မိမိထံမိမိပြန်မရောက်လာနိုင်သေးခြင်းရဲ့ ပုံတူ

Image: uy.usembassy.gov
Tianenmen Square (1989)

ဘဏ်ပြိုမှာ ကြောက်သူတွေရှေ့ သူဟာ ဘင်ဂျိုလေး
တီးလို့ ‘ငါ့မှာမရှိဘူးဟေ့ ငါ့မှာမရှိဘူး’လို့ ပြောရင်း
ဘာဂျာလေးမှုတ်လို့ အရပ်ဝတ်တွေ ရောက်လာကြရင်
သူလည်း ပြေးရတာပါပဲ သူ့ရဲ့ ယူကလီးလီးအရွယ်
ခန္ဓာကိုယ်လေးနဲ့

မဖြစ်နိုင်တာတစ်ခုကို အလုပ်၂ခု လုပ်ခိုင်းတယ်
သူဟာ တောထဲ သင်တန်းသွားတက်လိုက် မြို့တက်ပြီး
ရည်းစားဆီ ဟိုတယ်ခေါ်သွားလိုက် တွေ့ကြုံမှု
အသစ်စက်စက်တွေ ဆက်ဆက်ရရှိစေရမည် အဲသလို
တန်ပြန်လား ငါဘာတွေ ကြားနေမိပါလိမ့်

သမိုင်းရဲ့ အခိုက်အတန့်တစ်ခုထဲမှာ သရက်သီးနုနုဖန်ဖန်နဲ့ပဲ
ဖြစ်သလို စားလိုက်ရသလို တစ်နေရာရာမှာတော့
ဝင်းမှည့်လို့မွှေးနေပြီ တိမ်တွေပေါ်က တောင်ပေါ်မြို့
ကလေးရဲ့ လေလွင့်ဆံပင်တွေလို မီးခိုးလုံးတွေ
လမ်းလယ်ခေါင်မှာပဲ အမျိုးသမီးတစ်ယောက်ကို မုဒိမ်းပွဲ
ဆင်နွှဲလိုက်သတဲ့ ရွပ်ရွပ်ချွံချွံပါပဲလေ သာကီမျိုးနွယ်တွေ
မင်းတပ်ပြိုမှ တပ်မင်းအလို ပြည့်ရစေလား ကက်ကိန်း
သင်နဲ့မတွေ့ခင် မိမိဟာလည်း မပျယ်လွင့်သေးတဲ့ မီးခိုးမျှင်လေးပေါ့

မဖြူမမည်း မီးခိုးရောင်ဒေသမှာ ငါတို့ဟာ မဖြူမမည်း
မီးခိုးရောင်တွေပါပဲ မီးခိုးရောင်ဒေသမှာ ငါတို့ဟာ
မဖြူမမည်း မီးခိုးတွေပါပဲ

ကဗျာဆန်ဖို့ဆိုတာ သည်းကြီးမည်းကြီး မိုးမည်းကြီးထဲ
ကြယ်တံခွန်ဖြတ်သန်းသွားဖို့ လိုတယ်လို့ ဖတ်ရ
ပုံမှန်အမျိုးသမီးရဲ့ အရွယ်အစားမတူ ရင်သားလွတ်တွေနဲ့

လောလောဆယ်တော့ လူတွေ လောလောလတ်လတ်ပဲ
လတ်လတ်ဆတ်ဆတ်ပဲ သွေးနွေးသတ္တဝါတွေဖြစ်ကြတဲ့အတိုင်း
နေကြတယ် သေကြတယ်

တေးသွားတစ်ပုဒ်ဟာ မိခင်ပျောက် ကလေးငယ်တစ်ယောက်လို
ခိုနေတဲ့ကျင်းထဲ တအီအီ တရှိုက်ရှိုက်သာ
ငိုနေတော့တယ်

စက်ထဲကငွေထုတ်ဖို့ တန်းစီနေကြသူတွေထဲမှာ နားကြပ်နဲ့
သီချင်းနားထောင်သူတွေ ရှိကြတယ် ဆင်ဖိုနီကြီးတစ်ခု
ဝုန်းဒိုင်းနေချိန်မှာ

သူ့ဖုံးနံပါတ် သူမမှတ်မိလို့ စိမ်းနေတဲ့နာမည်ကို သူလှမ်းမေးလိုက်တယ်
မက်ဆင်ဂျာထဲမှာ သူ့ကိုသိတာ တစ်ယောက်မှမရှိ

ကံကြမ္မာအံစာတစ်လှိမ့်မှာ မြန်မာမှာ လူလာဖြစ်ရတယ်လို့ကွယ်

တင့်ကားနဲ့ ပတ်သက်လို့ ဓာတ်ပုံနှစ်ပုံရှိတယ်
အစ္စရေးတင့်ကားကို ခဲနဲ့ပေါက်နေတဲ့ ပါလက်စတိုင်း
ချာတိတ်လေးနဲ့ လက်နှစ်ဘက် ကြွပ်ကြွပ်အိတ်တွေနဲ့
မိသားစုအတွက် ဈေးဝယ်ကအပြန် တရုပ်တင့်ကားရှေ့မှာ
မတ်တတ်ရပ်အာခံသူ တီယင်န်အန်မင်းမှာပေါ့
အဆုံးသတ်ကတော့ သိပြီးသား ဖြစ်မှာပါ ဖက်ဆစ်ကမ္ဘာကြီးရဲ့
ပုရွက်ဆိတ် သူရဲကောင်းမျိုး လူသားလေးတွေ

သံပြိုင်တေးတစ်ပုဒ်ဟာ ချုပ်တည်းမရတဲ့ ဘဝတွေပဲ
ပင်လယ်ပြင်ကို ရှေ့ထားပြီး ဂရဲန်ပီယာနိုကြီးကို
ခန့်ခန့်ငြားငြား တိးချင်ကြတာပဲပေါ့ကွာ

လောလောဆယ်တော့ တောစပ်က ပုလွေသံသဲ့သဲ့မှာ
ချောင်းရေလို ငါတို့ခုန်ဆင်း စီးဆင်းလိုက်ကြတာပဲပေါ့
ဘေ့စ်ဂစ်တာကြိုးရဲ့ မေ့စရာအကြောင်းမရှိတဲ့
ရင်ဖိုသံကြီးနဲ့

ဇယလ
၁၆ မေ၊ ဏာသိမ်း ‘၂၁

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>