နှစ်သစ်အလို

အဝတ်တစ်ထည်လိုချွတ်ချ ပြီး စိမ့်နေတဲ့ရေထဲ ခြေတစ်ဘက်အရင်ထိုးစမ်းဆင်းစိမ်လိုက်လို့ရတဲ့ နှစ်သစ်ဆိုရင်ပေါ့ လို့ တွေးမိကြမှာပါပဲ။ ‘ဝတ်လစ်စလစ်’ ဆိုတဲ့စကားလုံးမှာဟန်ဆောင်မှု ဖုံးကွယ်မှု မရှိဘူး။ ခန္ဓာကိုယ်တစ်ခုမှာ သူမအဖြစ်ရှူနေတဲ့အသက်။တမင်ရည်ရွယ်မထားသလိုနဲ့တမင်ရည်ရွယ်ထားသလားကြုံကြိုက်မှု။သူမ ရယ်သံမှာ သူမ မျက်နှာလွှဲဟန်မှာ။လမ်းပေါ်အိပ်နေတဲ့ခွေးတက်နင်းမိတော့မလို့သူမဆီသူအမောတကောအလာမှာ။သူမရဲ့အင်္ကျီအောက်ကလုံးဝန်းတောတွေပေါ်နှစ်သစ်ကူးဟိုဘက်မှာသူနိုးထချင်တာ။ငှက်တွေအုပ်လိုက်ထပျံသွားသလိုသူ့ကိုယ်ထဲ။စားပွဲပေါ်မှောက်ထားတဲ့သူမရဲ့လက်ဖဝါးတစ်ဘ်အောက်မှာ သစ်ခက်လေးနှုတ်ကြားချီလာတဲ့ချိုးဖြူ။မှောင်မိုက်တဲ့ကောင်းကင်မှာလှေနစ်မြုပ်ခြင်းလည်း။ကောင်းချီးမင်္ဂလာရောက်စေသောဝ် ကိုပဲထပ်ခါထပ်ခါ။ဇာတ်လမ်းသဘောဆိုရင်တော့တစ်ချိန်ချိန် စကားတစ်ခွန်းခွန်း အဓိပ္ပါယ်ရှိတဲ့တိုးတိတ်ပင့်သက်တစ်ချက် လိုက်လျောလိုက်ရမလား အိုကွယ် ဒါဟာနှစ်သစ်ကူးညပဲ မျက်ဝန်းထောင့်မှာလိပ်ပြာတောင်ပံရုတ်ပြီးနားတော့မယောင်။သယ်ဆောင်လာခဲ့တာ သယ်ဆောင်ထားထားရတာတွေ ဆိပ်ကမ်းမမြင်သေး။ဆပ်ကပ်ထဲမှာပဲ ငိုနေတဲ့မျက်နှာနဲ့လူရွှင်တော်ဟာ သူ့ခေါင်းကို ခြင်္သေ့ပါးစပ်ထဲထိုးထည့်လို့။မကြာမီမှာနှစ်သစ်ကိုဘယ်လိုကြိုဖို့။ကယ်တင်ခံ နောဧသင်္ဘောထဲ သူပါမပါ နာရီဟာ သန်းကောင်ယံ၁၂ ကို မျက်စိထောင့်ကကြည့်လို့။ကြိုးတစ်မျှင်ပေါ်အတ္တဘောကြီးချိတ်တွဲလို့

