ကဗျာဆိုင်ရာ အတွေးစမျာ #၃ – ကဗျာပုဒ်နဲ့ အာရုံစိုက်မှု

An effective poem must be able to catch the reader’s attention from beginning to end.

ထိရောက်တဲ့ကဗျာဟာ အစကနေအဆုံးအထိ ဖတ်သူရဲ့အာရုံကိုဆွဲထားနိုင်ရမယ်။ တစ်နည်းအားဖြင့် ဖတ်သူရဲ့အာရုံစိုက်မှုကို ဖမ်းထားနိုင်ရမယ်တဲ့။

ကိုအောင်ချိမ့်လည်းပြောဘူးပါတယ်၊ကဗျာပုဒ်ပေါ် ဖတ်သူဟာ စိတ်ဝင်စားနေရမယ်တဲ့။

ဟုတ်ပါပြီတဲ့၊ ဖတ်သူရဲ့ အာရုံစိုက်မှု attention ကို တောက်လျှောက်ရယူဖို့ သူ့စူးစမ်းသိရှိလိုမှု curiosity ကိုအရှိန်မပျက် နှိုးဆွနေဖို့လိုပါတယ်။ အကြောင်းအရာ (ကဗျာတစ်ပုဒ်မှာ အကြောင်းအရာတစ်ခုမက ပါနိုင်ပါတယ်၊ အထူးသဖြင့် အပေါ်ယံ ယုတ္တိချိတ်ဆက်မှုမဲ့ အကြောင်းအရာတွေပါရှိတတ်တဲ့ associative မျိုး/ဟန်)၊ တွဲစပ်ဖွဲ့နွဲ့ပုံ၊ စကားလုံး (မတူကွဲပြားနယ်ပယ်/များ)၊ ဆန်းပြားနိမိတ်ပုံ၊ အလှည့်အပြောင်း၊ အပိတ်။ ဒါတွေအားလုံးဟာ အာရုံဖမ်းနည်းတွေထဲမှာပါဝင်ကြပါတယ်။ (မိမိနှစ်သက်တဲ့ ဒီဘက်ပိုင်း ခေတ်ပြိုင်ကဗျာတွေနဲ့ စိစစ်ကြည့်လို့ရပါတယ်)။

အာရုံစိုက်တယ်ဆိုတာ အာရုံကိုမြှင့်ထားတာပါ။ အာရုံမြင့်နေသမျှ အာရုံစိုက်မှုဒီဂရီလည်းလိုက်မြင့်နေမှာပါ။ အာရုံကျရင် အာရုံစိုက်မှုလည်းကျသွားတတ်ပါတယ်။ သိပြီး ကြုံပြီး ရိုးအီဖန်တရာတေ ဆိုရင်တော့ အာရုံစိုက်မှုကိုမရရှိနိုင်ပါဘူး။ တစ်ဆက်တည်းအားဖြင့် စိတ်ဝင်စားမှုလည်းလျော့ကျသွားတတ်ပါတယ်။

အဲဒီမှာ အာရုံမြင့်ကဗျာ နဲ့ အာရုံလျော့ကဗျာ ဆိုပြီး ကွဲပြားမယ်ထင်ပါတယ်။ စိတ်ဝင်စားအောင် အာရုံစွဲဆောင်မှုမှမပေးနိုင်တာ။ ဖတ်ပြီး ‘သြော်..အင်း..အေး..အေး..’ပေါ့။
စွဲဆောင်မှုမရှိလို့ စိတ်မဝင်စား၊ စိတ်မဝင်စားတော့ အာရုံစိုက်မှုမရှိ။

တစ်ခုရှိတာက အာရုံပမ်းမှု။ အာရုံစိုက်ရတာများလာတော့ ပင်ပမ်းလာတာ။ အာရုံပမ်းလာတာ။ ဆက်မဖတ်ချင်တော့ဘူး။ ခဏဖြစ်ဖြစ်ချထားလိုက်ရတာ။

အဲဒီနေရာမှာ အာရုံလျော့မှုဟာ အကျိုးရှိလာတယ်။ အာရုံကိုဖြေလျှော့ပေးမှု။ ဟဲဗီးတွေတင်လာပြီး အာရုံမညောင်းခင် မပမ်းခင်မှာ ပေါ့ပေါ့ပါးပါးတစ်ကြောင်းနဲ့ ဖြေလျှော့ပေးလိုက်တာ။
ဟဲဗီး(အာရုံမြင့်) နဲ့ ပေါ့ပေါ့ပါးပါး(အာရုံလျှော့/လျော့) အော်လ်တာနေ့တ် လုပ်ရတာ။

အဲသလိုကဗျာမျိုးတွေဟာ ကျနော့်အတွက် ပိုအရသာရှိတယ်လို့ ကိုယ့်ကိုကိုယ် ထင်မိပါတယ်။ ကဗျာပုဒ်တစ်ပုဒ်ထဲမှာ heavy နဲ့ light ကိုကစားသွားတာ။

