ဆုတောင်း

နှစ်ဆန်းတစ်ရက်အချင်းထဲမှာ
ပိတောက်သွေးဝါဝါတို့သင်းတယ်လေ

မွေးကင်းစနှစ်ဦးလက်နုလေးထဲမှာ
ကမ္ဘာကြီးရဲ့စကြာနိမိတ်သံခိတ်အနက်

မျက်လုံးတွေဟာသေရွာတောကသစ်သီးတွေ
ရွှမ်းတဲ့စစ်မီးတွေရေနဲ့လွှမ်း

စိတ်ရဲ့ပွင့်တံချမ်းမြေ့လန်းပါစေ

နတ်ဆိုးကမ်းတဲ့လက်ထဲ
မေတ္တာရည်ခုန်ပေါက်တောက်ပနေပါစေ။ ။

(April 17, 2017)

Q 14 နဲ့ မရတော့ဘူး

လက်ခုပ်တီး ရွှဲစိုအောင်လောင်းလိုက်တော့ အိမ်ဖော်မလေးရဲ့နောက်ဆုံးသတင်း စားကြပါဦး ရှေ့တန်း ‘ဖျားသွားမယ်’ အသက်သွေးချွေးစဉ်မနှေး
လူ၅ဦးနှင့်အထက် ဝရုန်းသုန်းကားဖြစ်မနေတာ
စွန့်လွှတ်အနစ်နာခံ ထပ်တိုးအတည်ပြု နင့်မှာဘဲရှိလား
အပြင်မထွက်ရတော့ တရားထိုင်လို့လည်းမရ MOHS
အတွဲပုံတွေ့ရင်အော်တိုdeleteပဲ သံသယလူနာ
ပြန်လွှတ်လို့ပွဲတွေကြမ်း ကိုယ်ချင်းစာစိတ်လေးထား
tik tok ဆော့ပြမှချစ်မှာလား ဆေးဝါးလေ့လာစမ်းသပ်မှု ၂၉၁ အပေါ်ယံကြည့်ပြီးမဝေဖန်ပါနဲ့ ဂုဏ်တော်
ကွန်ချာ ယနေ့ထိရောဂါပိုးကူးစက်သူစုစုပေါင်း
ကျပန်းလုပ်သားတွေ ကျူးသမားတွေ နှလုံးလှပိုင်ရှင်များ
မဖတ်တတ်တာကိုဘယ်လိုနှလုံးသွင်းရမှာလဲ လန်းလား
ဘုရားရှိခိုးလို့လည်းမရ အတည်ပြု တောင့်ခံ
ကြီးပြင်းလာတဲ့အဆင့်ချင်းမတူဘူး အတက်နေ့
သားဖြစ်သူထံမှပြီးအခြား၄၉ဦး အရာဝတ္ထုမျက်နှာပြင်များပေါ်ဘယ်လောက်ထိ အသက်ရှင်နိုင် ဝေဘာဂီ
in a relationship ကျန်းမာရေးဝန်ထမ်းများ ကွကိုယ်အရင်ကယ်ဦး Save Arakan မသိဘူး ယွမယ် မိုးရေ၊မရွာဘူးလား
၅မိနစ်အတွင်းသင့်ဆားဝက်ခြံကိုဖယ်ရှားနည်း ထပ်တိုး
ပေါ့စတစ်လူနာသွားခဲ့တဲ့နေရာတွေ အခုဝိတ်ချနေတယ်
အသည်းအသည်းအသည်း ပိုးတွေ့ရှိ(တွေ့ရှိ)
အိမ်မှာနေရင်းလေ့ကျင့်ခန်း (အပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါ) အေး အေး နင့်ကိုငါလာဝိုက်ပြီလို့သာမှတ်
ကျန်းမာရေးဂရုစိုက်
ပင်လယ်ကြီးဆီတူတူသွားကြဦးမှာနော်

၁၇ ဧပြီ ၂၀၂၀
(fb မှ ကောက်ရစာသားများအတွက်ကျေးဇူးတင်ပါသည်)

ကူးပြောင်းခြင်း

အိပ်မက်ကိုပြန်ချိတ်ဆက်ရသလိုပဲ
အိပ်ခြင်းနဲ့နိုးခြင်းကြားမှာ
အိပ်သွားပြီးအခြားဘုံတစ်ခုခုမှာ
အသစ်စက်စက်နိုးထလို့ လူဖြစ်ဖြစ်
တိရိစ္ဆာန်ဖြစ်ဖြစ် ခေါင်းပေါ်က
သစ်ရွက်တွေကြား နေပြောက်ကလေးပြေး
နေပြောက်ကလေးပြေးနေခဲ့သလိုပဲ
စူးစူးဝါးဝါးအမှတ်ရ စူးစူးဝါးဝါးပဲလွှတ်ချ

ဇယလ
၅း၁၅
၁၂ ဧပြီ ၂၀၂၀

ဒီညနေလည်း ပန်းပင်တွေ ရေလောင်းတယ်

ဒီညနေလည်း ပန်းပင်တွေ ရေလောင်းတယ်

သတိထားမိတာက သစ်ရွက်တွေကအစ
အကိုင်းအခက်တွေကပါ
ပိုပြုံးပြလာတတ်ကြတယ်

ဒါဟာရောမန္တိကအယူအဆနဲ့အရာရာမှာ
မသိရတဲ့သက်ရှိအရာတွေရှိတယ်ဆိုတာမျိုး

ဟုတ်ပါလိမ့်မယ် မဟုတ်ပါလိမ့်မယ်

ရေလောင်းပေးနေရတာကိုပဲအသက်ရှင်မှုတစ်ခု

ဇီဝ

ဘာလေမှမတိုက်ပဲ
ကွယ်လွန်သူစိုက်ခဲ့တဲ့စက္ကူပန်းလေးဟာ
တပြုံးပြုံးနဲ့လှုပ်ခါယိမ်းကလို့နေတယ်။

ဇယလ
၃ ဇပြီ ၂၀၂၀

ဝါကျဖွဲ့ထုံး

သူမသည် စားပွဲတစ်လုံးသို့သွား​သည်
သူမ စားပွဲဆီသွား
သူမ စားပွဲတစ်လုံးဆီသို့သွားနေသည်
သူမ အခု စားပွဲဆီ
ဘာများထူးခြားသွားမှာလဲ
ဘာများကွဲပြား
သဘာဝလောကကြိးမှာဘာများ
ပြီးပြည့်စုံသတဲ့လဲ
ဘယ်ဝါကျကများ
ပြီးပြည့်စုံတဲ့အတွေးလဲ
ဘာသာစကားဟာ မိန်းမတစ်ယောက်လိုပဲ
အကြည့်ရကောင်းဆုံးအချိန်ဟာ
လွတ်လပ်စွာရှိနေတဲ့အချိန်
ပကတိဝတ်လစ်စလစ်

တရုတ်ကဗျာဆရာမ Wang Ping ရဲ့
Syntax ကဗျာမြန်မာပြန်
(ရေးလက်စ ‘တတိယမျိုးဆက်တရုပ်ကဗျာ’ မှ)