ကဗျာအကြောင်း ပြောပါတယ် (၅၁)

ကဗျာမှာ ပုံသဏ္ဍာန်နဲ့ အကြောင်းအရာဆိုပြီး အလွယ်တကူ ပြောတတ်ကြပါတယ်။ ပုံသဏ္ဍာန် (အင်္ဂလိပ်လို form) လို့ ပြောတဲ့နေရာမှာ ပုံသေပုံသဏ္ဍာန်ဆိုတဲ့ fixed forms ဥပမာ၊ မြန်မာမှာ လေးချိုး၊ အဲချင်း၊ သံချို စသည်ဖြင့်တို့ ရှိကြပြီး အခြားအဓိပ္ပါယ်ကတော့ ဖွဲ့စည်းမှုကို ပြောတာဖြစ်ပါတယ်။ ပုံသေပုံသဏ္ဍာန်၊ ဥပမာ လေးလုံးစပ်မှာ လေးလုံးစပ်ရဲ့ဖွဲ့နည်း ရှိပါတယ်။ ဒါဟာလည်း ပုံသေဖွဲ့နည်းပါပဲ။ ကာရန်ကို စွန့်လွှတ်လိုက်တဲ့ မော်ဒန် (နောက်ပိုင်း’ခေတ်ပေါ်)မှာတော့ ပုံသေပုံသဏ္ဍာန် မရှိတော့တဲ့အတွက် (သို့သော် အနည်ထိုင်လာတဲ့အခါ ‘ခေတ်ပေါ် ပုံသဏ္ဍာန်’ဆိုတာ ဧကန်ရှိလာခဲ့ပါတယ်။ ဤကားစကားချပ်) ဖွဲ့စည်းမှုဟာလည်း အရှင်ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ ပုံသဏ္ဍာန်ကို အားကိုးလို့မရတော့ပဲ ဖွဲ့စည်းပုံကို ပိုဂရုစိုက်လာရပါတယ်။ စကားလုံးတစ်လုံးကအစ၊ စကားလုံးတွဲ၊ လိုင်း၊ စကားလုံးအတွဲအချိတ်၊ လိုင်းအတွဲအချိတ်၊ လိုင်းတွဲ/လိုင်းခွဲ၊ ပိုဒ်ဖွဲ့၊ ပုဒ်ဖွဲ့၊ အလက်ာ၊ နိမိတ်ပုံ၊ သင်္ကေတ၊ နိမိတ်ပုံ အမျိုးအစား၊ ယုတ္တိမှန်/ ယုတ္တိလွန်၊ နရီထပ်ကြော့၊ အက်ပီဖနီ အပိတ်/အပွင့်၊ ဇာတ်လမ်းသဘော ယူ/မယူ၊ … စတာတွေဟာ အကုန်လုံး ‘အရှင်’ ဖြစ်လာတယ်။ အကြောင်းအရာဆိုတာနဲ့ ခွဲလို့မရတော့ပါဘူး။

အကြောင်းအရာလို့ ပြောတဲ့နေရာမှာလည်း ကဗျာပုဒ်ထဲ ပြောပြနေတဲ့ အကြောင်းအရာ subject matterနဲ့ ဆိုလိုရင်းအာဘော် theme တို့ ကွဲကြပါသေးတယ်။ ပုံသေပုံသဏ္ဍာန်မှာ ပုံသဏ္ဍာန်ခွက်ထဲကနေ အကြောင်းအရာကို ခွဲထုတ်ပြလို့ရပေမယ့် ပုံသဏ္ဍာန်အရှင်မှာတော့ စကားလုံးတိုင်း၊ လိုင်းတိုင်း၊ သုံးတဲ့ပစ္စည်းတိုင်းဟာ အကြောင်းအရာရဲ့ အသွေး၊ အသား၊ အရိုး၊ အရွတ်တွေ ဖြစ်နေကြတဲ့အတွက် အကြောင်းအရာနဲ့ ခွဲလို့မရတော့ပါဘူး။ ပိုစူးရှတာက အကြောင်းအရာတစ်ခုကို မရေးခင်က ပုံစံချရေးတာမျိုး (ဥပမာ၊ ဗိုလ်ချုပ်မွေးနေ့၊ တိုင်းရင်းသားချစ်ကြည်ရေး၊ တံတားသစ်ဖွင့်ပွဲ၊ ဘာညာ ကြိုဆိုပွဲ၊ ဘလာဘလာဘလာတွေ) မဟုတ်ပဲ ရေးရင်းအကြောင်းအရာ(တွေ) အမျှင်ချိတ်ပေါ်လာတာမျိုးဆို ပိုပြောရခက်ပါတယ်။ အကြောင်းအရာနဲ့ ပုံသဏ္ဍာန် ခွဲထုတ်ပြောရ ပိုခက်ပါတယ်။