ကျနော့် ပုဂ္ဂလိကခံစားမှုပါပဲလို့ ထင်မိရင်လည်း မမှားပါ။

ဇယလ
၇ ဇွန်၊’၂၁

မရောက်သွားတဲ့ သတင်းအစအနရဲ့ ပုံတူ

နောက်ဖေးခြံထဲမှာ ဘာတွေလဲ၊
ဒရယ်တွေလား၊ သမင်တွေလား၊ အမြော်အမြင်ကြီးတဲ့
ပရီ-လင်ငယ်တွေလား၊
အိပ်ဇောငွေ့ပြေးရှူရင်ရှူမယ့်
အစ်က်ဇက္ကတစ်ဗ်ရုပ်တွေနဲ့၊ နာနာဘာဝနံ့ လုံးလုံးမထွက်တဲ့၊
ဘယ်သူဖြစ်မယ်ထင်လဲ၊ နာနာဘာဝချုပ်ကြီးပေါ့။
ပိရိယာယ်ဟာ ဒီနေ့ရဲ့ ပါ့စ်ဝဒ်ပဲ။
တစ်ချက်မှားရင် ထိုးဇာတ်ဟာ ဘဝဖြစ်သွားမယ်။
လေထီးတွေဆင်းလာမလားလို့
လေသူမတွေ အချိန်ပြည့်တာဝန်ကျ။
နန်းတွင်းဓားပြတိုက်လုရက်မှုတွေ ထိပ်တန်းလျှို့ဝှက်။
စေတီတစ်ဆူကို နယ်စပ်ဘက် ကုန်တင်ကားပေါ် တင်ပြေးသွားတဲ့ကိစ္စ၊
ကောဠာဟလအဖြစ် လိုက်လံပိတ်ဆို့ပေါက်ကြား။
လုပ်ကြံခံလိုက်ရတာ ရုပ်သံချင်းတူ
ခြံမွေးသရုပ်ဆောင်တစ်ယောက်တဲ့။
မှောင်ရိပ်ခိုပေမယ့် ကိုယ်တို့ရဲ့ဆက်သားလေး
သတင်းတွေ အဖွေးသားနဲ့
မီးရထားရုံမှာ မိသွားခဲ့ပြီတဲ့။ ကြီးမားတဲ့ဆုံးရှုံးမှု။
နေဘက်လှည့်ထားရင် ကလိုရိုဖီးချက်ဆဲလ်ကွန်ယက်တွေ၊
နောက်ကျောမှာ လျှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်း၊
ကြားမှာ ရိုးရိုးမျက်စိနဲ့မမြင်ရတဲ့ ပါးလွှာအမျှင်တွေ။
ညနေရဲ့ဥယျာဉ်ထဲမှာတွေ့ကြမယ် လို့
သက္ကလပ်ဦးထုပ်နဲ့လူဟာ
သင်တန်းဆင်းလက်စ ဆုရကြယ်ပွင့်လေးကို
ကြယ်ထဲကရေ လှုပ်ခတ်သွားအောင် ကပ်ပြောသွားတယ်။
ဘာတွေဆက်ဖြစ်ပြီး ဘယ်လမ်းတွေဆက်ပွင့်မလဲ
ဘယ်သူပြောနိုင်မလဲ၊ ဟလား တဲ့။
ခေတ်ကြီးဟာ သိတဲ့အတိုင်းပဲတဲ့။
နွားသိုးကြိုးပြတ်ဟန် ဆောင်ရင်လည်းဆောင်ရ၊
တန်ခိုးကြီးတဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်လိုလည်း နေရတဲ့အခါ
နေရ။ ဒီညတော့ တူနှစ်ကိုယ်
ဗျာဒိတ်တွေပေးထားသလို၊ လက်ညှိုးတော်ညွှန်ထားသလို၊
ထောက်လှမ်းရေးညွှန်ကြားချက်ထဲအရေးတကြီး
ခေါင်းစဉ်အောက်မှာ နာမည်တွေထွက်ထားသလို၊
တွေ့ချင်လှပါပြီလေ၊ ဗဟိုမှာ အရေးတော်ပုံအတွက်
အသုံးတော်မခံရခင်ပေါ့၊ အို၊ ကွယ် ….
Alpha B 1029 ကြယ်လေးရေ။ ။

ဇယလ
၆ ဂျွန်၊ဏာသိမ်း’၂၁

ကဗျာဆိုင်ရာအတွေးစများ – ၂။ ဖတ်သူရဲ့အစွဲအလန်း

ကဗျာဖြစ်ခြင်း/မဖြစ်ခြင်း၊ ကြိုက်ခြင်း/မကြိုက်ခြင်း ဟာ ဖတ်သူရဲ့ ကဗျာတွေ့ကြုံခံစားမှုအနုအရင့်နဲ့ဆိုင်သလို ဖတ်သူရဲ့ အစွဲအလမ်းတွေနဲ့လည်း ဆိုင်တတ်ပါတယ်။

