ညမှာလမ်းထဲဝင်ရောက်ပစ်ခတ်ခြင်း ပုံတူ

Myanmar Spring 2021
Taunggyi, March 2021

မြေဆွဲအားရဲ့ ဗဟိုချက်ကနေ
ငှက်မည်းတွေအုပ်လိုက် လွှတ်လိုက်လေသလား

အလံနက်လိုပြတင်းပေါက်မှာ
အနာဂတ်ကို သူထွက်ငေးလို့

ဆက်တိုက်ပစ်လွှတ်လိုက်တဲ့ အချိန်မတော်သေနတ်သံတွေ
အိပ်စက်ခြင်းဟာ ကျည်ပေါက်တွေနဲ့ ဒူးညွတ်ကျသွားရဲ့

လူအချို့ဟာ အိမ်ထဲမှာပဲ ပရိဘောဂတွေဖြစ်သွားကြ
လမ်းပေါ်မှာလည်းအချို့ဟာ
လမ်းဘေးရေမြောင်းဖုံးတွေဖြစ်သွားကြ

နေ့လည်ကပဲဖတ်နေတာ
ဆေးရုံရောက်လာတဲ့ PR-နံပါတ် ပိုင်ရှင်မဲ့အလောင်းတွေ
ပြန်မရတဲ့အလောင်းတွေ ပျောက်သွားတဲ့အလောင်းတွေ
မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အလောင်းတွေ
တပေါင်းလမို့လား တဖြုတ်ဖြုတ်ကြွေ

နည်းနည်းလေးမှလှုပ်ရဲလှုပ်ကြည့်လို့
ဒင်းတို့ခြောက်မယ်ကြံတုန်းမှာ
ဟောဒီမှာလေ အများကြီးလှုပ်ပစ်လိုက်ကြပြီ
ရှေ့ဆက်တိုးရင်းအသေခံ
အသေခံရင်းရှေ့ဆက်တိုးဖို့
ရေခွက်ကိုလည်းသွန်ချလိုက်ပြီ
သပိတ်ကိုလည်းမှောက်ချလိုက်ပြီ
ငြိမ်သက်နေတဲ့တစ်တိုင်းပြည်လုံးကို
လှုပ်ခတ်ပစ်လိုက်ကြပြီလေ

နေ့ရဲ့ကြေးမုံပြင်ထဲ ညကိုမှန်းဆမရတော့သလို
ညရဲ့ကြေးမုံပြင်ထဲ နေ့ဟာအမှောင်ထုသက်သက်ပဲ

တံတားအိုရဲ့မှောင်ရိပ်ထဲ
မှောင်ရိပ်ခိုလိုက်တဲ့တံတားလို
အချိန်ကာလဟာ ဝေဝါးသွားခဲ့တယ်

ဖြစ်မှဖြစ်ရလေကွယ်
နွေဦးရဲ့တက်သစ်စလူငယ်ကလေးနှယ်
လေရူးလက်ထဲ ဈေးဦးပေါက်သွားခဲ့ရသလားကွယ်

ပင်လယ်ရနံ့ရနေတဲ့မြစ်ထဲ
မြောင်းပုပ်ရေတွေတရဟောစီးကျလိုက်ချင်းနှယ်

ခွေးတွေအရမ်းအူကြတာ
သား…အိမ်ထဲမှာပဲ အိမ်ပြန်လာလို့
မရတော့လို့လား…မေမေရယ်…

ဘယ်လိုပြောရမလဲ ကိုချောရယ်
မတ်လက မတ်လကို
အသေသာပြန်ရလိုက်တဲ့ မတ်လပဲပေါ့ကွယ်။ ။

ဇယလ
၂၁ မတ်၊ဏာသိမ်း’၂၁
၂၀၂၁ ကမ္ဘာ့ကဗျာနေ့
၂၀၂၁ မြန်မာ့တော်လှန်ရေးကဗျာနေ့

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>