၁၉၇၀ ဇန္နဝါရီ ။ မိုးဝေ အယ်ဒီတာ့အာဘော်။’ကဗျာသည်တိုက်ပွဲလက်နက်’။ ‘မိုးဝေ ကဗျာ’ အဖွင့်။
၁၉၇၀ ဧပြီ။ ‘မြန်မာစာပေအဘိဓာန်’။ တော်လှန် နဲ့ မော်ဒန်။ မောင်လူညို၊ ‘ဘူဇွာကဗျာနဲ့သူ့လောက’။ ဘူဇွာကဗျာလက္ခဏာ နဲ့ ဆိုရှယ်လစ်စာပေလက္ခဏာ။
၁၉၇၀ မေ။မောင်လေးအောင်၊ ‘ကဗျာနှင့်အတတ်ပညာပြဿနာ’။
အတတ်ပညာမဲ့သတဲ့
ငါ့ရဲ့ကဗျာကို
ပညာတတ်ကြိမ်လုံးနဲ့
တအုန်းအုန်းထုရိုက်တယ်…..
၁၉၇၀ မေ။ မြဇင်၊ ‘ကဗျာ့အတွေး’။
ကဗျာ့အတွေးသည် အသိသညာများနှင့်စဉ်းစားချက်များကို အသိသညာသက်သက်ဘဝ၌ဖြစ်စေ စဉ်းစားချက်သက်သက်ဘဝ၌ဖြစ်စေ မတည်ရှိစေပဲ အသိသညာများ စဉ်းစားချက်များကို ကဗျာဆိုင်ရာအချက်အလက်ပစ္စည်းများနှင့် တွဲစပ်၍စိတ်ကူးသည်။ခံစားမှုနှင့်တွဲစပ်သည်။နိမိတ်ပုံနှင့်ထင်ဟပ်သည်။အသံနှင့်ဖက်သည်။အသံသွားလာမှုအစဉ်နှင့်ပေါင်းသည်။အဆောက်အအုံထဲသို့သိမ်းသွင်းသည်။အသိသညာများ စဉ်းစားချက်များကို ကာရန်ဈာန်စိတ်ဖြင့်သာမသုံးသပ်ပဲ ကဗျာအဖြစ်သို့ပြောင်းလဲအောင် ကဗျာ၏ကိုယ်သဏ္ဍာန်ပေါ်တင်၍ ကြည့်ရှုသည်။…..ခံစားမှုအားနည်းပြီး အတွေးများလျှင် ဆုံးမစာဆန်တတ်သည်။အတွေးအားနည်းပြီး ခံစားမှု အားများလျှင် စိတ်ထကြွမှုသာပဓာနထားသော အရေးအသားဖြစ်တတ်သည်။’
၁၉၇၀ ဇွန်။နေသွေးနီ၊ ‘ဆဲပါနဲ့တော့သူငယ်ချင်း’။
ကဗျာခေတ်က
ထကြွလာတော့ ငါကပညာတတ်
ရေးစပ်လဲမဟန် ကာရန်လဲမတူးရဲ
စာပေထဲ ကဲ နေရာရအောင်
ခေါင်းဆောင်လဲဖြစ်ချင်တော့
တီထွင်ပြီး ရောဆရာကြီးလုပ်ရတယ်ကွာ။
ဒါကြောင့်
ဟိုကသည်က ဆွဲရသည့်အယူအဆ
သက်တေဝါဒ ဒါက နိမိတ်ပုံ
သည်ပုံတွဲဘက်အနက် သည်ဘက်ကမြို့ပြ
ဘာကွညာကွနဲ့ ရရာဖြတ်လမ်းက
မှန်မမှန် ဟန်မဟန်မသိဘူး
ဦးအောင် ဆရာကြီးလုပ်ရတာပေါ့ကွာ။’
၁၉၇၀ ဇွန်။ အောင်လှိုင်ထွန်း၊ ‘ကဗျာဆိုတာဘာလဲ’။ ‘ကဗျာဆိုတာ တိုက်ပွဲလက်နက်။အဖိနှိပ်ခံလူတန်းစား၏တိုက်ပွဲလက်နက်။…ကဗျာဆရာ ဟာစည်းရုံးရေးမှူး။’
၁၉၇၀ ဇူလိုင်။အောင်ချိမ့်၊ ‘မဲခေါင်မြစ်ကမ်းများ’။
၁၉၇၀ ဇူလိုင်။အယ်ဒီတာ့အာဘော်၊ ‘အကြောင်းအရာသည်အဓိက။ပုံသဏ္ဍာန် (အတတ်ပညာ) ည် အကြောင်းအရာကိုသယ်ဆောင်သောယာဉ်။’
၁၉၇၀ အောက်တိုဘာ။မောင်လေးအောင်၊ ‘နစ်ကဆင်နှင့်စစ်တုရင်ကစားခြင်း’။
၁၉၇၁ ဧပြီ၊ညွန်ကြူး၊ ‘ခေတ်ပေါ်ကဗျာနှင့်ပတ်သက်၍’ဆောင်းပါးမှ ကဗျာမဟုတ်သော ကာရန်ချိတ်ရုံစာ—
‘လူကဘာလဲ တိုက်ပွဲတွေရဲ့သတ္တဝါပဲ
တိုက်ပွဲဆိုတာ ဒါဖြင့်ဘာလဲ အဲဒါသုံးသပ်ကြည့်ရမယ်
လူဆိုတာက ဓနရှင်နဲ့ပစ္စည်းမဲ့ အဲဒါနှစ်မျိုးပဲရှိတယ်
အဲဒါရှိရင် တိုက်ပွဲအသွင်က အစဉ်အလာ ဖြစ်နေမှာပဲ
လူဟာတိုက်ခိုက်ရေးသမား။’
၁၉၇၁ ဇူလိုင်။ မောင်တင်ရွှေ၊ ‘ဘာခေတ်ပေါ်ကဗျာလဲ’။ ‘ခေတ်ပေါ်ကဗျာသည် ပြည်သူ့စာပေစင်မြင့်ပေါ်သို့ ရုပ်ဖျက်ပြီးတက်လာသော အနုပညာသက်သက်ဝါဒ Art for Art’s Sake သာဖြစ်။….ခေတ်ပေါ်ကဗျာ ၂မျိုးရှိ၊နယ်ချဲ့ပဒေသရာဇ်ကိုအလုပ်အကျွေးပြုလုပ်/သွေးစုပ်တာနဲ့ နယ်ချဲ့ပဒေသရာဇ်ဆန့်ကျင်ရေး။…ခေတ်ပေါ်ကဗျာဟာလူတန်းစားလက္ခဏာကိုဖျောက်။…ခေတ်ပေါ်ခံစားပုံနှင့်လူတန်းစားအာရုံခံစားပုံတို့မတူကြ။’
ဇယလ ပြုစုထား။
စိတ်ပါလျှင်ဆက်လက်တင်ပြပါဦးမည်။ကိုယ်တိုင်ပဲလုပ်ကြပါတော့လား။