ကဗျာဆိုင်ရာ အတွေးစမျာ #၃ – ကဗျာပုဒ်နဲ့ အာရုံစိုက်မှု

An effective poem must be able to catch the reader’s attention from beginning to end.

ထိရောက်တဲ့ကဗျာဟာ အစကနေအဆုံးအထိ ဖတ်သူရဲ့အာရုံကိုဆွဲထားနိုင်ရမယ်။ တစ်နည်းအားဖြင့် ဖတ်သူရဲ့အာရုံစိုက်မှုကို ဖမ်းထားနိုင်ရမယ်တဲ့။

ကိုအောင်ချိမ့်လည်းပြောဘူးပါတယ်၊ကဗျာပုဒ်ပေါ် ဖတ်သူဟာ စိတ်ဝင်စားနေရမယ်တဲ့။

ဟုတ်ပါပြီတဲ့၊ ဖတ်သူရဲ့ အာရုံစိုက်မှု attention ကို တောက်လျှောက်ရယူဖို့ သူ့စူးစမ်းသိရှိလိုမှု curiosity ကိုအရှိန်မပျက် နှိုးဆွနေဖို့လိုပါတယ်။ အကြောင်းအရာ (ကဗျာတစ်ပုဒ်မှာ အကြောင်းအရာတစ်ခုမက ပါနိုင်ပါတယ်၊ အထူးသဖြင့် အပေါ်ယံ ယုတ္တိချိတ်ဆက်မှုမဲ့ အကြောင်းအရာတွေပါရှိတတ်တဲ့ associative မျိုး/ဟန်)၊ တွဲစပ်ဖွဲ့နွဲ့ပုံ၊ စကားလုံး (မတူကွဲပြားနယ်ပယ်/များ)၊ ဆန်းပြားနိမိတ်ပုံ၊ အလှည့်အပြောင်း၊ အပိတ်။ ဒါတွေအားလုံးဟာ အာရုံဖမ်းနည်းတွေထဲမှာပါဝင်ကြပါတယ်။ (မိမိနှစ်သက်တဲ့ ဒီဘက်ပိုင်း ခေတ်ပြိုင်ကဗျာတွေနဲ့ စိစစ်ကြည့်လို့ရပါတယ်)။

အာရုံစိုက်တယ်ဆိုတာ အာရုံကိုမြှင့်ထားတာပါ။ အာရုံမြင့်နေသမျှ အာရုံစိုက်မှုဒီဂရီလည်းလိုက်မြင့်နေမှာပါ။ အာရုံကျရင် အာရုံစိုက်မှုလည်းကျသွားတတ်ပါတယ်။ သိပြီး ကြုံပြီး ရိုးအီဖန်တရာတေ ဆိုရင်တော့ အာရုံစိုက်မှုကိုမရရှိနိုင်ပါဘူး။ တစ်ဆက်တည်းအားဖြင့် စိတ်ဝင်စားမှုလည်းလျော့ကျသွားတတ်ပါတယ်။

အဲဒီမှာ အာရုံမြင့်ကဗျာ နဲ့ အာရုံလျော့ကဗျာ ဆိုပြီး ကွဲပြားမယ်ထင်ပါတယ်။ စိတ်ဝင်စားအောင် အာရုံစွဲဆောင်မှုမှမပေးနိုင်တာ။ ဖတ်ပြီး ‘သြော်..အင်း..အေး..အေး..’ပေါ့။
စွဲဆောင်မှုမရှိလို့ စိတ်မဝင်စား၊ စိတ်မဝင်စားတော့ အာရုံစိုက်မှုမရှိ။

တစ်ခုရှိတာက အာရုံပမ်းမှု။ အာရုံစိုက်ရတာများလာတော့ ပင်ပမ်းလာတာ။ အာရုံပမ်းလာတာ။ ဆက်မဖတ်ချင်တော့ဘူး။ ခဏဖြစ်ဖြစ်ချထားလိုက်ရတာ။

