မင်းရဲ့သံတိုင်တွေနဲ့ ကိုယ့်ရဲ့သံတိုင်တွေကြား
မင်းရဲ့လျှာနဲ့ကိုယ့်ရဲ့လျှာတွေအငမ်းမရ
ဘဝဆိုတာမဟုတ်ပေမယ့်စုပ်သောက်ခဲ့ကြတာ
ဘာဘီလုံမှာ ယူဖရေးတီးစ်မှာ အိန္ဒုမြစ်ဝှမ်းမှာ
မဟာဘာရတမှာ ဂင်န်ဂျီခေါင်းအုံးပုံပြင်မှာ
ကိုယ့်ကိုယ်ထဲအတွင်းဆုံးဝင်ပြီး
မင်းကိုယ်ထဲအနက်ဆုံးဝင်ဖို့
နေခြင်းရဲ့စကြဝဠာထဲလမ်းစရှာဖွေခဲ့ကြတာ
မော်လီကြူးတွေ ပရိုတိန်းတွေ အမီနိုအက်ဆစ်တွေကြား
ချော်သွားတဲ့အခါသံတိုင်ကိုလျှာနဲ့ရိုက်မိတာ
မင်းရဲ့အချုပ်နဲ့ကိုယ့်အချုပ်တို့
ချုပ်ရက်လွတ်ကြတဲ့အခါ
မင်းဟာမင်းထဲပြန်မိုးချုပ်ပြီး
ကိုယ်ဟာကိုယ့်အမှောင်ထဲဆုံးဆုံးပြန်မြုပ်ရသလိုပဲ
ကိုယ့်ကိုကိုယ်မသိတဲ့နေရာတွေလည်း
ကိုယ်ရောက်ခဲ့ရဘူးပြီပဲ
ဆေးရုံတို့ သုသာန်တို့ မင်းရဲ့ပူနွေးအာခံတွင်းထဲတို့
ကိုယ့်ကိုကိုယ်ခွေးတစ်ကောင်လိုနမ်းကြည့်ခဲ့ရတယ်
မနမ်းခင်စူးစမ်း နမ်းတုန်းစူးစမ်း နမ်းပြီးစူးစမ်း
အနမ်းဟာနမ်းခြင်းထဲမှာလွတ်နေပြန်ပါရော
ပြန်ဖမ်းတိုင်းမှာ အနမ်းထဲ
မဝရေဆာပိတ်မိပြန်ပါရော
အတွင်းအပြင်ဌာန်ကရိုဏ်းကျလို့
ဗျည်းစိုစိုမှာသရရွှဲရွှဲ နမ်းနေတာကိုပဲသိတယ်
သိနေတဲ့အခါမသိတော့တာအနမ်းရဲ့အနက်ပဲ
သရဲကားထဲက သွေးမထွက်တဲ့သရဲဟာ
သရဲမို့လို့သွေးကိုပဲလျက်နေရသမို့
အဲသလိုသူတို့လည်းခံစားကြဘူးတာပဲလို့
သူတို့တွေသူတို့တွေပြောကြပါလိမ့်မယ်
သူတို့တွေသူတို့တွေရေးကြပါလိမ့်မယ်
သူတို့တွေသူတို့တွေ ဧဧဆေးဆေးနမ်းနေကြတာပိုကောင်းမယ်
မင်းဆီကကိုယ်ရုတ်လိုက်ပြီး
ကိုယ့်ဆီကမင်းပဲ့သွားတဲ့အခါ
နဂိုပြန်ရွဲ့စောင်းသွားကြတယ်
ဖားလောင်းတွေဟာငါးမဖြစ်သွားကြသလို
ဖယောင်းဟာလည်းအရည်ပျော်သွားတာပဲ
မင်းရဲ့လျှာရိုက်မိခဲ့တဲ့သံတိုင်ရဲ့ချိုင့်ရာလေးထဲ
ကိုယ့်လျှာထိုးပြီးလက်ကျန်ရှိနိုးထိုးစုပ်လျက်နေဆဲ
အဲဒီအနမ်းထဲဘာတွေကိုယ်တို့
အလိုတူပြိုလဲခဲ့ကြသလဲ
အလိုတူအညိုအမည်းဘာတွေစွဲခဲ့ကြသလဲ
ဘာကိုကိုယ်တို့နမ်းမိနမ်းရာနမ်းခဲ့ကြတာလဲ။ ။
ဇယလ
၁၅ နို ‘၁၇