ဇယလ
၁ ဇန် ‘၂၀

အမှတ်ရမှုတွေ

အမှတ်ရမှုတွေဟာအသားနုအမြဲတက်တယ်လို့ဆရာဝန်ကပြောတာပဲ။အဲဒီအကြောင်းတရားဟာအကျိုးတရားဆီရောက်လာနိုင်မှန်းဘယ်သူသိမလဲ။ခွဲစိပ်ခံရပြီးစိတ်ထဲအသိဟာရေထဲဝေဝါး။ရောက်ခဲ့သလား။ပြန်ရောက်ခဲ့သလား။ပြန်ရောက်လာပြီလား။တရားမှတ်ရတော့မလား။ညဥ့်နက်ကြီးထဲမှာအသိတစ်ယောက်ရဲ့ကြောင်မလေးဟာသခင်မကိုတရားပြသွားခဲ့သေးတယ်။အဆိုးတွေထဲကအကောင်းပေါ့လို့ပြောဖို့ကလည်းကိုယ်တိုင်တွင်းတူးပြီးတွင်းထဲကိုယ်တိုင်မထည့်နိုင်ခဲ့ဘူး။တသိမ့်သိမ့်ခါအောင်ရှိုက်ကြီးတငင်နဲ့တရားစခန်းခြင်ထောင်ထဲရိုက်တာရိုက်တာမှလှိုက်ခါနေတော့တာပဲတဲ့။နာကျင်မှုရှိမှတော့ဘဝမရှိပဲနေမလား။ဘဝရှိမှတော့ညကြီးထဲမှာတစ်ယောက်တည်းဘယ်တုန်းကမိုးတွေမည်းပြိုအုံကြွလာမှန်းမသိရခင်ခံနိုင်ရည်တာကျိုးသွားခဲ့တာ။သူ့ကြောင်လေးသေသွားတုန်းကအမေဟာကြောင်သေလေးကိုထဘီဟောင်းဖြတ်စလေးနဲ့ပတ်၊ကြွပ်ကြွပ်အိတ်အမဲထဲထည့်ပြီးဈေးသွားဦးမယ်ဆိုအဲဒီအထုပ်ကလေးနဲ့ထွက်သွားတယ်။ပြန်လာတော့ဂန္ဒမာပန်းတစ်စည်းဝယ်လာပြီးဘုရားပန်းကပ်ဖို့ပြင်တော့တယ်။ခွဲစိပ်ခံရပြီးအဲဒီအသိတွေဟာမိုးရွာပြီးစစိုထိုင်းသစ်ဆွေးမှာထွက်လာတဲ့မှိုပွင့်ကြီး။မီးခိုးရောင်ညစ်ညစ်။ခေါင်းထဲမှာတိုင်းဗုံးရှိတယ်တဲ့၊သွေးကြောကျဉ်း၊ဘယ်အချိန်မှာဦးနှောက်ထိသွားမလဲမသိဘူးတဲ့။ဘယ်အချိန်မှာဘာဖြစ်သွားမလဲမသိဘူးတဲ့။ဘယ်အချိန်မှာဘာဖြစ်သွားမလဲ။ဘယ်အချိန်တုန်းကဘာဖြစ်ခဲ့သလဲ။တစ်ချိန်ချိန်မှာအမှတ်ရမှုတွေဟာရှင်လျက်နဲ့လွတ်ထွက်ကုန်ရင်ကော။ခွဲစိပ်မှုအောင်မြင်ပြီးဘာဆိုဘာမှမသိတော့ဘူးဆိုရင်ကော။မသိတာကောင်းတယ်လို့ပြောကြမလား။မသိတော့မခံစားရဘူးပေါ့လို့ပြောကြမလား။ထုတ်တန်းမှာကြွက်တွေဆူညံပြေားလွှားနေကြလို့အိပ်မရတဲ့ညတွေကိုမှတ်မိတယ်။စိတ်ရဲ့ဝင်္ကပါလမ်းကြောင်းတွေထဲတကျွိကျွိအော်ပြီးပြေးလွှားဆူညံနေသံကိုမှတ်မိတယ်။မင်္ဂလာဦးညတုန်းကကိုယ်တို့ဘာမှမလုပ်ရခင်ရှိုက်ကြီးတငင်မင်းငိုခဲ့တာ။ခြံထဲကအပင်ကြီးရဲ့ပင်စည်မှာကပ်စိုက်ထားတဲ့သဇင်ပန်းခရမ်းရောင်အတန်းလိုက်တွေဟာလည်းခဲပြီးသည်းကြီးမည်းကြီးကိုပွင့်နေလိုက်ကြတာ။အကယ်၍အမှတ်ရမှုတွေတစ်ခုပြီးတစ်ခုဆုံးရှုံးသွားရမယ်ဆိုရင်တတ်နိုင်သလောက်နောက်ဆုံးဆွဲထားဦးမယ့်အမှတ်ရမှုဟာမင်းရဲ့မျက်နှာပဲလုံးဝဖြစ်စေချင်။အမှတ်ရမှုတွေမရှိတော့တဲ့ဘဝရောက်ရမယ်ဆိုမှတော့နောက်ဆုံးဆက်လက်ထိမ်းသိမ်းထားချင်တဲ့အမှတ်ရမှုတွေရွေးချယ်ခွင့်တော့ပေးသင့်တာပါ့။အဲဒီမီးခိုးရောင်ညစ်ညစ်မှိုကြီကိုပဲစွဲနေမိတော့မလား။အမှတ်ရမှုတွေကိုအမေ့အဲဒီထဘီဟာင်းဖြတ်စလေးထဲထည့်ပတ်လိုက်ဖို့မင်းဟာကိုယ့်ကိုရေတိမ်ထဲရုန်းကန်ခွင့်မပေးပဲမေ့လျော့သွားစေမလား။

ဇယလ
၂၁ ဂျူလိုင် ‘၁၈

ဟိုအရပ်ဒီအရပ်ထံမှ ပေးပို့သော ပို့စ်ကဒ်များ (ကော်န်ချစ်တီးနား ခရုဇ် )

