စိတ်ဆူးပင်ရဲ့ ပုံတူ

ကြယ်တွေဖြစ်မလာမီ လတွေဖြစ်မလာမီ
ဘလိတ်ဓားတွေ သွေးတွေ သွေးတိတ်ဆေးတွေ
ဖြစ်မလာမီ ပတ်တီးတွေ ပတ်တီးတွေဖြည်ပြီး
မင်းဖြစ်မလာမီ မံမီတစ်ယောက်မင်းထပ်ဖြစ်မလာမီ…
သူမရဲ့စကပ်ကို လှန်ပြတယ်
ပေါင်ဖွေးဖွေးမှာ ပေးထားတဲ့ ဆုတံဆိပ်တွေ
မျဉ်းပြိုင်တောင်တန်းမို့လေးတွေ
ခြစားအချစ်တောင်ပို့လေးတွေ (‘မနမ်းချင်ဘူးလား’)
ဘုရားသခင်ကို ညှို့ခဲ့တာလေ ဘာကိုရှင်းပြရမှာလဲ
သေချင်လို့မဟုတ်ဘူး သေချင်တာ တစ်ခုခု သေသွားစေချင်တာ
မသေချင်ဘူး ဘာမှမခံစားတော့တာ ဘာလဲဆိုတာ
နာကျင်မှုကို ဒဏ်ရာနဲ့ပွတ်ရတာ ပျော်စရာပါပဲ
ဖန်ကွဲစလည်း ရပါတယ် ကိုယ့်ကွဲစနဲ့ပဲ ကိုယ်ကွဲရှရတာ
ဖန်ကွဲစဟာလည်း ကိုယ်ကိုယ်တိုင်ပဲ မဟုတ်ဘူးလား
အလင်္ကာရဲ့သင်္ကေတ ဒီစကားဟာ မလှဘူးလား
အင်အားသုံး သိမ်းပိုက်ဖျက်စီးခံရတဲ့မြို့တွေ
သေနတ်တစ်ချက်မဖောက်ရပဲ မြို့ရဲ့ယောနိဝကို
ဟပေးလိုက်ရတာတွေ ရာဇဝင်မှာ မှန်ဘယ်နှစ်ချပ်
ရုပ်လပ်နေတဲ့ ရုပ်ကလပ်တွေ
ပထမဆုံးအကြိမ်တုန်းက ကမ္ဘာကြီးဟာ ရပ်သွားတယ်
ရေပြင်ထဲငုံ့ကြည့် ကိုယ့်မျက်နှာကိုယ်မြင်
ချစ်ခင်စွဲမက်စွဲလမ်း ပန်းတစ်ပွင့်ဖြစ်သွားတာ
ဒဏ္ဍာရီလာ နာဆစ္စပ်စ်တဲ့လား ဟားဟားဟား
စိတ်အရေပြားမှာ ရှသောအရာနဲ့
ရွှပ်ကနဲ ရွှပ်ကနဲ (အမေရေ့) ရွှပ်ကနဲ
စွန်းထင်းကွက် ပွက်ပွက်ဆူရေထဲက ရေသူမ
“ဟီး… ဘဝဖတ်စာ ရေးခြစ်ရာလေ ကဗျာလို့ပဲ မှတ်လိုက်တယ်
ဒီတစ်ခါ ရှင့်လက်နဲ့ ကိုယ်တိုင်လှီးတာ ခံချင်တယ်”

ဇယလ
၁၅ ဇန် ကိုဗစ်၂၁

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>