မော်ဒန်/ ခေတ်ပေါ်ပေါ် ထိုးနှက်ချက်တွေထဲမှာ အဓိကက ဒီပုံသဏ္ဍာန်နဲ့ အကြောင်းအရာကိစ္စပါပဲ။ ပုံသဏ္ဍာန် အသေနဲ့အရှင်။ ဆိုးတာကတော့ ပုံသဏ္ဍာန်နဲ့ ‘ကဗျာ'(ဖြစ်ခြင်း/မဖြစ်ခြင်း ဒီဂရီ)တို့ကို ရောထွေးမှု။ ပုံသဏ္ဍာန်အသေကို ‘ကဗျာ’လို့ ယူလိုက်ခြင်းမှာ ကဗျာရဲ့ ကဗျာဖြစ်နိုင်ချေ နယ်နိမိတ်ကို ကန့်သတ်ချလိုက်သလိုဖြစ်ပြီး နောင်မှာ အသစ်မထွင်နိုင်တော့ပဲ ပြန်လည်ထုတ လုပ်မှု reproduction တွေပဲ ဖြစ်လာတော့တယ်။ ခေတ်ပေါ်မှာလည်း ထိုနည်းလည်းကောင်းပဲ။ ၁၉၇၀ ခုနှစ်များက စခဲ့ရင် အခုဆို ၅၈နှစ်ရှိနေပြီ။ ရာစုနှစ်တစ်ဝက် ကျော်သွားပြီ။ အခြေကျပြီ။ ပုံသဏ္ဍာန်လည်း အသေဖြစ်နေပြီ။ အထူးသဖြင့် မော်ဒန်ကမလာပဲ ‘ပြည်သူ့’သရုပ်မှန်ကလာတဲ့ ခေတ်ပေါ်အမျိုးအစား။

ပုံသဏ္ဍာန်နဲ့ အကြောင်းအရာ ခွဲပြောလို့ရတာတွေဟာ စကားပြေပိုဆန် (စကားပြေနယ်ပယ်ဘက် ပိုရောက်ရှိ)ပြီး ခွဲပြောလို့ မရတာတွေဟာ ကဗျာပိုဆန်(ကဗျာနယ်ပယ်ထဲ ပိုရောက်ရှိတယ်)ဆိုတာ ချိန်ထိုးဆရင် မြင်ရပါတယ်။ ဒီကြားထဲ ကာရန်မဲ့ရင်ပဲ ‘မော်ဒန်/ခေတ်ပေါ်’ကဗျာဖြစ်တယ်ထင်ပြီး ရေးနေကြတဲ့ အရေးအသားတွေ (သတင်းစာတွေမှာ ဖော်ပြတာမျိုးတွေ)ဟာ ဖွဲ့စည်း(ဖန်တီး)မှုပိုင်း လွန်စွာအားနည်းပြီး လိုရင်းအကြောင်းအရာ ငေါထွက်နေတဲ့ ကဗျက်တွေသာ ဖြစ်နေကြတာ တွေ့ရပါတယ်။

‘ခေတ်ပေါ်’လိုင်း မလိုက်တော့တဲ့ ဒီဘက်ပိုင်း ‘ခေတ်ပြိုင်’ကဗျာတွေမှာ ပုံသဏ္ဍာန်နဲ့ အကြောင်းအရာ ပိုသိုသိပ်/သိပ်သည်းလာတာ တွေ့ရပါတယ်။ အကြောင်းအရာ ကောက်ကြောင်းချပြီး ပုံဖော်ရေးသားတာမျိုး မဟုတ်တော့တဲ့၊ ဖွဲ့စည်းမှုရဲ့ ရင်ခုန်လှုပ်ရှားဖွယ်နောက် လိုက်ကြတဲ့၊ ဖွဲ့စည်းမှုဆိုင်ရာ နည်းသစ်တွေ (ပင်မရေစီးကဗျာတွေမှာ မတွေ့ရတဲ့ နည်းသစ်တွေ) ရှာဖွေသုံးစွဲလာကြတဲ့၊ ရှိရင်းစွဲကဗျာတွေနဲ့ ပုံသဏ္ဍာန်ချင်း မတူကြတော့တဲ့ ကဗျာတွေ ဖြစ်ပါတယ်။

ကဗျာပေါ် လက်ခံထားမှုအသိ၊ ကဗျာပုဒ်ဖွဲ့စည်းခြင်းအတတ်တွေပြောင်းရင် ကဗျာပုံသဏ္ဍာန်တွေလည်း လိုက်ပြောင်းကြတာဟာ ကဗျာသမိုင်းမှာ ဓမ္မတာပါပဲ။ လက်ခံခြင်း ငြင်းပယ်ခြင်း၊ ထောက်ခံခြင်း၊ ဆန့်ကျင်ခြင်းတွေဟာ ခေတ်စမ်းမှာလည်း ရှိခဲ့တယ်။ စာပေသစ်မှာလည်း ရှိခဲ့တယ်။ မော်ဒန်/ ခေတ်ပေါ် ခေတ်ဦးမှာလည်း ရှိခဲ့တယ်။ အခုလည်း ရှိနေတယ်။ မဆန်းပါဘူး။ ရှိဦးမှာပါပဲ။

တစ်ခုရှိတာကတော့ ကဗျာရဲ့ ကိုယ်ရည်ကိုယ်သွေး။ ဘယ်ပုံသဏ္ဍာန်၊ ဘယ်အမျိုးအစားနဲ့ရေးရေး၊ ကဗျာရဲ့ ကိုယ်ရည်ကိုယ်သွေးရှိနေသမျှ၊ ပြည့်ဝနေသမျှ ကဗျာကောင်း ဖြစ်နေမှာပါပဲ။ နောက်ဆုံးပေါ်တွေ့ရှိတဲ့နည်း(တွေ)နဲ့ ရေးတိုင်းလည်း ကဗျာကောင်း ဖြစ်ချင်မှဖြစ်မှာကိုတော့ သတိချပ်ရမှာပါပဲ။ အဲဒါဟာ ရေးသူရဲ့ အနုပညာအတိမ်အနက်ပေါ် များစွာတည်နေတာလည်း ဖြစ်ပါတယ်။

ကဗျာပဲ ရေးလိုခြင်းနဲ့ ကဗျာအနုပညာ ဖန်တီးလိုခြင်းတို့ဟာ တူမလိုလိုနဲ့ ကွာခြားကြပါတယ်။

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

ဇယလ
၁၇ ဂျူလိုင် ‘၁၈

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>