အဆင်ပြေခြင်းရဲ့ ပုံတူ

အဆင်ပြေသလားလို့မေးရင် ပုံမှန်အဖြေဟာ
ဟုတ်ကဲ့ အဆင်ပြေပါတယ် ဆိုသလိုပေါ့
နေရင်းထိုင်ရင်း အိမ်ထဲမှာ လူတစ်ယောက်စာ
ကွက်လပ်ကြီးတစ်ခုပေါ်လာသလိုမျိုး
အရှေ့နဲ့အနောက် ညှပ်ပိတ်ပြီး ဖြိုခွဲလို့
အနီးဆုံးရွာဆီ အလည်သွားကြရတဲ့ မြို့သူတွေလို
အလောင်းရောင်းဝယ်ရေးမှာ
ဈေးဖြတ်ပေးသူရဲ့ စေတနာလိုမျိုးပေါ့
ပြေပါတယ်လေ မပြေစရာဘာရှိလဲ
သေစရာရှိလဲ ရှိတာနဲ့ပဲ အဆင်ပြေစွာ
သေရွာကို တစ်ဦးကစ စုပေါင်းတည်ကြသလိုလေ
ပြေပါတယ် မပြေတာတွေကို ထုတ်ပြောဖို့လည်း
ပုံမှန်အဖြေဟာ ပြေပါတယ်ပဲပေါ့ မဟုတ်လား
မနက်ဖန်မှာ ဘယ်နေရာမှာ ဘယ်နှစ်ယောက်
လူစင်စစ်ကနေ တောရိုင်းပန်းတွေ လေလှိုင်းထဲက
စွမ်းအင်တွေ DNA ပြနေဆဲဆဲလ်တွေ အဖြစ်
ပုံမှန်သဘာဝဖွံ့ဖြိုးမှုဖြစ်စဉ်ကို လွန်ဆန်သွားကြမလဲ
ဆူပါဟီးရိုးတွေ မရှိတော့ပဲ ဆူပါဗီလိန်တွေသာ
များပြားကြီထွားလာကြတာလို့
ရယ်စရာမဟုတ်တဲ့ စကားနဲ့ ခါးသက်ပေါ့ပါးလိုက်ရတာ
တင့်ကားကို မရပ်တန့်နိုင်စေပေမယ့်
ကဗျာကိုတော့ ဆက်ရေးရမယ် သူငယ်ချင်းရာ လို့ပြောပြီး
မဆုံးခင် ဟီးကနဲ ချုံးမွဲချ ငါ့ရင်ထဲ နာကျင်မှုတွေပဲ
နာကျင်မှုဆိုတာ ဖြန့်ဝေစရာမှ မဟုတ်တာ
နာကျင်မှုဆိုတာ သတ်ပစ်ရမယ့်အရာပဲ လို့ပြောရင်းငိုလို့
အကြောက်တရားအသစ် တစ်ရစ်ထပ်တိုးလည်း
အဆိုးဆုံးဆိုတာဟာလည်း အဆုံးဧကန်ရှိတာပဲလေ
ဆိုတော့ ပြေပါတယ်ပဲ ပြောတာပေါ့
အဆင်ချင်းယှဉ်ရင် ဒို့များအဆင်ဟာ ဒင်းအဆင်ထက်
ပိုမိုပြေလွင်ရမယ်ဆိုတာ တားလို့မှမရတာပဲ
ညလမ်းမှာ ဖယောင်းတိုင်တွေ
အလိုလိုထွန်းလင်းလာသလို မနက်မှာ ဆိုင်ကယ်တွေ
တစ်စီးက နှစ်စီး ပြီး နှစ်ဆယ် က နှစ်ရာ ထွက်လာသလို
တစ်ယောက်တည်းဟာ လမ်းပေါ်မှာ
လက်ချောင်းသုံးချောင်းမြှောက်ပြီး ရပ်ပြသလို

ဇယလ
၁၁ ဧပြီ၊ ဏာသိမ်း ‘၂၁

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>