အောင်ခင်မြင့်ရဲ့ ‘ဆွန်းနက်များ’ (၃)

ဥပမာ ၁။
လမင်းကြီးက သာလို့
စဥ့်အိုးကြီးက ပြောင်လို့
နင့်ကိုငါချစ်တယ်။

ဥပမာ ၂။
မေး။ ဘယ်နှနာရီရှိပြီလဲ။
ဖြေ။ အနီရောင်တွေများနေတယ်။

ဥပမာ ၃။
ရေကြီးရေလျှံမယ်လို့သတင်းရရှိတယ်
ဟုတ်တယ် Mevius Sky Blue ကိုကိုယ်ကြိုက်တယ်။

Non sequitur နောန် ဆကွီတာ ရဲ့ဥပမာတွေဖြစ်ပါတယ်။ ယုတ္တိဗေဒမှာ ကြောင်းကျိုးချိတ်ဆက်မှုမဲ့ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ ဆင်ခြင်ယုတ္တိရှုထောင့်ကကြည့်ရင် ယုတ္တိဆင်ခြင်ချိတ်ဆက်မှုမဲ့သလို အဓိပ္ပါယ်လည်းမရှိပါဘူး။

ဆွန်းနက်မျာ

ကဗျာဗေဒရှုထောင့်ကကြည့်ရင်တော့ ဒါဟာ အမေရိကန်ကွန်တမ်ပရီကဗျာ (၁၉၉၀ပိုင်းလောက်ကနေယနေ့ထိ) ခေတ်စားနေတဲ့ကဗျာနည်းဟန်တစ်ခုပါပဲ။ အက်ရှဘရီရဲ့ကဗျာတွေမှာ အလွယ်တကူတွေ့ရတယ်။ LP ဂုရုကြီးတစ်ဆူဖြစ်တဲ့ ရော်န် ဆစ်လ္လမင်န်ရဲ့ ‘ဝါကျသစ်’ နည်းဟန်မှာတွေ့ရတယ်။ LP ဆရာမကြီး လင်းန် ဟက်ဂျီနီယန် ရဲ့ ‘My Life’ ကဗျာ/အရေးအသားမှာတွေ့ရတယ်။ ကွန်တမ်ပရီကဗျာရဲ့လက္ခဏာတစ်ရပ်ဖြစ်လာခဲ့တဲ့အထိပဲ။ ဒါကို ရျဲမင့်သူရဲ့ ယာဉ်စွန်းတန်း ၁ မှာလား၊ ၂ မှာလား ရေးဘူးတယ်။ ထားပါတော့။ အောင်ခင်မြင့်ရဲ့ ဆွန်းနက်တိုင်းမှာ နောန်ဆကွီတာကို များများစားစားတွေ့ရပါတယ်။ကြုံကြိုက်ရာဆွန်းနက်ကိုလှန်ကြည့်ပါလေ။

“အိမ်နဲ့ဝေးရင် လူတစ်ယောက်ဟာ ဝမ်းချုပ်တဲ့ပြဿနာကို
စကြုံရတာပဲ
အဲဒီမှာ မင်းမှ ရှိမနေတာ ကိုယ် ဘယ်သူနဲ့ ချစ်မှုပြုရမှာလဲ”
(စကြဝဠာသို့ဆွန်းနက်တစ်ပုဒ်)

“စစ်အေးကာလ တစ်ပွဲမှာပြီး ကိုယ်တို့ ညစာစားကြတယ်
ပုစွန်ပုံစံ ရုပ်ဖျက်ထားတဲ့ သူလျှိုတွေ ပြီးတော့ မှိုပွင့်ထီး
အောက်က
လက်စသတ်မရတဲ့ တရားမဝင်အနမ်း”
(ကြမ္မာငင်တဲ့အချစ်အတွက်ဆွန်းနက်)

“ဘုန်းကြီးတွေကတော့ တရုပ်စားသောက်ဆိုင် ဆင်ထရုမ်း
ကြောင့် ငိုက်မျဉ်းနေတယ်
ငွေထုတ်စက်ဟာ တအား ဆောင့်ကန်လိုက်မှ ပိုက်ဆံထုတ်ပေးတယ်တဲ့”
(ခေါင်းစဉ်မဲ့ဆွန်းနက်တစ်ပုဒ်)

စသည်ဖြင့်၊ စသည်ဖြင့်။

အမေရိကန်ကွန်တမ်ပရီကဗျာတွေအဖတ်များလို့လားမသိဘူး ကျနော်တော့ကြိုက်တယ်။ယုတ္တိဗေဒက အမှား လို့သတ်မှတ်ထားတာဟာ ကဗျာဗေဒမှာ ရသခံစားမှုတစ်မျိုးပေးနိုင်တာဖြစ်တယ်။မော်ဒန်မှာတွေ့ရတယ်။ဆူရီယလ်မှာတွေ့ရတယ်။ပို့စ်မော်ဒန်မှာတော်တော်တွေ့ရတယ်။Disjunctive ကြောင်းကျိုးတည်ဆောက်မှုနဲ့ ဖီလာတဲ့
ချိတ်ဆက်မှုမဲ့ချိတ်ဆက်မှု။ ‘ကဗျာလောက’ ရဲ့ဘယ်ထဲလဲ ဖော်ပြဘူးတယ်ထင်ပါရဲ့။ ထားလိုက်ပါ။

