျန်အရိုးစုကို
မြေအောင်းမြစ်တွေ ဆက်ပြုစုကြတယ်

ရင်သားနှစ်ဖက်စလုံး အရှင်လတ်လတ် ဖြတ်ခံလိုက်ရတဲ့ညဟာ
မြို့ပေါ် သွေးရူးသွေးတမ်း အိပ်စက်ခြင်းပေါ်
သွေးသံရဲရဲတွေ ပန်းထွက်လို့

စစ်ထဲကြီးပြင်းလာခဲ့ရတဲ့/ ကြီးပြင်းလာကြရတော့မယ့်
ကလေးငယ်တစ်ယောက်လက်နုနုထဲ
အယိုအယွင်းထဲက ပိုးကောင်လေးလို ရာသီဥတု
ကိုယ်ထည့်ပေးလိုက်တယ်ပဲ ထားပါတော့

လမ်းတွေအားလုံးဖြတ်သန်းရမယ့်
အကျည်းတန်ခြင်းရဲ့ အကယ်တန္တု ပန်းလေးတစ်ပွင့်လေ

ဇယလ
၁၈ ဂျွန်၊ဏာသိမ်း’၂၁

မြို့လယ်မှာ တောခြောက်ခံရခြင်းလို ပုံတူ

သူ့ကိုသူ ပြာကျသွားတဲ့အထိ မီးရှို့လိုက်တဲ့ အဲဒီအစွန်အဖျားရွာလေးအတွက်
တောထဲ သွေးဝမ်းသွားလသားလေးဟာ
မိခင်ရဲ့ နို့သီးတစ်ဘက်မှာ ချိတ်နေတဲ့အတွက်
မတွေ့ဘူးတဲ့လက်နက်တွေနဲ့ သတင်းထဲမှာ
အဖမ်းခံရတဲ့ အနာဂတ် တလူလူ လူငယ်လေးတွေအတွက်
သေချင်လို့ သေသွားကြတဲ့ သေသွားကြသူတွေအတွက်

ဘယ်သူခေါ်လိုက်တာလဲ၊ ရင်ထဲရောက်လာတဲ့ အရေးတော်ပုံ
ဘယ်သူ စပရိုက်လုပ်ပို့လိုက်တာလဲ စပါးခင်း ဝင်းဖို့တန်ချိန်မှာ

ဥပဇျဈာယ်ဆရာရဲ့ ဥပစ်ဆဒေကံ နိုငျငံလုံးဥပါဒ်
မကောင်းမှုဟာ မကောင်းမှု လို့ပဲ အသံထွက်တယ်

အရပ္စကားထဲမွာ ဓမ္မံ ထက် ဒလန် ရေပန်းစား

ဖုံးထဲရထားသံကြားလို့ ဘယ်သံလမ်းဘေးပြေးနေသလဲ
သူ့လုံခြုံရေးအတွက် မမေးရဲ
သောက်စရာ မီးဗီယပ်စ်ရှိရှာမလား ချေ့ဆေးပြင်းလိပ်ပဲလား

ကလေးတစ်ယောက် ခြေထောက်အတုရလို့ ပျော်နေတဲ့ မျက်နှာလေး
ကိုယ့်ရင်ပတ် ကိုယ်ပြန်စမ်းသပ် ဒီနေရာလား
သူ့ထဲထွင်းဖောက်ဝင်သွားတာ

ကမ္ဘာကြီးဟာ ညစ်ထေးလက်နှီးစုတ်တောင်
ငါတို့ကို ပစ်မပေးနိုင်တာ ငါတို့မျက်နှာသုတ်တဲ့ တဘက်နဲ့ပဲ
ကြမ်းပေါ်က ငါတို့သွေး ငါတို့သုတ်ရတာ
ရေချိုးပလပ်စတစ်ခွက်ထဲ ညှစ်ချပြီး တစ်ယောက်တစ်ငုံ သစ္စာပြု

ဒေဂျာဗူးရေ၊ အခု မင်းလည်း အဝေးတစ်နေရာမှာ
ဗုံးခိုကျင်းတူးအပြီး ဒေသထွက်အရက်ဖြူတစ်ခွက်နဲ့
ကန်ထဲက ပက်လိုက်တဲ့ ငါးတွေ လေထဲ ထပျံကြသလို
မျက်မှောက်ကို ဖြစ်ခဲ့ပြီးပြီ ကြုံခဲ့ပြီးပြီလို့
လျပ်ပြက်ခံစားလို့ အို’၈၈ရေ အို’၂၁ရေ

