အောင်ခင်မြင့်ရဲ့ ‘ဆွန်းနက်များ’ (၅)

မိုးတွေချည့်ဆက်တိုက်ရွာနေလို့ ဆိုင်ဆိုင်မဆိုင်ဆိုင် ‘မစ္စတာအဲလိယော့အတွက် ဆွန်းနက်တစ်ပုဒ်’

လိုင်း ၁ နဲ့ ၂

‘အရုဏ်ဟာ ညက အိမ်ပြန်မအိပ်တဲ့ အိမ်ထောင်ရှင်
ယောက်ျားလို
အသံမထွက်ဘဲ သော့ကို လှည့်နေရဲ့’

အရုဏ်ရဲ့ရောက်လာပုံ။ အရုဏ် ကို personify သက်မဲ့ကိုသက်ရှိဂုဏ်ပေးထားတယ်။ ထပ်ပြီး ‘အိမ်ထောင်ရှင်ယောက်ျားလို’ ဥပမာအလက်ာ။ အသံမထွက်ပဲ သော့ကိုလှည့်နေတာ အသံမမြည်စေချင်လို့။ ဇနီးသည်မကြားစေချင်လို့။ တိတ်တခိုး။ တစ်ညလုံး အိမ်ပြန်မအိပ်ပဲ ဘယ်တွေရောက်လို့ ဘာတွေလုပ်နေခဲ့သလဲ။ ဘော်ဒါတွေနဲ့သောက်စား ကာရာအိုကေညလုံးပေါက်လား။ အခြားမိန်းမတစ်ယောက်လား။ ဇနီးသည်မသိအောင် မိဘအိမ်ပြန်ခိုးအိပ်တာလား။ အိမ်ရှိလျက်နဲ့ အိမ်ထောင်ရှိလျှက်နဲ့ အိမ်ပြန်မအိပ်တဲ့ယောက်ျားဟာ သံသယဖြစ်စရာပဲ။

‘အရုဏ်’ ကို သက်သေအဖြစ်ယူမယ်ဆိုရင် အလင်းကိုဆောင်လာခြင်း၊နေ့သစ်ရောက်လာခြင်း၊မျှော်လင့်ချက်များမွေးဖွားလာခြင်း၊သန့်စင်သစ်ဆန်းခြင်း၊စသည်။ ခုတော့ အဲဒီသက်သေအဓိပ္ပါယ်တွေနဲ့ သံသယဖြစ်ဖွယ်ရာဟာ ဆန့်ကျင်ဘက်တွေ။ သမရိုးကျ အရုဏ်ဆိုင်ရာသိမှုတည်ဆောက်ချက်တွေကို လှုပ်ခါလိုက်တာ။

ဆွန်းနက်မျာ

လိုင်း ၃

‘တချို့ညတွေ တချို့အသည်းနှလုံးတွေကို လည်မျိုညှစ်ထားတယ်’

တချို့ညတွေ နဲ့ တချို့အသည်းနလုံးတွေကို ကံပုဒ် object လုပ်ထားတယ်။လည်မျိုညှစ်ထားတယ်။အကြမ်းဖက်မှု။သတ်ဖြတ်ဖို့ကြံစည်ဆောင်ရွက်မှု။ဘယ်ဟာ ကတ္တား ပုဒ် subject လဲ။ လိုင်း ၁ က အရုဏ်လား။အရုဏ်ဟာ တချို့ညတွေကို လည်မျိညှစ်ထားတယ်။အသက်ရှူမရ၊သေဇောငင်။ အရုဏ်ရဲ့ ဆိုးသွမ်းတဲ့လုပ်ရပ်။တချို့ညတွေ တချို့အသည်းနှလုံးတွေ မနက်ကို မကြုံတွေ့ကြရတော့အောင်။နောက်ထပ်မနက်ခင်းတစ်ခုကို အတူမကြုံဆုံချင်တော့တာလား။ပုဂ္ဂလိကရင်တွင်းနာကျင်မှုကြီးတစ်ခုလား။

လိုင်း ၄ နဲ့ ၅

‘မနက်ဖြန်မှာ သေနှင့်ခဲ့ပြီ ပရူးဖရော့ အဲလိယော့
အက်ဇရာပေါင်းနဲ့
သူတို့ရဲ့ အပြာရောင်ခေတ်ကြီးတစ်ခုလုံး’

