ကဗျာဓာတ်ဆိုတာ ရှိပြီးသားတစ်ခုကို နောက်ထပ်ပုံစံခွက်တစ်ခုထဲ ထည့်ပြတာမဟုတ်သလို ပုံစံခွက်တစ်ခုထဲက ထုတ်ပြတာလည်းမဟုတ်ဘူး။ ကဗျာဓာတ်ဟာ အမြဲ အရှင်သဘောပဲဖြစ်တယ်။ ကဗျာဆရာရဲ့ ဖန်တီးမှုဖြစ်စဉ်ထဲမှာ ဘာသာစကား/အာရုံ/အတွေး/နက်ရှိုင်းအနက်တို့ရဲ့ ထိတွေ့လှုပ်ခတ်မှုထဲက ပေါ်လာတာဖြစ်တယ်။ ကဗျာဆရာရဲ့ ဒီဖန်တီးမှုဖြစ်စဉ်ပေါ် အကင်းပါးနေဖို့အရမ်းလိုအပ်ပါတယ်။ ဆင်ခြင်ယုတ္တိလွှမ်းမိုးသိစိတ်လုပ်ငန်းကို ပါဝါတော်တော်လျှော့ချထားပြီး မသိစိတ်ရဲ့ အ,ဆင်ခြင်ယုတ္တိဝင်ရောက်လာဖို့ ဖွင့်ထားပေးရတာဖြစ်တယ်။ သိစိတ်အပိုင်းနဲ့ မသိစိတ်အပိုင်းတို့ရဲ့ ဝိရောဓိတင်းအားဟာ အရေးကြီးတယ်။ တစ်ဘက်ဘက် ဘက်ကဲသွားရင် ကဗျာဓာတ်ဟာ လျော့သွားတတ်တယ်။ သိစိတ်လုပ်ငန်းရဲ့ကဗျာဟာ ကဗျာဓာတ် အားနည်းတယ်။ အီကွေးရှင်းချသလိုပဲ။ x = y (or) pqr စသည်ဖြင့်။ ကဗျာပါးမဝသူတို့ရဲ့အချိုးမျိုး။ ကဗျာဓာတ်နည်းပါးရခြင်းအကြောင်း။ မသိစိတ်ဘက်သွားလွန်းရင်လည်း (ဝါ) အထိမ်းအချုပ် အထားအသို တစ်ခုခုမရှိပြန်ရင်လည်း ပျံတာထက် လွင့်တာ ဖြစ်သွားတတ်တယ်။ ဒီကိစ္စကို ဒီးန် ယန်းဂ်၊ ချားလ်စ် ဆီးမစ်ခ်ျတိုအပါအဝင်လည်း ပြောခဲ့ဘူးကြတယ်။ ဆီးမစ်ခ်ျပြောခဲ့တာရှိတယ်၊ cheat on the unconscious တဲ့။ မသိစိတ်ကို သစ္စာဖောက်ရတဲ့သဘော။ မသိစိတ်ကလာတာကို အချောသပ်မဟုတ်ပဲ ကုန်ကြမ်းအဖြစ်သာယူတာ။ ဒါဟာလည်း ကဗျာဆရာရဲ့ ဝါနဲ့သမ္ဘာကိစ္စမကင်းဘူးပေါ့။
နောက်တစ်ချက်က ဆင်ခြင်ယုတ္တိကဲတဲ့ဘက်က x အတွက် အီကွေးရှင်းရှာတယ်။ x ကို ဘယ်လိုလှည့်ပြောရမလဲပေါ့။ အီကွေးရှင်းလည်းမပျက်စေရဘူးပေါ့။ ဒါပေမယ့် အ,ဆင်ခြင်မှုကဲတဲ့ဘက်ကဆို အီကွေးရှင်းကို ကစားတာဖြစ်တယ်။ ဒီးန် ယန်းဂ်ရဲ့ စကားနဲ့ဆို 2+2= 5 ဖြစ်နိုင်သလို 2+2=apple လည်းဖြစ်နိုင်တယ်။ ကဗျာဓာတ်ဟာ အဲသလို အ,ဆင်ခြင်မှု အီကွေးရှင်းကဖြစ်ပေါ်တာများတယ်လို့ ပြောကြဆိုကြတာတွေရှိပါတယ်။
ဆင်ခြင်ယုတ္တိနဲ့ အ,ဆင်ခြင်ယုတ္တိတို့ထိတွေ့တိုင်း tension ဖြစ်တယ်။ ဝိရောဓိသဘော။ အဲဒါကို ဘယ်လို balance ချိန်မလဲဟာ ကဗျာဆရာတစ်ယောက်စီနဲ့ဆိုင်သလို ပကတိဖန်တီးမှုဖြစ်စဉ်အတွင်း ဘာသာစကားရဲ့လျှပ်စည်းဓာတ်များ ဖြစ်ပေါ်မှုနဲ့လည်းဆိုင်နေပြန်ပါတယ်။
ကဗျာဓာတ် အကြောင်းပြောရင် မသိစိတ်ရဲ့ အ,ဆင်ခြင်မှုရဲ့ လုပ်ငန်းနဲ့ အစွမ်းသတ္တိတွေကို ဥပေက္ခာပြုလို့မရကြောင်းပါ။ poem အဆင့်ပဲရှိတဲ့ကဗျာနဲ့ poetry အဆင့်ရှိတဲ့ကဗျာတို့ကို ကိုယ်တိုင်ယှဉ်ကြည့်ရင် သိသာပါတယ်။
အလွယ်ဆုံးဥပမာဟာ ဆရာမောင်သစ်တည်ရဲ့ ‘တောင်တွင်းရထား’ နဲ့ မောင်ချောနွယ်ရဲ့ ‘ရထား’ တို့ဖြစ်ပါတယ်။ ဆင်ခြင်ယုတ္တိရဲ့ သရုပ်မှန် အီကွေးရှင်း နဲ့ ပဋိသရုပ်မှန် အ,ဆင်ခြင်မှု အီကွေးရှင်းတို့ကိုလည်း မြင်နိုင်မှာဖြစ်ပါတယ်။
ဇယလ
Recent Comments