ဘာကြောင့် ဒီ ns ကိုကြိုက်ကြတာလဲ။သူ့နောက်ကွယ်က အိုက်ဒီယော်လဂျီအယူအဆကဘာလဲပေါ့။ပို့စ်မော်ဒန်/ပို့စ်အဆောက်အအုံဝါဒရဲ့ တစ်လုံးတစ်စည်းစုစည်းမှုကို ပါဝါတစ်ခုခုသုံးပြီး သိမ်းသွင်းဖွဲ့စည်းခြင်းကိုဆန့်ကျင်မှု၊လိုရာအဓိပ္ပါယ်တစ်ခုတည်းဆီသွားအောင်ကြုံးသွင်းမှု၊ယုတ္တိဇာတ်လမ်း/ထိုးဇာတ်/အကြောင်းအရာတစ်ခုတည်းဆီဦးတည်ဖို့တည်ဆောက်ပြဌာန်းမှုတို့ကိုဆန့်ကျင်မှု၊ စသည်။

အက်ရှဘရီကတော့ရိုးရိုးလေးပဲပြောခဲ့ဘူးပါတယ်။”ကျွန်တော့်ကဗျာတွေဟာ ရှေ့နောက်ညီညွတ်ချိတ်ဆက်မှုမရှိကြဘူး။နေ့စဉ်ဘဝမှာကောရှိလို့လား”တဲ့။နေ့စဉ်ဘဝမှာလာကြုံရတဲ့၊လာဖြစ်ကြတဲ့အဖြစ်အပျက်တွေနဲ့တုန့်ပြန်မှုတွေဟာဆင်ခြင်ယုတ္တိနဲ့အတူဆင်ခြင်ယုတ္တိချိတ်ဆက်မှုရှိကြတာမှမဟုတ်တာ။မိုးရွာလို့ပြတင်းထပိတ်တာနဲ့ဆေးလိပ်ကောက်သောက်ပြီးရောက်ရှိလာတဲ့ကြောင်ကိုကောက်ချီပွတ်ရင်းအဖေတို့အိမ်ခန်းလေးနံရံဆေးသုတ်တာ ၈သိန်းကုန်တာနဲ့ ဝက်အချင်းတိုင်ဟင်းချက်ထားတယ်နော်နဲ့ အောင်ခင်မြင့်ရဲ့’ဆွန်နက်များ’ရီဗျူးရေးချင်စိတ်ပေါ်လာတာနဲ့….ညအိပ်ရာဝင်တဲ့ထိ။

အဓိပ္ပါယ်မရှိဘူးလို့တော့မပြောလိုက်ပါနဲ့ဦးလေ။အဓိပ္ပါယ်ဆိုတာ ဆင်ခြင်ယုတ္တိပေါ်မှာတည်ဆောက်ထားတဲ့တစ်ခုတည်းသောလား။အာရုံခုန်ကူးချိတ်ဆက်ယုတ္တိ associative logic ရှိသေးတယ်။’အမေ’ လို့ပြောလိုက်ရင် တစ်ယောက်စိတ်ထဲပေါ်လာတဲ့အာရုံ(အသိ/အမှတ်ရမှု/သညာ)တွေဟာ အခြားတစ်ယောက်နဲ့တူနိုင်မလား။ မတူညီတဲ့အရာတွေစုပြီး ကော်လာ့ဂ်ျ (ပန်းချီ၊ကဗျာ၊အင်စတောလ်လေးရှင်းန်၊ဓာတ်ပုံ၊စသည်) ပြုလုပ်(ထား)ခြင်းမှာ ဖြစ်ပေါ်လာတဲ့ collage logic၊စသည်။ မတူညီတဲ့လောဂျစ်က်တွေကပေးတဲ့ မတူညီတဲ့အဓိပ္ပါယ်ပြုမှုတွေရဲ့အဓိပ္ပါယ်တွေ။

‘ကဗျာဟာဘာပဲလုပ်လုပ် ချုပ်လိုက်ရင် အဓိပ္ပါယ်တွေပြုလုပ်နေတာပါပဲ’ လို့မှတ်သားဘူးတာရှိပါတယ်။ meaning-making အဓိပ္ပါယ်ပြုလုပ်ပုံနည်းဟန်စနစ်တွေမတူရင် ကဗျာလည်းမတူနိုင်ဘူး။ကဗျာမတူရင် အဓိပ္ပါယ်ဖော်ဆောင်မှုတည်ဆောက်ဖွဲ့စည်းပုံတို့မတူပဲ ပြုလုပ်ထုတ်ယူတည်ဆောက်ရရှိတဲ့အဓိပ္ပါယ်(တွေ)လည်းကွဲပြားခြားနားကြမှာဖြစ်ပါတယ်။

အောင်ခင်မြင့်ဟာ ဒါကိုဆိုလိုနေတာလည်းဖြစ်မယ်ထင်ပါတယ်။ဒါဟာကဗျာဗေဒစကားပေါ့။

(ဆက်ရန်ရှိ)

ဇယလ
၁၈ သြဂုတ် ကိုဗစ်၂၀

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>