ကဗျာအကြောင်း ပြောပါတယ် (၅၄)

‘လွှမ်းမိုးမှုခံရမှာ’ နဲ့ ‘ဖောက်ထွက်ရမှာ’ ဆိုလား။

ရှောင်ပါ၊မကြည့်ပါနဲ့။ ပယ်ပါ၊မဖတ်ပါနဲ့။ ဘယ်သူ့ကဗျာဖတ်မိရင်သူ့လွှမ်းမိုးမှုခံသွားရမယ်ဆိုလား။ သူ့ကဗျာကြိုက်မိရင်လိုက်တုရေးမိမယ်ဆိုလား။ မိမိရဲ့ကိုယ်ပိုင်အသံ ကိုယ်ပိုင်ဟန် ပျောက်သွားလိမ့်မယ်ဆိုလား။ သူဟိုလိုရေးရင်ကိုယ်ဒီလိုဖောက်ထွက်ရမယ်ဆိုလား။ သူနဲ့မတူ ကွဲပြားခြားနားနိုင်သလောက်ရေးရမယ်ဆိုလား။

ရှောင်ပါ၊ကျဉ်ပါ၊ပယ်ပါ၊ကင်းပါ၊ကိစ္စမရှိပါဘူး။ ကိုယ့်ကဗျာဟာကဗျာဟုတ်မဟုတ်၊ ကိုယ့်ကဗျာဟာကဗျာဖြစ်မဖြစ်၊ ကိုယ့်ကဗျာဟာကဗျာကောင်းမကောင်း၊ ဘာနဲ့ယှဉ်ကြည့်မလဲ၊ ဘာနဲ့တိုင်းတာမလဲ၊
ဘာနဲ့ဘယ်လိုသက်သေပြမလဲ။

ဘာကနေဘာကိုဘာဖြစ်လို့ဘယ်လို’ဖောက်ထွက်’မလဲ။

ဘယ်ကဗျာဆရာမှသူ့ချည့်သက်သက်မရပ်တည်ဘူး။ ပဝေသဏီကတည်းကကဗျာယဉ်ကျေးမှုကြီးတစ်ခုလုံးရှိ
ပြီးကိုယ့်ရဲ့ဆန်းအောင်ပြုခြင်းသစ်အောင်ပြုခြင်းကို
အဲဒီယဉ်ကျေးမှုအစဉ်အလာကြီးတစ်ခုလုံးနဲ့တိုင်းရတာလို့ တီအက်စ်အဲလိယစ်တ်ပြောခဲ့ဘူးတယ် Tradition and Individual Talent essay မှာ (၁၉၂၀လောက်က)။
Continue reading

ရေချိုးခန်းနဲ့ ‘ငါ’ပြုလုပ်ချက်

မျက်နှာသစ် လက်ဆေးဇလုံဟာ
American Standard
မိတ်အင်တရုပ် ၃ခုဝယ် ၁ခုလက်ဆောင်ရ (အ)နက်ပြာရောင်လေး
‘ဦးခေါင်းနဲ့ပခုံး’
ရှမ္ပူး
‘အမျိုးသားများဆံပင်အတွက်သီးသန့်’
တစ်ယောက်ရဲ့’ငါ’ရဲ့ကိုယ်သင်းနံ့
အခြားတစ်ယောက်ရဲ့’ငါ’ရဲ့ချွေးနံ့
‘ငါ’ချင်းထပ်ပြီးတဲ့အခါ ငါးကန်ထဲကပိုက်နဲ့ဖမ်းလိုက်တဲ့
နေရောင်ထဲတလက်လက် ငါးစိမ်းနံ့
‘ဆွတ်ပျံ့ဘွယ်ထာဝရ’ ချစ်သူတို့အတွက်
အထူးအော်ဒီကလုံးဘော်ဒီရေမွှေး
အခုပင်တူနှစ်ကိုယ်ရနံ့တူစိုပြေသွားစေရေး
ဟော်တယ်မှန်ထဲ
လူမှု-စီးပွား-ဘာသာစကားတည်ဆောက်ချက်
သူ့မျက်နှာထဲဝါကျအထားအသိုများ
မမြင်စွာ သူ ဝင်ငေး
အရေပြားထဲနက်နက်နည်းနည်း
ယုံကြည်စွာ သူမ လိမ်းကျံ
ကိုးရီးယားပြန်မိတ်ဆွေပေးတဲ့
ဂျင်ဆင်းအမြစ်ကြိတ် အသားဖြူဆေး