ကလောင်နာမည်မဖော်ပြထားတဲ့ အရေးအသားတစ်ခုကို ကဗျာဖြစ်/မဖြစ်ဆုံးဖြတ်တဲ့အခါ ကဗျာမဟုတ်ဘူး/မဖြစ်ဘူး လို့ သတ်မှတ်လိုက်ပြီးမှ ကလောင်နာမည်ဟာ ထင်ပေါ်ကြော်ကြားလေးစားရတဲ့ ကဗျာဆရာဖြစ်နေရင် ဆုံးဖြတ်သုံးသပ်ချက်ကို ပြန်ပြင်တတ်ကြပါတယ်။

ကဗျာတစ်ပုဒ်ကို ကြိုက်ခြင်း/မကြိုက်ခြင်းကိစ္စမှာလည်း ထို့အတူပါပဲ။ ပုဂ္ဂိုလ်မင်လို့ ကဗျာခင်တာလည်း ဖြစ်နိုင်၊ဖြစ်တတ်ပါတယ်။ ပြောင်းပြန်လည်း ဖြစ်နိုင်/ဖြစ်တတ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရဖြစ်ဖြစ်၊ အခြားအကြောင်းတရပ်ရပ်ကြောင့်ဖြစ်ဖြစ်၊ ကိုယ်မကြိုက်တဲ့သူရဲ့ကဗျာကို ကောင်းနေရင်တောင် မကြိုက်ချင်ကြပါဘူး။

ကဗျာပုဒ်နဲ့ပတ်သက်လို့ ဆုးဖြတ်သုံးသပ်ရာမှာ ဖတ်သူရဲ့ ကဗျာနဲ့ရင်းနှီးမှုအဆင့်နဲ့ ကဗျာဆရာနဲ့ရင်းနှီးမှုအဆင့်တို့ အများကြီး အရောင်ဆိုးမှုသက်ရောက်တတ်ပါတယ်။

ဒါကို socio-cognitive effect on judging poems သုတေသနစာတမ်းတစ်ခုမှာ ဖတ်လိုက်ရလို့ ဖောက်သည်ချလိုက်ပါတယ်။ ‘ဟင်၊ဒါကဗျာလား’ ကနေ ‘ဟာ၊ဒီကဗျာလေးကောင်းလိုက်တာ’ မှာ ဖတ်သူရဲ့အစွဲအလမ်းလည်း ပါဝင်ပတ်သက်တတ်ပါကြောင်း။ ။

ဇယလ
၆ ဇွန်၊’၂၁

ကဗျာဆိုင်ရာ အတွေးစများ – ၁။ အသုံးအနှုန်းများ။

ကဗျာအကြောင်းရေးသားပြောဆိုကြတဲ့နေရာမှာ ကြုံလေ့ကြုံထပြဿနာဟာ လမ်းကြောင်းတူသယောင်ရေးသားပြောဆိုနေရာကနေ ဖီလာဖြစ်သွားကြတဲ့ကိစ္စ။ ဆင်ခြင်ကြည့်တော့ ရင်းမြစ်ဟာ အနက်ဖွင့်ဆိုချက်အခိုင်အမာမရှိ(သေး)တဲ့ အသုံးအနှုံးတွေသုံးစွဲခင်း၊ အပြန်အလှန်ပြောဆိုနေကြသူနှစ်ဦးဟာ အသုံးအနှုံးတစ်ခု၊အကြောင်းအရာတစ်ခုပေါ် တူညီသောနားလည်မှုရှိလိမ့်မယ်လို့ထင်ယေင်မှားခြင်း၊ သိရှိနားလည်ထားမှုတို့လွဲချော်နေခြင်း(ဝါ)တလွဲတချော်နားလည်ထားခြင်း၊ ဥာဏ်ပညာပိုင်းထက်ခံစားမှုဘက်မှပြောဆိုခြင်း(ဝါ)စဉ်းစားဆင်ခြင်ရေးသားပြောဆိုခြင်းထက် ခံစားချက်ရှေ့ရှုရေးသားပြောဆိုခြင်း၊ စတာလေးတွေဟာ ဆွေးနွေးရာမှာ မလိုလားအပ်တဲ့အနှောင့်အယှက်လေးတွေဖြစ်တတ်ပါတယ်။

ဇယလ
၅ ဇွန်၊’၂၁

Jack B [unsplash]
Image: Jack B

သူရူးဟာ ရေကိုငုံ့ကြည့်
စီးဆင်းခြင်းကြောင့် ပုံရိပ်လှုပ်ခတ်
ရေကို သူနှောက်ပစ်လိုက်တယ်

ဇယလ
၃၁ မေ၊ ဏာသိမ်း ‘၂၁