ညအမှောင်ထဲမှာ မင်းဟာ မိုးတွေရွှဲနစ်လို့
ကျီးတစ်ကောင်ရဲ့ မှောင်မိုက်တောင်းမှောက်
မဟုတ်တဲ့ မျက်လုံးတွေဟာ သန့်စင်စူးရှလို့

ခြတွေမေးတဲ့မေးခွန်းကို လိပ်ပြာတွေ မဖြေနိုင်ကြတဲ့အတွက်
ကံဖျင်းလွန်းလို့ ဆုအတုတွေ ရနေကြရခြင်းအတွက်
မြူခိုးထဲလက်နှိုက်ပြီး အနာဂတ်ကိုစမ်းကြည့်ရာမှာ
ဆတ်ကနဲ အမြီးဆွဲခံလိုက်သလို မြူခိုးဟာ လှည့်မာန်ဖီတဲ့အတွက်

ဇယလ
၁၅ ဂျွန်၊ဏာသိမ်း’၂၁

နာမ်အလင်းရဲ့ ပုံတူ

တစ်ရာဖိုးသုံးယောက်အသက်ရှင်ဖို့ ကျန်နှစ်ယောက်ကို
လျှော့ဈေးနဲ့ တိုလီမုတ်စတွေထဲ ရွေးပြီးရှာရတယ်
ကြိုတင်အသိမပေးပဲ ပြားကိုးဆယ်ရှိတဲ့ သေခြင်းဟာ
ဆယ်ပြားပဲတန်တဲ့အသက်ကို အချောင်လာနှိုက်ဦးမယ်
သူ့အသားပဲ့ပါသွားမှာစိုးလို့ ဘုရားဟာ ငါတို့ကို
ဝေးဝေးကရှောင်တယ် ကိုယ်တွေဟာလည်းကိုယ်တွေ
ပါပဲလေ ဖန်ပြာခွက်နဲ့ကျောက်စက်ရေမဟုတ်တော့…
မကျေနပ်ရင် ဗွက်ထဲမျက်နှာနှစ်ပြီး ငါးကြီးဝေလ မြင်သလို
အလံတော်ကြီး သိက္ခါရှိရှိလွင့်နေသလို
ဟုတ်တယ်လေ မသမာတဲ့မဲတွေလို ကိုယ်တွေလူဖြစ်ကြရ
အဂတိမဟုတ်ရင် အောက်လမ်းနည်းနဲ့ ရခဲ့တာ
အမှောင်ထဲက အဲဒီအလင်းစလေးကို ထိုးထိုးဟောင်ရတာ
ရေပြင်ပေါ် ခုံတစ်လုံးချပြီး အဲဒီခုံပေါ်
ပတတ်ရပ်တတ်အောင် သင်ယူခဲ့ရတာ အလုံးစုံပျက်သုဉ်းမှုကို
ပဉ္စလက်မျက်လုံးနဲ့ ပစ္စေကဗုဒ္ဓပွင့်တော့မလို
ကိုယ်တို့သိကြတာဟာ ဘယ်ခြေဟာဘယ်ဘက်လှမ်းဖို့နဲ့
ညာခြေဟာညာဘက်လှမ်းဖို့ အဲသလိုနဲ့ပဲ ထူးဆန်းစွာ
ခရီးရောက်ခဲ့ကြတယ်ဆိုပါစို့ မိုးလေးတစ်ပေါက်
မခြောက်သွေ့သွားခင် ယောက်ယက်ခတ်ကြဖို့
ခေါင်းပွင့်သွားတဲ့ဦးနှောက်ထဲမှာ ပညာရေး
မအောင်မြင်ခဲ့တာ လမ်းပေါ်ချပြဖို့ လူလိုနေရတာ
ဘယ်လိုလဲလို့ စိတ်ကူးမဆုံးခင်မှာပဲ ကိုယ်တွေဟာ
လက်လိမ်ချိုးခံရတဲ့ ဆင်းတုတော်တွေဖြစ်သွားတယ်
ဂျိုတွေလည်းပေါက်လာကြတယ် သေတာကိုလည်း
ကောင်းချီးပေးပြီးပျော်ကြတယ်
သန့်စင်တာဆိုလို့ ကျောက်တုံးထဲက စိမ့်ထွက်လာတဲ့
မျက်ရည်စက်ပဲဖြစ်တော့တယ် ကျိုးကြေနေတဲ့မျက်နှာကို
လူရုပ်ထွက်စေဖို့ ……