ဇယလ
၂၇ စက် ‘၁၉

လိမ္မော်သီးရဲ့ အရောင်အစစ်အမှန်

လိမ္မော်သီးရဲ့အရောင်အစစ်အမှန်ဟာလည်း
အယူအဆတစ်ခု
အယူအဆတစ်ခုဟာလည်းရေမှုတ်တစ်ဘက်မီးတစ်ဘက်
ရေမှုတ်နဲ့မီးဟာလည်းမီဒီယာဝါယာကြိုးတွေ
ဝါယာကြိုးတွေဟာလည်းတစ်ထိုင်တည်းဖတ်မရတဲ့
ရွေ့လှုပ်အဆောက်အအုံ
အဆောက်အအုံဟာလည်းနေရင်းထိုင်ရင်းနေထိုင်မှုတွေ
ဟောင်းကုန်တာညောင်းကုန်တာသံချည်သံကွေး
သံချည်သံကွေးဟာလည်းအသက်နဲ့ချိတ်ထားတဲ့သွေးအိပ်
သွေးအိပ်ဟာလည်းတသမတ်မဟုတ်တဲ့ဇကောထဲကခေတ်
ပျက်ခေတ်ကျန်ခေတ်ဆန်ခေတ်စောတဲ့အရောအနှော
အရောအနှောဟာလည်းနေ့စဉ်နေထိုင်မှုရဲ့အတိအကျ
ပြောမရတဲ့လူမှု-ဘာသာဗေဒသဘာဝ
သဘာဝဟာလည်းဖင်နဲ့ဦးနှောက်ရောထွေးတတ်တဲ့ဖီးကြီးလုံးလိုဖီးကြမ်း
ဖီးကြမ်းဟာလည်းထိမ်းချုပ်မှုအရေပြား
အရေပြားဟာလည်းပြင်ပလောကစိမ့်ဝင်နေမြဲအပွင့်စနစ်
အပွင့်စနစ်ဟာလည်းဖတ်ချင်ရင်ဆက်ဖတ်၊မဖတ်ချင်လည်းရပ်လိုက်လို့ရတဲ့ခွင့်တောင်းစရာမလိုတဲ့အဓိပ္ပါယ်
အဓိပ္ပါယ်ဟာလည်းကိုယ့်မှာရှိနှင့်ပြီးသားဆိုရင်ကိုယ်ဟာအကြီးအကျယ်ချီးတစ်နေပြီဆိုတာအသေအချာ
အသေအချာဟာလည်းဘယ်တော့မှပြည့်စုံမှာမဟုတ်တဲ့ဦးနှောက်ထဲကမွေးရာပါမြေကြွက်တစ်ကောင်
ကြွက်တစ်ကောင်ဟာလည်း ‘ဝုန်းဒိုင်း’ ‘ပြီးပြီ’ ‘စုပ်လိုက်’ ‘ဘုရား’ ‘ငွေပို့’ ‘ဝိဥာဉ်’ ‘မေမေ’ ‘ကျေနပ်’ ‘လက်ပေး’ ‘စပ်ပတ်’ ‘ဘွဲ့ရ’ ‘တိုင်းပြည်’ ‘စစ်တပ်’ စသည်ဖြင့်
စသည်ဖြင့်ဟာလည်းအနီးစပ်ဆုံးချိတ်ဆက်ထားမှုကြားထဲကအသွင်စုံအက်ကြောင်း
အက်ကြောင်းဟာလည်းတစ်နေ့တခြားသတင်းစကားတွေမှာထင်ရှားလာနေတဲ့တိုင်းပြည်
တိုင်းပြည်ဟာလည်းဒုံးကျည်သွင်းတဲ့ငြိမ်းချမ်းလိုမှုဗဂျိုင်းနား
ဗဂျိုင်းနားဟာလည်းစုတ်လွယ်ပြဲလွယ်သွေးထွက်လွယ်တဲ့အယူဝါဒတစ်ခု
အယူဝါဒတစ်ခုဟာလည်းလိမ္မော်သီးတစ်လုံးဖြစ်ကောင်းမဖြစ်ရင်လိမ္မော်သီးရဲ့အရောင်စစ်စစ်ကိုစစ်ထဲရှာဖွေနေတာပဲဖြစ်တယ်