သို့။
ပုံအတွက် ပေးထားတဲ့ ခေါင်းစဉ်အပြင် အခြားခေါင်းစဉ်။ ဟိုခြစ်ဒီခြစ်ပုံနဲ့ အလွန်အကျွံ ရှင်းလင်းပြနေခြင်း။ အချိန်ဇယား
အသေးစိပ်၊ စတိကတိ၊ အသိဿယဝုတ္တိအချစ်တွေ ဖွင့်ဟခြင်း။ သင့်…။

သို့။ တိမ်တွေထူထပ်ကြောင်း၊ အကောင်းဆုံးတွေ သောက်ရကြောင်း၊ တွေ့ရတဲ့ လူစိမ်းတွေအေကာင်း။ ရာသီဥတုကို ညွှနွ်းခြင်း၊ စကားလုံး
အသစ်တွေ အတတ်ဆန်းခြင်း၊ ယုတ္တိမကျတဲ့ မေးခွန်း၊ စိတ်မပါ့တပါ
ဟာသ။
သင့်…။

သို့။
ဘူတာမှာ နားစွန်နားဖျား ကြားလိုက်ရတဲ့ သမိုင်းအချက်အလက်။ ဖုန်းဆက်ဖော်ရတဲ့အတွက် ကျေးဇူးစကား။ ကျေးဇူးတင်စကား ထပ်
ပြောခြင်း။ ကြုံရာကျပမ်း တည်ရှိရာတွေနဲ့ယှဉ်ပြီး ဆူညံသံကိုဝေဖန်
ပြောဆိုခြင်း။ ဒီအထိပြောခဲ့ပြီးသားတွေကို ငင်းဆိုခြင်း။ စိတ်အနှောက်အယှက် ဖစ်ရခြင်း။ တောင်းပန်စကားပြောခြင်း။
သင့်…။
Continue reading

ဗရှိုးရဲ့ဖား

တကယ်တော့ ဒီစာသားဟာ မစခင်ကတည်းက ဆုံးပြီးသား။ ဒါပေမယ့် ဒါကို ကျွန်တော် မသိတော့ ဆုံးပြီးသားကို ဒီမှာ ပြန်စလိုက်မိ တယ်။ စ,လိုက်ပြီဆိုမှတော့ အဆုံးထိ တောက်လျှောက်လိုက်ရတော့မှာပေါ့ ဆိုပြီး (ဘယ်သူဆိုခဲ့သလဲတော့မသိ) အခု ဆက်ရေး၊ ဆက်တွေး၊ ဆက်ရေး၊ ဆက်မေး၊ ဆက်တွေး၊ ဆက်ရေးနဲ့ ဘယ်လိုရေစက်လာကြုံမှန်းကို မသိပါဘူး။ သိရင် တစ်ခါတည်း ပြော လိုက်မှာပေါ့။ ဘာလို့ ဆက်ရေးနေတော့မှာလဲ။

ကဲ၊ ဘာပြောမလဲ၊ ပြော။ ပြောပြီးသွားပြီလား။ ပြောပြီးသားလား။ ပြောချင်သေးလား။ ဟုတ်ကဲ့၊ ဘယ်လိုပြောရမလဲပေါ့နော်။ ဘယ်လိုပြောတာဟာ ဘာပြောတာကို ဘယ်လိုပြောစရာဖြစ်စေလဲဆိုတာဟာ ဘယ်သူကနဲ့လည်း ဆိုင်သေးတယ်ဆိုတော့ကာ။ ဘာပဲပြောပြော၊ ပြောစရာဟာ ပြောပုံပြောနည်းမှာ၊ မဟုတ်ဘူး။ ပြောပုံပြောနည်းမှ။ မဟုတ်ဘူး။ ပြောပုံ ပြောနည်းကို။ မဟုတ်ဘူး။ ပြောပုံပြောနည်းရဲ့။ မဟုတ်ဘူး။ ပြောစရာဟာ ပြောပုံပြောနည်း။ ပြောင်းပြန်၊ ပြောပုံပြောနည်းဟာ ပြောစရာ။ ကဲ၊ ဘာပြောချင်သလဲ၊ ပြော။ ပြောဖို့အချိန်ရှိသေးလား။ တစ်ယောက် ပြောခဲ့ဖူးသလို နည်းနည်းစောပြီး၊ သိပ်နောက်ကျသွားခဲ့ပြီလား။ ပြောဖို့ အချိန်လိုသေး လား။ ပြောဖို့ အချိန်ကုန်ပြီလား။ ပြောဖို့အချိန်နဲ့ ပြောတာဟာ အချိန်တစ်ခုတည်း၊ နေရာတစ်ခုတည်းမှာ အချိန်တူ နေရာတူရှိသလား။ ဒါက မမေးလည်းမေးရမည့်မေးခွန်း။ ရှိသလား။ ရှသလား။ မေးလိုက်မိရင် ချဉ်ရှဲရှဲသွားလား။ ရှုပ်ရင်ရှင်းလိုက်၊ ရှိုင်းချင်ရွှိုင်းလိုက်။ ရွှီးမှပဲ။
Continue reading

