အက်(ဒ်)ဆင်န်ကိုဖြတ်၍ မောင်ဒေးကိုသတိရခြင်း ပုံတူ

ရပ်ဆဲလ် အက်(ဒ်)ဆင်န်ရဲ့ စကားပြေကဗျာတစ်ပုဒ်မှာ မြင်းထီးတစ်ကောင်ဟာ မြင်းမတစ်ကောင်ပေါ် ကုန်းနှီးတပ်ပြီး မှောင်မိုက်တဲ့တောအုပ်တစ်ခုထဲ စီးနင်းသွားတော့တယ်။ ဘာမှတ်ချက်မှမပေးတဲ့ကောင်းကင်ဟာ ဥပဒေနဲ့အညီ သူ့ဝှေးစေ့ကို တဗျစ်ဗျစ် ကုတ်ခြစ်လို့နေတယ်။

အက်ဘ်ဆာ့ဒ်။ ရှိရင်းစွဲအနေအထားနဲ့ ဖြစ်လိုခြင်းအနေအထားကြား သစ်ကိုင်းလွတ်။ မတန်တဲ့ယုတ္တိကို မတန်တဆပေးယူရရှိတဲ့ ယုတ္တိမဲ့ယုတ္တိ။ ရုပ်သံမှာ ကိုယ့်ရုပ်နဲ့ကိုယ့်နာမည်ပါလာတော့ ကိုယ်ဟာ ‘ဝေးပြီ၊ ဝေးပြီ၊ အချစ်ရေ’။

‘ကုဗ္ဘီး’ ဟာ လူသေအတွက်တည်ခင်းတဲ့အစားအစာ။ ‘ကမ္ပလွေ’ (ဂဘလွေ လို့ အသံထွက်) ဟာ ပေပရပိုဒ်တွေကိုပတ်ထားတဲ့ပိတ်စ။ ပတ်သက်မှုကတော့ လေယာဉ်ပျံဟာ လေဆိပ်မဆင်းခင် လေထဲဝဲပျံလို့နေတယ်။ ပြတင်းမှန်မှာ သင့်မျက်နှာကပ်ပြီး အောက်ကိုငုံ့ကြည့်လို့နေတာ။

အက်(ဒ်)ဆင်န်ရဲ့ ‘ဒဏ်ရာရ မနက်စာ’ ကိုစားသောက်ကြရတယ်။ “…. အစရှိတဲ့သတင်းများ ဖြစ်ပါတယ်ရှင်”ဟာ တမင်ထည့်ချက်ထားတဲ့ ကျောက်စလစ်တွေ။ ဒါဒို့ပြည်၊ ဒါဒို့မြေတွေ။

အမျိုးသမီးရင်သားတစ်ဘက်ဟာ ယောင်္ကျားတစ်ယောက် (အက်(ဒ်)ဆင်န်)ရဲ့ အိပ်ခန်းထဲဝင်လာပြီး သူမရဲ့ အမွှာညီမအကြောင်း တစ်ညလုံးပြောနေတော့တယ်။ ‘လူမှုစနစ်များ ဖွံ့ ဖြိုးတိုးတက်…မိမိတို့နိုင်ငံအပါအဝင်…ရှေ့ရှုဆောင်ရွက်…’။ သိသိသာသာလျော့နည်းလာတဲ့ နာမ်သယံဇာတ။ ကမ်းရိုးတန်းကို မိတ်လိုက်မှုပုံစံတို့ အန္တရာယ်ပြုလာခြင်း။

အမှောင်ထဲမှာ မောင်ဒေးဟာ အမှောင်စတွေကို ဆွဲယူပြီး သူ့ကို အလင်းထဲမြင်စေဖို့ နတ်ဝတ်ထည်ကို ချုပ်လုပ်လို့နေတယ်။ အမှန်တရားဖူလုံရေးရဲ့ အမြဲတန်းအတွင်းဝန်။ လက်ရှိပစ္စုပ္ပန်မှာ မြေပြင်ကို ဖွင့်ဖောက်စစ်ဆေးမှုများပြုလုပ်နေကြတယ်။ ‘အရိုးမတွန်ခင် မိုးလင်းမယ်’တဲ့။ ‘(မောင်ဒေး) ကဗျာသစ်များနှင့် လက်ရွေးစဉ်ကဗျာများ’၊ ၂၀၁၈၊ ‘ Black Swan’။ ‘နှိပ်စက်ညှဉ်းပမ်းခံရတဲ့ ကြေးမုံပြင်’ (အက်(ဒ်)ဆင်န်)။ ။

ဇယလ
၉ ဂျွန်၊ဏာသိမ်း’၂၁

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>