လိုင်း ၁ ‘အရုဏ်’၊ လိုင်း ၃ ‘တချို့ညတွေ’ နဲ့ လိုင်း ၄ ‘မနက်ဖြန်’ တို့ဟာ ချိတ်ဆက်နေသလား။အရုဏ်ရဲ့ လည်မျိုညှစ်ထားမှုကြောင့် မနက်ဖြန် (မရောက်ခင်မှာ) တချို့ညတွေ တချို့အသည်းနှလုံးတွေ သေနှင့်ကြပြီလား။ဒါမှမဟုတ် အဲလိယော့တို့ ပေါင်းတို့ရဲ့ မော်ဒန်နစ်ဇင်မ်ခေတ်ကြီး သေဆုံးသွားတာလား။ အဲလိယော့ရဲ့ ‘ဂျေ အဲလ်ဖရစ်ဒ် ပရူးဖရော့ ရဲ့ အချစ်သီချင်း’ The Love Song of J. Alfred Prufrock ထဲမှာ ပရူးဖရော့ ဟာ ဇာတ်ဆောင်။လိင်ကိစ္စနဲ့ပတ်သက်လို့ ချီတုံချတုံ ဆုံးဖြတ်ချက်ချမရဖြစ်နေသူ။အပျော်မယ်တွေရှိတဲ့အခန်းဝရောက်ပြီးဖွင့်မဝင်ရဲသူ။ ဘာလို့ ‘အပြာရောင်’ခေတ်ကြီးတုန်း။ ခေါင်းစဉ်မှာလည်း မစ္စတာအဲလိယော့ကို ညွှန်းထားပါတယ်။

လိုင်း ၆၊ ၇၊ ၈၊ ၉

‘ဟေ့ကောင် မင်းဟာက သဒ္ဒါမှားတယ်တဲ့ အကျယ်ကြီး
အော်ပြောနေတဲ့အသံ
မရတော့ဘူး ငါက ပိန်းပိတ်တဲ့ နှင်းတွေထဲရောက်
နေပြီ
ဘာမှ မကြားတော့ဘူး ငါ့နားရွက်တွေဟာ
သူ့ကိုယ်သူ ကျုံ့ထားတဲ့ ခွေးတစ်ကောင်ရဲ့ နားရွက်
တွေလို ကုပ်လို့’

ဒီထဲ ဟေးးးးး ဆိုတဲ့ အသံကျယ်ကြီးတစ်ခုဝင်လာတယ်။အာရုံပြောင်းရပြီပေါ့။ရှုထောင့်ပြောင်းရပြီပေါ့။မိမိရပ်တည်တေဲ့နေရာပြောင်းရပြီပေါ့။’မင်း’ ‘ငါ’ နာမ်စားတွေ ဝင်လာပြီပေါ့။ဘယ်သူက ဘယ်သူ့ကို အော်ကြီးဟစ်ကျယ်ပြောနေတာလဲ။ ဇာတ်ဆောင်ကတ္တားပုဒ်တွေပြန်ကြည့်။ အရုဏ်၊ ပရူးဖရော့ အဲလိယော့ အက်ဇရာပေါင်း။ ‘သဒ္ဒါမှားတယ်’တဲ့။ အပြောခံရသူဟာပြန်ပြောတယ်၊ ‘မရတော့ဘူး’တဲ့။သဒ္ဒါလို စည်းမျဉ်းစည်းကမ်းတွေမလိုက်နာလို့လား။ အိမ်ထောင်ရေးစည်းမျဉ်းစည်းကမ်းမလိုက်နာသူ။ အစဉ်အလာရေးထုံးဖွဲ့မှု မလိုက်နာသူတွေ။ ပိန်းပိတ်တဲ့နှင်းတွေထဲရောက်နေပြီ၊ ဘာမှလည်းမမြင်၊ ဘာမှလည်းမကြားတော့။ပြောသူ ‘ငါ’ ဟာခွေးတစ်ကောင်ရဲ့နားရွက်တွေလို ကုပ်လို့။သူ့ကိုယ်သူလည်း ကျုံ့ထားလို့။တစ်နည်းအားဖြင့် အော်ပြောသူနဲ့ သူဟာ အဆက်ပြတ်နေပြီ။မှားနေတာလည်း ကြားရလို့ ပြင်လို့ ‘မရတော့ဘူး’။ရှင်ခြင်းရဲ့ဟိုဘက်ဆီ ရောက်သွားခဲ့ပြီလား။