အဲဒီနေရာမှာ အာရုံလျော့မှုဟာ အကျိုးရှိလာတယ်။ အာရုံကိုဖြေလျှော့ပေးမှု။ ဟဲဗီးတွေတင်လာပြီး အာရုံမညောင်းခင် မပမ်းခင်မှာ ပေါ့ပေါ့ပါးပါးတစ်ကြောင်းနဲ့ ဖြေလျှော့ပေးလိုက်တာ။
ဟဲဗီး(အာရုံမြင့်) နဲ့ ပေါ့ပေါ့ပါးပါး(အာရုံလျှော့/လျော့) အော်လ်တာနေ့တ် လုပ်ရတာ။

အဲသလိုကဗျာမျိုးတွေဟာ ကျနော့်အတွက် ပိုအရသာရှိတယ်လို့ ကိုယ့်ကိုကိုယ် ထင်မိပါတယ်။ ကဗျာပုဒ်တစ်ပုဒ်ထဲမှာ heavy နဲ့ light ကိုကစားသွားတာ။

ကျနော့် ပုဂ္ဂလိကခံစားမှုပါပဲလို့ ထင်မိရင်လည်း မမှားပါ။

ဇယလ
၇ ဇွန်၊’၂၁

ကဗျာဆိုင်ရာအတွေးစများ – ၂။ ဖတ်သူရဲ့အစွဲအလန်း

ကဗျာဖြစ်ခြင်း/မဖြစ်ခြင်း၊ ကြိုက်ခြင်း/မကြိုက်ခြင်း ဟာ ဖတ်သူရဲ့ ကဗျာတွေ့ကြုံခံစားမှုအနုအရင့်နဲ့ဆိုင်သလို ဖတ်သူရဲ့ အစွဲအလမ်းတွေနဲ့လည်း ဆိုင်တတ်ပါတယ်။

ကလောင်နာမည်မဖော်ပြထားတဲ့ အရေးအသားတစ်ခုကို ကဗျာဖြစ်/မဖြစ်ဆုံးဖြတ်တဲ့အခါ ကဗျာမဟုတ်ဘူး/မဖြစ်ဘူး လို့ သတ်မှတ်လိုက်ပြီးမှ ကလောင်နာမည်ဟာ ထင်ပေါ်ကြော်ကြားလေးစားရတဲ့ ကဗျာဆရာဖြစ်နေရင် ဆုံးဖြတ်သုံးသပ်ချက်ကို ပြန်ပြင်တတ်ကြပါတယ်။

ကဗျာတစ်ပုဒ်ကို ကြိုက်ခြင်း/မကြိုက်ခြင်းကိစ္စမှာလည်း ထို့အတူပါပဲ။ ပုဂ္ဂိုလ်မင်လို့ ကဗျာခင်တာလည်း ဖြစ်နိုင်၊ဖြစ်တတ်ပါတယ်။ ပြောင်းပြန်လည်း ဖြစ်နိုင်/ဖြစ်တတ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရဖြစ်ဖြစ်၊ အခြားအကြောင်းတရပ်ရပ်ကြောင့်ဖြစ်ဖြစ်၊ ကိုယ်မကြိုက်တဲ့သူရဲ့ကဗျာကို ကောင်းနေရင်တောင် မကြိုက်ချင်ကြပါဘူး။

ကဗျာပုဒ်နဲ့ပတ်သက်လို့ ဆုးဖြတ်သုံးသပ်ရာမှာ ဖတ်သူရဲ့ ကဗျာနဲ့ရင်းနှီးမှုအဆင့်နဲ့ ကဗျာဆရာနဲ့ရင်းနှီးမှုအဆင့်တို့ အများကြီး အရောင်ဆိုးမှုသက်ရောက်တတ်ပါတယ်။