ကျွန်တော်တို့ ဘယ်သွားနေကြသလဲ

ဟာ ခေါင်းစဉ်အဖြစ် တပ်ထားတဲ့အတွက် ခေါင်းစဉ်ဖြစ်တယ်ပေါ့။ တစ်ချိန်တည်းမှာ ရှင်းလင်းချက်တစ်ခု ပေးတော့မယ်ဆိုတဲ့ သဘော လည်း ပါတာပေါ့။ `ကျွန်တော်တို့ ဘယ်သွားနေကြသလဲ´ ဆိုတာကို ရှင်းလင်းတော့မယ့်သဘောပေါ့။ ဒါပေမယ့် ဒီဝါကျဟာ အမေး ၀ါကျလည်း မဖြစ်နိုင်ဘူးလား။ မေးခွန်းမှာ မေးသူ ၊ အမေးခံ ၊ မေးတဲ့အကြောင်းအရာတွေ ပါလာပြီးသားဆိုတော့ မေးသူဟာ `ကျွန်တော် တို့´ ၊ အမေးခံဟာ လောလောဆယ်ပျောက်နေတယ် ၊ မေးတဲ့အကြောင်းအရာက `ဘယ်သွားနေကြသလဲ´။ `ကျွန်တော် တို့´ဟာ ဘယ်သူ့ကို မေးနေတာလဲ။`ကျွန်တော်တို့´ကို`ကျွန်တော်တို့´ကပဲပြန်မေးနေတာလား။ ဒါဆို ၁။ `ကျွန်တော်တို့´ ဘယ်သွား နေကြသလဲဆိုတာကို ကျွန်တော်တို့ကပဲ ပြန်ဖြေနိုင်လိမ့်မယ်နဲ့ ၂။ `ကျွန်တော် တို့´ကပဲမေးတဲ့ အတွက် `ကျွန်တော် တို့´မှာအဖြေ မရှိလို့ (၀ါ)မသိလို့။ အဖြေမရှိ ၊ မသိတဲ့ `ကျွန်တော် တို့´ဟာ အဖြေမရှိ၊ မသိတဲ့ `ကျွန်တော်တို့´ ကိုမေးခွန်းမေးပြီး အဖြေတောင်းနေတယ်။

`ကျွန်တော်တို့´ဆိုတာဘယ်သူတွေလဲ။ အခု ဒီအရေးအသားကို ရက်လုပ်နေတဲ့ ဇေယျာလင်းလား။ လူပုဂ္ဂိုလ် ဇေယျာလင်း လား။ ကလောင်အမည် တစ်ခုလား။ ကမ္ဘာကြီးနဲ့ နေ့စဉ်မပြတ်ဆက်စပ်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်း ၊ မြန်မာ့လူမှုစီးပွားယဉ်ကျေးမှု အဆောက်အအုံထုကြီးထဲက ၊ အဲဒီအဆောက်အအုံထုကြီးက ထုတ်လုပ်လိုက်တဲ့ ဇေယျာလင်းဆိုတဲ့ ယူနစ်တစ်ခုလား။ သမိုင်းခေတ် တစ်ကန့်ထဲက အပေါ်ထပ်အဆောက်အအုံနယ်ပယ်ထဲမှာ လူးလာရင်း လူအဖြစ်တတ်သိသမျှ ၊ တတ်နိုင်သမျှ ၊ အကန့်အသက်များကို အသိအမှတ်ပြုပြီး ကြိုးစားလူလုပ်နေရတဲ့ မိမိကိုယ်မိမိ လူအဖြစ်သိသာပြီး လူဖြစ်ခြင်းအလုပ်ကို အိုးစားမကွဲသေးသရွေ့ ကြိုးစားလုပ် ကိုင် (ပြုမူ ၊ ပြုလုပ် ၊ ဖန်တီး ၊ တည်ဆောက် ၊ ရုန်းကန် ၊ လှုပ်ရှား)နေရတဲ့ သက်ရှိအရာတစ်ခုလား။ သဘာဝအင်အားနဲ့ လူလုပ်အင်အား ရှေ့မှောက်မှာ အလွယ်တကူကျိုးပဲ့ ၊ ကျကွဲ ၊ ပျောက်ကွယ် ၊ သေကြေ ၊ ပျက်ဆီး ၊ ပျောက်ဆုံးသွားနိုင်တဲ့ အင်အားမဲ့ အင်းဆက်တစ် ကောင်လား။
Continue reading