လိုင်း ၁၀၊ ၁၁၊ ၁၂

‘ညမအိပ်သူတွေက မျက်နှာကြက်ပေါ်မှာ ဝဲနေတဲ့
လေယာဉ်ပျံတွေကို ငေးနေမှာပေါ့
ကွင်းထဲမှာ လေယာဉ်တွေပြည့်နေလို့ ဆင်းမရ
သေးတဲ့ အဲဒီလေယာဉ်တွေ
ခရီးစဉ်ရဲ့အဆင်မပြေမှုအတွက် တောင်းပန်စကားတွေပဲ
အထပ်ထပ် ထုတ်လွှင့်နေတယ်’

‘ငေးနေမှာပေါ့’ မှာ ‘ပေါ့’ ဟာအရေးကြီးတယ်။ သုံးသပ်ချက်သဘောမျိုး။ ဘယ်သူကသုံးသပ်နေတာလဲ။ ကဗျာပုဒ်ကိုပြောပြနေတဲ့ သိစပ်မြင်နှံ့သူ omniscient narrator လား။ ညပြန်မအိပ်တဲ့ အိမ်ထောင်ရှင်ယောကျားလား။လင်ပြန်မလာလို့ အိပ်မရသူဇနီးသည်ကိုမှန်းပြောနေတာလား။နှင်းတွေထဲရောက်သွားခဲ့သူလား။အိပ်မရလို့တောင်တွေးမြောက်တွေးတွေဟာ မျက်နှာကြက်မှာ လေယာဉ်ပျံတွေလိုပဲ လေဆိပ်ကိုမြင်ရလျှက်နဲ့မသက်ဆင်းနိုင်ပဲ လေပေါ်တဝဲဝဲ။ဒီထဲ အဆင်မပြေတဲ့ခရီးစဉ်အတွက် ‘အထပ်ထပ်’ ‘တောင်းပန်’ နေတာ။ပုံမှန်ဆို ဒါဟာ captain လေယာဉ်မောင်း၊လေယာဉ်ဦးစီးကပြောရတာ။တောင်းပန်ရတာ။အိမ်ထောင်ဦးစီးလား၊အိမ်ပြန်မအိပ်တဲ့ အိမ်ထောင်ရှင်ယောက်ျားလား။အိပ်ရာထဲကျန်ရစ်သူဇနီးသည်ရဲ့ စိတ်ထဲတောင်းပန်နေတာလား။ဒီအိမ်ထောင်ကို ဆက်သွားလို့မရတော့ဘူးလား။ဘာမှမကြား မမြင်တော့ပဲ နှင်းထဲဇွတ်တိုး ရောက်နေတဲ့ယောက်ျားလား။

လိုင်း ၁၃၊ ၁၄

‘ငါက မျက်စိမှိတ်ထားပြီး ဥုံလို့ အကြိမ်ကြိမ် ရေရွတ်
နေမိ
ဘာဖြစ်လို့ ငါတို့လျှာပေါမှာ ဖုန်းဆိုးမြေရဲ့
အရသာကြီး စွဲနေတာလဲ’

ဒီမှာ ‘ငါ’ ပြန်ဝင်လာတယ်။ လိုင်း ၁၂ က ‘အထပ်ထပ်’ ကို လိုင်း ၁၃ မှာ ‘အကြိမ်ကြိမ်’ အဖြစ် echo ပဲ့တင်သံကိုယူထားတယ်။ဟိုက အထပ်ထပ်၊ ငါက အကြိမ်ကြိမ်။အဲသလိုလား။မျက်စိမှတ်ပြီး ဥုံရွတ်နေတာ၊ဘေးကင်းရန်ကင်းဂါထာလား။ပြီး၊သူ့ကိယ်သူ မေးခွန်း မေးတယ်။ ‘ငါတို့’ = မင်းနဲ့ငါ။ဘာမှစိုက်ပျိုးလို့မရတဲ့မြေ၊ကောမြေ၊ဖုန်းဆိုးမြေ။အဲလိယော့ရဲ့ The Wasteland (နှစ်ကာလများထုတ် ဇော်ထွန်း ဘာသာပြန်)။ခါးသည်းမှုကြီးတစ်ခု၊ဘာတစ်ခုမှအဆင်မပြေမှုကြီး၊ကောနေတဲ့အိမ်ထော်ရေး၊လား။မချိသံ။ကောင်းစေချင်ပေမယ့် ကောင်းမလာခြင်း၊လား။’ဥုံ’ လို့ အကြိမ်ကြိမ်ရေရွတ်လည်း စိတတွင်းအုံ ရင်မီးအုန်း။’ဘာဖြစ်လို့’၊ ကံတရားလား။ဘယ်လိုနားလည်ရ၊ဘယ်လိုဖြေသိမ့်ရ။ဘဝ။