ဒါကို socio-cognitive effect on judging poems သုတေသနစာတမ်းတစ်ခုမှာ ဖတ်လိုက်ရလို့ ဖောက်သည်ချလိုက်ပါတယ်။ ‘ဟင်၊ဒါကဗျာလား’ ကနေ ‘ဟာ၊ဒီကဗျာလေးကောင်းလိုက်တာ’ မှာ ဖတ်သူရဲ့အစွဲအလမ်းလည်း ပါဝင်ပတ်သက်တတ်ပါကြောင်း။ ။

ဇယလ
၆ ဇွန်၊’၂၁

Poeticity #2

ကဗျာဓာတ်ဆိုတာ ရှိပြီးသားတစ်ခုကို နောက်ထပ်ပုံစံခွက်တစ်ခုထဲ ထည့်ပြတာမဟုတ်သလို ပုံစံခွက်တစ်ခုထဲက ထုတ်ပြတာလည်းမဟုတ်ဘူး။ ကဗျာဓာတ်ဟာ အမြဲ အရှင်သဘောပဲဖြစ်တယ်။ ကဗျာဆရာရဲ့ ဖန်တီးမှုဖြစ်စဉ်ထဲမှာ ဘာသာစကား/အာရုံ/အတွေး/နက်ရှိုင်းအနက်တို့ရဲ့ ထိတွေ့လှုပ်ခတ်မှုထဲက ပေါ်လာတာဖြစ်တယ်။ ကဗျာဆရာရဲ့ ဒီဖန်တီးမှုဖြစ်စဉ်ပေါ် အကင်းပါးနေဖို့အရမ်းလိုအပ်ပါတယ်။ ဆင်ခြင်ယုတ္တိလွှမ်းမိုးသိစိတ်လုပ်ငန်းကို ပါဝါတော်တော်လျှော့ချထားပြီး မသိစိတ်ရဲ့ အ,ဆင်ခြင်ယုတ္တိဝင်ရောက်လာဖို့ ဖွင့်ထားပေးရတာဖြစ်တယ်။ သိစိတ်အပိုင်းနဲ့ မသိစိတ်အပိုင်းတို့ရဲ့ ဝိရောဓိတင်းအားဟာ အရေးကြီးတယ်။ တစ်ဘက်ဘက် ဘက်ကဲသွားရင် ကဗျာဓာတ်ဟာ လျော့သွားတတ်တယ်။ သိစိတ်လုပ်ငန်းရဲ့ကဗျာဟာ ကဗျာဓာတ် အားနည်းတယ်။ အီကွေးရှင်းချသလိုပဲ။ x = y (or) pqr စသည်ဖြင့်။ ကဗျာပါးမဝသူတို့ရဲ့အချိုးမျိုး။ ကဗျာဓာတ်နည်းပါးရခြင်းအကြောင်း။ မသိစိတ်ဘက်သွားလွန်းရင်လည်း (ဝါ) အထိမ်းအချုပ် အထားအသို တစ်ခုခုမရှိပြန်ရင်လည်း ပျံတာထက် လွင့်တာ ဖြစ်သွားတတ်တယ်။ ဒီကိစ္စကို ဒီးန် ယန်းဂ်၊ ချားလ်စ် ဆီးမစ်ခ်ျတိုအပါအဝင်လည်း ပြောခဲ့ဘူးကြတယ်။ ဆီးမစ်ခ်ျပြောခဲ့တာရှိတယ်၊ cheat on the unconscious တဲ့။ မသိစိတ်ကို သစ္စာဖောက်ရတဲ့သဘော။ မသိစိတ်ကလာတာကို အချောသပ်မဟုတ်ပဲ ကုန်ကြမ်းအဖြစ်သာယူတာ။ ဒါဟာလည်း ကဗျာဆရာရဲ့ ဝါနဲ့သမ္ဘာကိစ္စမကင်းဘူးပေါ့။

