ပစ္စုပ္ပန်သမိုင်း

ကျကွဲသွားတဲ့အပိုင်းအစတွေဟာပြန်ဆက်သွားပြီး
မူလဖန်ခွက်ပြန်ဖြစ်သွားတယ်၊ဆက်ကြောင်းမရှိ။
စက်ဆရာဟာဆီချေးစွန်းလက်တွေနဲ့စက်ကိုရိုက်
စက်ဟာတဂျုံးဂျုံးနဲ့ပြန်စတင်တော့တယ်။ပုံမှန်အသစ်။
စစ်ကြီးကမွေးထုတ်တဲ့ဂူထဲမှာချစ်သူနှစ်ယောက်
ဖက်ပြီးသေနေကြတယ်။လူတိုင်းသေကြတာပဲလေ၊
လူတိုင်းဖက်တာတော့မဟုတ်ဘူး။လူမှုဗက်တာတွေဟာ
ဖြူစင်ယာဉ်စွန်းတန်းမှာဆုံခဲတယ်။သူတို့အတွက်
ဘဝဟာပြီးသွားပေမယ့် ဘဝဟာသူတို့ကို
နမူနာယူဖို့အကြိမ်ကြိမ်ကြိုးစား အကြိမ်ကြိမ်အညွန့်
တလူလူထွက် အကြိမ်ကြိမ်လူသားဘောက်ဖတ်တွေ။
အကျိုးအပျက်တွေနဲ့ပဲပြန်ကောက်ဆက်
ကိုယ်တွေဟာပဉ္စရူပ ဆဋ္ဌရူပ ဒွါဒဿရူပ။
ပြုံးလိုက်မှအစွယ်ငေါငေါ၊နှုတ်ဆက်ဖို့မြှောက်လိုက်မှ
လက်ထဲသွေးစွန်းသံလျှက်။ဘာအနံ့စူးစူးမှန်း
မသိရတဲ့နေခြည်နုနုနွေးနွေးမှာ။ယခင်ကလို
ပျော်ပျော်ပါးပါးပျော်ပွဲစားထွက်
သွေးစွန်းမြက်ကိုအခင်းနဲဖုံးကျောက်တုံးနဲ့ဖိ
ဟေ့၊နွေဦးဝိုင်ကိုဖောက်တော့မလို့ လာကြလာကြ။
နေ့တာတွေဟာ နေတာတွေလောက်မရှည်ဘူး။
ညတာတွေဟာ ညာတာတွေလောက်မနက်ဘူး။
ဆန်ကောလောက်ရှိတဲ့အပေါက်ကြီးတွေထဲကနေ
လေစိမ်းဟာသတင်းစိမ်းတွေသယ်လာတယ်။ထုံးစံ
အတိုင်း။ ဖက်စရာလက်တစ်ဘက်မရှိတော့တာထက်
ဖက်ဖို့စိတ်တစ်လက်မရှိတော့တာဟာ ပိုပြီးစိမ်းလန်း
နေမလား၊အစိမ်းသက်သက်မဟုတ်တဲ့လောကစိမ်းထဲမှာ
သူစိမ်းသက်သက်မဟုတ်တဲ့ သူစိမ်းတွေအဖြစ်
မျှားတံကြိုးကိုပြန်ရစ်ဖို့
မိတဲ့ငါးဟာပိုကြီးလို့။ ။

ဇယလ
၃ ဂျွန် ကိုဗစ်၂၀

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>