ဇယလ
၁၄ ဂျွန်၊ဏာသိမ်း’၂၁

ဝိရောဓိတစ်မျိုးရဲ့ ပုံတူ

တန်ဘိုးဆိုတာ မရှိတော့ဘူး
အဲဒါကြောင့်ပဲ
တန်ဘိုးတွေဟာ ရှိလာရတော့တယ်။

ဇယလ
၈ ဂျွန်၊ဏာသိမ်း’၂၁

မရောက်သွားတဲ့ သတင်းအစအနရဲ့ ပုံတူ

နောက်ဖေးခြံထဲမှာ ဘာတွေလဲ၊
ဒရယ်တွေလား၊ သမင်တွေလား၊ အမြော်အမြင်ကြီးတဲ့
ပရီ-လင်ငယ်တွေလား၊
အိပ်ဇောငွေ့ပြေးရှူရင်ရှူမယ့်
အစ်က်ဇက္ကတစ်ဗ်ရုပ်တွေနဲ့၊ နာနာဘာဝနံ့ လုံးလုံးမထွက်တဲ့၊
ဘယ်သူဖြစ်မယ်ထင်လဲ၊ နာနာဘာဝချုပ်ကြီးပေါ့။
ပိရိယာယ်ဟာ ဒီနေ့ရဲ့ ပါ့စ်ဝဒ်ပဲ။
တစ်ချက်မှားရင် ထိုးဇာတ်ဟာ ဘဝဖြစ်သွားမယ်။
လေထီးတွေဆင်းလာမလားလို့
လေသူမတွေ အချိန်ပြည့်တာဝန်ကျ။
နန်းတွင်းဓားပြတိုက်လုရက်မှုတွေ ထိပ်တန်းလျှို့ဝှက်။
စေတီတစ်ဆူကို နယ်စပ်ဘက် ကုန်တင်ကားပေါ် တင်ပြေးသွားတဲ့ကိစ္စ၊
ကောဠာဟလအဖြစ် လိုက်လံပိတ်ဆို့ပေါက်ကြား။
လုပ်ကြံခံလိုက်ရတာ ရုပ်သံချင်းတူ
ခြံမွေးသရုပ်ဆောင်တစ်ယောက်တဲ့။
မှောင်ရိပ်ခိုပေမယ့် ကိုယ်တို့ရဲ့ဆက်သားလေး
သတင်းတွေ အဖွေးသားနဲ့
မီးရထားရုံမှာ မိသွားခဲ့ပြီတဲ့။ ကြီးမားတဲ့ဆုံးရှုံးမှု။
နေဘက်လှည့်ထားရင် ကလိုရိုဖီးချက်ဆဲလ်ကွန်ယက်တွေ၊
နောက်ကျောမှာ လျှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်း၊
ကြားမှာ ရိုးရိုးမျက်စိနဲ့မမြင်ရတဲ့ ပါးလွှာအမျှင်တွေ။
ညနေရဲ့ဥယျာဉ်ထဲမှာတွေ့ကြမယ် လို့
သက္ကလပ်ဦးထုပ်နဲ့လူဟာ
သင်တန်းဆင်းလက်စ ဆုရကြယ်ပွင့်လေးကို
ကြယ်ထဲကရေ လှုပ်ခတ်သွားအောင် ကပ်ပြောသွားတယ်။
ဘာတွေဆက်ဖြစ်ပြီး ဘယ်လမ်းတွေဆက်ပွင့်မလဲ
ဘယ်သူပြောနိုင်မလဲ၊ ဟလား တဲ့။
ခေတ်ကြီးဟာ သိတဲ့အတိုင်းပဲတဲ့။
နွားသိုးကြိုးပြတ်ဟန် ဆောင်ရင်လည်းဆောင်ရ၊
တန်ခိုးကြီးတဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်လိုလည်း နေရတဲ့အခါ
နေရ။ ဒီညတော့ တူနှစ်ကိုယ်
ဗျာဒိတ်တွေပေးထားသလို၊ လက်ညှိုးတော်ညွှန်ထားသလို၊
ထောက်လှမ်းရေးညွှန်ကြားချက်ထဲအရေးတကြီး
ခေါင်းစဉ်အောက်မှာ နာမည်တွေထွက်ထားသလို၊
တွေ့ချင်လှပါပြီလေ၊ ဗဟိုမှာ အရေးတော်ပုံအတွက်
အသုံးတော်မခံရခင်ပေါ့၊ အို၊ ကွယ် ….
Alpha B 1029 ကြယ်လေးရေ။ ။

ဇယလ
၆ ဂျွန်၊ဏာသိမ်း’၂၁