နောက်တစ်ချက်က ဆင်ခြင်ယုတ္တိကဲတဲ့ဘက်က x အတွက် အီကွေးရှင်းရှာတယ်။ x ကို ဘယ်လိုလှည့်ပြောရမလဲပေါ့။ အီကွေးရှင်းလည်းမပျက်စေရဘူးပေါ့။ ဒါပေမယ့် အ,ဆင်ခြင်မှုကဲတဲ့ဘက်ကဆို အီကွေးရှင်းကို ကစားတာဖြစ်တယ်။ ဒီးန် ယန်းဂ်ရဲ့ စကားနဲ့ဆို 2+2= 5 ဖြစ်နိုင်သလို 2+2=apple လည်းဖြစ်နိုင်တယ်။ ကဗျာဓာတ်ဟာ အဲသလို အ,ဆင်ခြင်မှု အီကွေးရှင်းကဖြစ်ပေါ်တာများတယ်လို့ ပြောကြဆိုကြတာတွေရှိပါတယ်။

ဆင်ခြင်ယုတ္တိနဲ့ အ,ဆင်ခြင်ယုတ္တိတို့ထိတွေ့တိုင်း tension ဖြစ်တယ်။ ဝိရောဓိသဘော။ အဲဒါကို ဘယ်လို balance ချိန်မလဲဟာ ကဗျာဆရာတစ်ယောက်စီနဲ့ဆိုင်သလို ပကတိဖန်တီးမှုဖြစ်စဉ်အတွင်း ဘာသာစကားရဲ့လျှပ်စည်းဓာတ်များ ဖြစ်ပေါ်မှုနဲ့လည်းဆိုင်နေပြန်ပါတယ်။

ကဗျာဓာတ် အကြောင်းပြောရင် မသိစိတ်ရဲ့ အ,ဆင်ခြင်မှုရဲ့ လုပ်ငန်းနဲ့ အစွမ်းသတ္တိတွေကို ဥပေက္ခာပြုလို့မရကြောင်းပါ။ poem အဆင့်ပဲရှိတဲ့ကဗျာနဲ့ poetry အဆင့်ရှိတဲ့ကဗျာတို့ကို ကိုယ်တိုင်ယှဉ်ကြည့်ရင် သိသာပါတယ်။

အလွယ်ဆုံးဥပမာဟာ ဆရာမောင်သစ်တည်ရဲ့ ‘တောင်တွင်းရထား’ နဲ့ မောင်ချောနွယ်ရဲ့ ‘ရထား’ တို့ဖြစ်ပါတယ်။ ဆင်ခြင်ယုတ္တိရဲ့ သရုပ်မှန် အီကွေးရှင်း နဲ့ ပဋိသရုပ်မှန် အ,ဆင်ခြင်မှု အီကွေးရှင်းတို့ကိုလည်း မြင်နိုင်မှာဖြစ်ပါတယ်။

ဇယလ

Poeticity #1

အင်္ဂလိပ်လို Poeticity ပိုအက်တစ်စစ်တီ လို့ရေးတာတွေရှိတယ်။ ကဗျာပုဒ်ရဲ့ ကဗျာဓာတ် လို့ခေါ်ရမလားပဲ။ Poetry က ကဗျာအနုပညာကို ခေါ်တာဖြစ်သလို ‘ကဗျာ/ကဗျာဓာတ်’ ကိုခေါ်တာလည်း ဖြစ်တယ်။ Poem ကတော့ ကဗျာပုဒ်ပေါ့။ စက္ကူပေါ်ချရေး၊ ပုံနှိပ်၊ စကရင်ပေါ်ရေးတင်လို့ မြင်ရတဲ့ အရေးအသားတစ်ခု။ ရွတ်ပြလို့ ကြားရတာလည်း ဖြစ်တယ်။