လိုင်း ၁၅

‘ရန်ကုန်မှာ မနက်လေးနာရီ အလောင်းတွေတောင် မျက်လုံး
မမှိတ်သေးဘူး’

နေရာပြပုဒ်တစ်ခုနဲ့ အချိန်ပြပုဒ်တစ်ခုဝင်လာပြီ။ ‘ရန်ကုန်မှာ’။’မနက်လေးနာရီမှာ’။တစ်ယောက်တကွဲတပြားစီဖြစ်နေတာလား။အရုဏ်ကျင်းပြီးမိုးဦးလင်းစ မနက် လေးနာရီ။ လိုင်း ၁၊၂၊၄၊၁၀ တို့နဲ့ပြန်ချိတ်။ ‘အရုဏ်’၊ ‘မနက်ဖန်’၊ ‘ညမအိပ်သူတွေ’။ ‘သေနှင့်ခဲ့ပြီ’ နဲ့ ‘အလောင်းတွေတောင်’
‘မျက်လုံးမမှိတ်သေးဘူး’ (မျက်လုံးပြူးသေနေကြတဲ့ လူသေကောင်တွေ)လို။ မနက်လေးနာရီအထိ အိပ်မရသေး၊ဖုန်းဆိုးမြေက ဘဝ/အသက် (မျှော်လင့်ချက်) မရှိတော့တဲ့သူ။ရတက်၊ဗျာပါဒ၊သောက။ဒေါသ၊မောဟ၊ပရိဒေဝ။

လိုင်း ၁၆

‘ပရူးဖရော့ဟာ နှင်းဆီပန်းအိုးအောက်မှာ ဖွက်ထားတဲ့
သော့ကိုယူလိုက်တယ်’

‘ပရူးဖရော့’ ပါတာနှစ်ခါရှိပြီ။ဘာလို့ ‘ပရူးဖရော့’လဲ။ အဲလိယော့ရဲ့ ကမ္ဘာကျော်ဇာတ်ဆောင်။အနောက်တိုင်းမော်ဒန်ကဗျာဝါဒကို စတင်လိုက်တဲ့ဇာတ်ဆောင်။ အသက် ၄၀ကျော် ၊ သူ့ကိုယ်သူမုန်းတီးရွံရှာ၊ နီးနီးစပ်စပ်ဆက်ဆံရမှာကိုစိုးရွံ့၊ စိတ်ခံစားမှုလေဖြတ်ထားသူ။အငုံ့စိတ်နဲ့အတူ ပေါင်းသင်းဆက်ဆံရေးမှာ မလုံခြုံသူ၊သံသယကြီးသူ။ အဲလိယော့ကိုယ်တိုင်ပြောခဲ့တာက ပရူးဖရော့ ဟာ partly an expression of feeling of my own သူကိုယ်တိုင်ရဲ့ခံစားမှု ကို တစ်စိပ်တစ်ပိုင်းဖော်ပြတာဖြစ်တယ်တဲ့။ဒီဆွန်းနက်မှာ ပရူးဖရော့ဟာ ဇာတ်ကောင်ဆိုတာထက် ကိုယ်စားပြုဇာတ်ကောင်ဖြစ်တယ်ဆိုပိုမှန်ပါလိမ့်မယ်။ ‘ငါ’ ရဲ့ ကိုယ်စားပြုလား။ လိုင်း ၂ က ‘သော့’ ကိုလည်းပြန်တွေ့ရပါတယ်။ အရုဏ်ဦးမှာ ပြန်လာတဲ့ ပရးဖရော့လို အိမ်ပြန်မအိပ်တဲ့ အိမ်ထောင်ရှင်ယောက်ျားတစ်ယောက်။

လိုင်း ၁၇၊ ၁၈

‘ငါတို့ရဲ့ မှုန်ဝါးဝါးအာရုံထဲက မထင်မရှား လမ်းမှောင်
မှောင်လေးတွေ
တစ်စစ လင်းချင်းလာပေါ့’