ဇယလ
၂၆ စက် ‘၁၉

လမ်း/တံတား

တံတားပေါ်အရှိန်နဲ့ကားအတက်
တံတားထိပ်ကခွေးတစ်အုပ်ဆင်းအလာ

ကားဟာတစ်ခုခုပေါ်တက် ကြိတ် အပြီး
လမ်းပေါ်တာယာခံပြန်ကျအသွား

အူသံဟာလမ်းတလျှောက်အလျား

တံတားဘေးဘုန်းကြီးကျောင်း
အမိုးပြားပေါ်ကဆင်းတုတော်
လမ်းမီးတွေအလင်းဟပ် ပြုံးလျက်သား

တံတားထိပ်ကခွေးတစ်အုပ်အဆင်း
ကားတစ်စင်းအရှိန်နဲ့တက်အလာ

ခွေးဟာတစ်ခုခုထိပြီး အိကနဲရိကနဲကျွိကနဲ
လမ်းနဲ့တစ်သားတည်းဖြစ်သွား

လမ်းဟာအူသံအလျှောက်ဟိုဘက်ထိအလျား

တံတားဘေးဘုန်းကြီးကျောင်း
အမိုးပြားပေါ်ကဆင်းတုတော်
လောကီမီးတွေအလင်းဟပ် ဓမ္မပြုံးလျက်သား

ခံစားမှုကိုကိုယ်ခံစား
ဘာသာစကားနဲ့ချွန်းအုပ်လိုက်ဖို့ကြိုးစား
လမ်းဟာဆွံ့အခြင်းပကတိတံတားအလျား

ဇယလ
၂၅ စက် ‘၁၉

ဟင့်အင်း

ဟင့်အင်း၊
ဘယ်နတ်ဒေဝတာကောင်းကောင်းဆိုဆိုးရဲ့
အမျက်မာန်ရှအောင်ကိုယ်ဘာမှမလုပ်ခဲ့ဘူး၊
ဟင့်အင်း၊
ကိုယ့်မှာရှိထားတဲ့ ခွင့်ပြုချက်ရ ခံစားမှုအင်အား
အတိုင်းအဆကိုလည်းကိုယ်ပိုမိုသုံးစွဲတာမရှိဘူး၊
မနေ့ကပဲကိုယ်ဟာလိမ္မာယဉ်ကျေးခဲ့သေးတယ်၊
ခုနကပဲအိမ်သာကိစ္စအပြီးဖင်ကိုရေဆေးခဲ့သေးတယ်၊
သာမန်ခံစားမှုတွေပါပဲ၊ဆာတတ်တာ၊နာတတ်သာ၊
ဝမ်းနည်းတတ်တာ၊ပျော်တတ်တာ၊မွေးကင်းစလေးတွေကိုအံ့ဩစိတ်နဲ့ကြည်နူးတတ်တာ၊ ရံဖန်ရံခါသေချင်စိတ် သတ်ချင်စိတ်ပေါက်တာ၊ဒေါသထွက်ရတာ၊နူးညံ့ရတာ
…………
Continue reading