အကြမ်းဖျဉ်းအားဖြင့် ဟင်းတစ်ခွက်ပဲဆိုပါစို့…
ပါဝင်ပစ္စည်းနဲ့ ချက်ပုံချက်နည်းအားဖြင့် အရသာဆိုတာ ပေါ်လာတယ်။
ကဗျာမှာလည်း ပါဝင်ပစ္စည်းရွေးချယ်မှုနဲ့ စီရင်ဖွဲ့စည်းမှုကနေ ရသဆိုတာ ပေါ်လာတယ်။
ရသမှာလည်း အဆင့်ဆင့်ရှိရာမှာ ပါဝင်ပစ္စည်းရဲ့ အရည်အသွေးနဲ့ စီရင်ဖွဲ့စည်းမှုအရည်အချင်းတို့နဲ့ အများကြီးပတ်သက်တယ်။
ချုပ်ပြောရရင်တော့ ပတ်ဝန်းကျင်ပါပဲ။ ဆရာကြီးဦးရွှေအောင်အဆိုအရ ပတ်ဝန်းကျင်ရဲ့ကာလဒေသကနေ ‘နှလုံးသွင်း၊စရိုက်၊ဥာဉ်၊ဝါသနာ၊အနုသယ’ တို့အဆင့်ဆင့်ဖြစ်လာတာ၊ ‘သိမှု’ ဖြစ်လာတာ၊ ‘ဥပါဒါန်’ ဖြစ်လာတာ။
တဖန်၊ စာဖတ်သူများ၏ အမြင်ကွဲပြားသောကြောင့်၊ အရည်အချင်းကွဲပြားသောကြောင့် နှလုံးသွင်း၊စရိုက်၊ဥာဉ်၊ဝါသနာ၊အနုသယတို့ပါ အဆင့်ဆင့်ကွဲပြားကုန်ကြတာဖြစ်ပါသတဲ့။
အနောက်တိုင်းအသုံးအနှုန်းအားဖြင့် context ဆိုတာလည်းရှိပါတယ်။’ရေမြေနောက်ခံ’ သော်လည်းကောင်း၊ ‘ဆက်စပ်ဝန်းကျင်’ သော်လည်းကောင်းပေါ့။သမိုင်းဖြတ်သန်းမှုလည်း အရေးကြီးနေရာမှာပါဝင်တာမုချ။ ဒီ context ကနေ ‘အမြင်’ တွေ၊ ‘အယူ’တွေ၊ ‘အယူဝါဒ’တွေ၊’ဂိုဏ်းဂဏ’တွေ ပေါ်လာခဲ့ကြ၊ပေါ်လာနေကြတာလည်းဖြစ်ပါတယ်။
တစ်လုံးတစ်စည်းတစ်စုတဝေးကနေ ပိုင်းဆစိပ်မြွှာမှုတွေဖြစ်လာတာ ၂၀ရာစုအစကတည်းကပါပဲ။
မော်ဒန္နဇင်မ်က အပိုင်းအစတွေကို တစ်စုတစ်စည်းလုပ်ဖို့ ကြိုးစားခဲ့ရာမှာ အောင်မြင်ခဲ့ကြဘူး။ ပို့စ်မော်ဒန်က စုစည်းဖို့ မကြိုးစားတော့ဘူး။
Context ကြောင့်၊ ပတ်ဝန်းကျင်ကြောင့် ပြောင်းလာခဲ့တဲ့အမြင်တွေထဲမှာ ကဗျာပေါ်အမြင်လည်း ထိပ်ဆုံးကပေါ့။
Either/Or ဒါမဟုတ်ရင်အခြားဟာ(တစ်ခုခုပဲယူရမယ်) ကနေ Both/And ဒါလည်းယူမယ်၊ဟိုဟာလည်းယူမယ် (၂ခုစလုံးယူမယ်) ဆိုတာဖြစ်လာခဲ့ပါပြီ။ အလွယ်ပြောရရင် ‘ကာရန်ပါမှကဗျာဖြစ်တယ်’ နဲ့ ‘ကာရန်စွံ့လည်းကဗျာဖြစ်တယ်’ ဆိုတဲ့ အဆို(ဘက်) ၂ခုစလုံးကိုလက်ခံတာဖြစ်ပါတယ်။
ဘုံထုတ်လိုက်ရင် ‘ကဗျာ’ ပါပဲ။ ရွေးချယ်မှုနဲ့ စီရင်ဖွဲ့စည်းမှုတို့ ကွဲပြားကြတဲ့အတွက် အလင်းဓာတ်ဖြစ်တဲ့ ရသဟာလည်း ကွဲပြားသွားမှာပါပဲ။
ရောက်ရှိရှင်သန်နေတဲ့ ရုပ်ပိုင်း/နာမ်ပိုင်း context နဲ့ ပတ်ဝန်းကျင်တို့အရပဲပေါ့။
‘ကဗျာဟာလွတ်လပ်တယ်’ လို့ပြောချင်ရင် ပြောသူကိုယ်တိုင် လွတ်လပ်သလား။ ပြီး ‘လွတ်လပ်မှု’ ရဲ့အဓိပ္ပါယ်။
စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။
ဇယလ
၂၇ အောက် ကိုဗစ်၂၀