Poetry နဲ့ poem ခွဲပြောရတာက poem တိုင်းဟာ poetry မဖြစ်တာတွေ ရှိတယ်။ ကဗျာပုံစံနဲ့ ရေးထားတဲ့ ကဗျာပုဒ်တိုင်းဟာ ကဗျာမဖြစ်သလိုပေါ့။ ဒါမှမဟုတ် ကဗျာဖြစ်ခြင်း ဒီဂရီ အနည်းအများ ကွာခြားမှုရှိသလိုပေါ့။ ဘာကြောင့်လည်းဆို poeticity ပါဝင်မှု ကွာခြားလို့ပေါ့။

အဲဒါကြောင့် ‘ကဗျာဓာတ်’ (ဝါ) ‘ကဗျာမြောက်မှုအရည်အသွေး’ အကြောင်းပြောလာကြတာဖြစ်ပါတယ်။ ကဗျာမြောက်တဲ့ကဗျာပုဒ်နဲ့ ကဗျာမမြောက်တဲ့ကဗျာပုဒ်ရဲ့
ကွာခြားမှုဟာ ဒီ ‘ကဗျာဓာတ်’ ကိစ္စနဲ့တိုက်ရိုက်ပတ်သက်လို့နေပါတယ်။

အဲဒါကို စိတ်ဝင်စားပြီး စူးစမ်းရှာဖွေ ဖတ်ရှုစဉ်းစား သုံးသပ်တာတွေကို အခါအားလျော်စွာပြုလုပ်ခဲ့ပါတယ်။ ‘ကဗျာဓာတ်’ ခေါင်းစဉ်နဲ့ စာတမ်းတစ်စောင်လည်း World Philosophy Day တစ်ခုမှာ ဖတ်ကြားခဲ့ဖူးပါတယ်။

ဇယလ

ကဗျာအကြောင်း ပြောပါတယ် (၇၄)

အခုကာလ လိုင်းတင်ကဗျာ (ဘာသာပြန်မပါ)တို့ကို အောက်ပါအတိုင်း လေ့လာကြည့်ရှု ချဉ်းကပ်မိပါတယ်။ စိတ်ဝင်စားသူတွေရှိပြီး ထပ်မံတွေ့ရှိရင်လည်း ထပ်မံဖြည့်စွက်ကြပါကုန်။ တစ်ချိန်ချိန်မှာ စာတမ်းတစ်စောင် ရေးလိုရေးငြားအတွက် အောက်ခြေမှတ်စု ဖြစ်လိုဖြစ်ငြားပေါ့။

၁။ ကဗျာ(ရေးသူ)ပုဒ်ရဲ့ မူလဦးတည်ရည်ရွယ်ချက်
၂။ ကဗျာပုဒ်ပါ အကြောင်းအရာ(များ)
၃။ ကဗျာပုဒ်ရဲ့ ဖွဲ့စည်းမှုရက်ထည်
၎။ အနက်ဖလှယ်ရရှိမှု (တိုက်ရိုက်/သွယ်ဝိုက်)
၅။ သတင်းအချက်အလက်/ ‘ကဗျာ’ အရည်အသွေး အချိုးအစား
၆။ ‘အရွတ်’ကဗျာ/ ‘အဖတ်’ကဗျာ
၇။ ဦးစားပေးမှု — ခံစားမှု/ အတွေး/ အရော
၈။ ကဗျာပုဒ်ထဲ ‘ငါ’ ဗဟိုပြုခြင်း/ မပြုခြင်း
၉။ ကဗျာပုဒ်ထဲက ‘ငါ’ ဟာ ကဗျာရေးသူကိုယ်တိုင် ဖြစ်/ မဖြစ်

အကြမ်းသဘောပဲ ပြောတာဖြစ်ပါတယ်။ အသုံးအနှုန်းကအစ ရှင်းလင်းဖို့ လိုပါတယ်။

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။ ။

ဇယလ
၁၂ မေ၊ ဏာသိမ်း ‘၂၁