‘ငါ’ ကနေ ‘ငါတို့’ ပြန်ပြောင်းသွားတာတွေ့ပါလိမ့်မယ်။တကိုယ်ရေပုဂ္ဂလအတ္တ ‘ငါ’ ကနေ အခြားနဲ့ပေါင်းစပ်လိုက်တဲ့ ‘ငါတို့’။ ပြန်ပေါင်းစပ်ယူတဲ့ ဒွိစုံလည်းဖြစ်နိုင်ပါတယ်။အိမ်ထောင်ရှင်ယောက်ျားနဲ့သူ့ဇနီးလားပေါ့။ ‘အရုဏ်’ ကနေ ‘အာရုံ’ ပြောင်းသွားတာလည်း သတိထားမိမှာပါ။ထူးခြားတာက အမှောင်ကနေ အလင်းဘက်လှည့်လာတာ။အာရုံထဲမှောင်နေတာတွေဟာလည်း တဖြေးဖြေးလင်းလာတာ။မသိမှုအဝိဇ္ဇာကနေ သိမှုလွန့်လူးထလာတာ။ည— အရုဏ်— မနက်လေးနာရီ—– လင်းချင်းလာတဲ့ နေ့သစ်ရဲ့စိတ်တွင်းဖြစ်ပျက်မှုပြဇာတ်။

ပထမအိမ်ထောင်မှာ ဗီဗီယဲန်နဲ့ရခဲ့ပေမယ့် ဗီဗီယဲန်ရဲ့မကြာခဏမကျန်းမာမှုနဲ့စွဲလာတဲ့စိတ်ရောဂါကြောင့် အဲလိယော့ဟာ စိတ်ဖိစီးမှုပြင်းထန်စွာဖြစ်ခဲ့ရတာနောက်ဆုံးစိတ်နှလုံးချုံးချုံးကျပြိုကွဲသားရတဲ့အထိပါပဲ။နောက်ဆုံးတော့လည်း အိမ်ထောင်ရေးပါပြိုကွဲသွားပါတယ်။ဒါပေမယ့် ဗီဗီယဲန်ကအဲဒါကိုမယုံကြည်နိုင်ခဲ့ဘူး။”ကျွန်မ တစ်နေ့ပြီးတစ်နေ့တောင့်တတာက တစ်နေ့နေ့မှာ တော်မ် (အဲလိယော့) ဟာ အိမ်ရှေ့တံခါးကိုသော့နဲ့ဖွင့်ပြီးဝင်လာဖို့ပါပဲ တဲ့။ဗီဗီယဲန်ဟာ စိတ်ရောဂါအထူးကုဆေးရုံမှာ ဆုံးပါးသွားခဲ့ပါတယ်။အဲလိယော့က သူ့ရဲ့ စက္ကရီတေရီဖြစ်သူ ဗယ်လရီနဲ့ နောက်အိမ်ထောင်ပြုလိုက်ပါတယ်။အတွင်းစကားပြောရမယ်ဆိုရင်တော့ အဲလိယော့ဟာ လိင်မှုကိစ္စမအောင်မြင်သူဖြစ်ပြီး ဗီဗီယဲန်ဟာ ဘာထရန် ရပ်ဆဲလ်နဲ့ နောက်မီးလင်းခဲ့တာကို အဲလိယော့ကိုယ်တိုင်ခွင့်ပြုခဲ့တယ်ဆိုပဲ။

‘ငါတို့ရဲ့ မှုန်ဝါးဝါးအာရုံထဲက မထင်မရှား လမ်းမှောင်
မှောင်လေးတွေ
တစ်စစ လင်းချင်းလာပေါ့’ မစ္စတာအဲလိယော့ရေ
ဖွက်ထားတဲ့သော့နေရာ သိတဲ့ ပရူးဖရော့ရေ
အောင်ခင်မြင့်ရဲ့ ဆွန်းနက်တစ်ပုဒ်ရေ……


မှတ်ချက်။ ။ ဆွန်းနက် လို့ ဆိုတဲ့အတိုင်း ၁၄ လိုင်းရှိရမှာပါ။ ကိုအောင်ခင်မြင့်ပြောသလို စာရိုက်တဲ့နေရာမှာ လိုင်းစီတာတွေပျောက်သွားတာ။ ကျနော်က အဓိပ္ပါယ်ဆက်စပ်မှုအရ လိုင်းပြန်ခွဲလိုက်တာဖြစ်ပါတယ်။


ဇယလ
၂၂ သြဂုတ် ကိုဗစ်၂၀

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>