ဝမ်းနည်းသူရဲ့ တမ်းချင်း

လူသကောင်ဟာဝမ်းနည်းလို့ 
ဆက်လက်သေဆုံးလို့ နေတယ် ။

ထမင်းစားရင်းတန်းလန်းနဲ့ ဆက်လည်းမစားတော့ဘူး ။

အထက်ကိုတက်ရရင် သူဟာခေါင်းအထိဝမ်းနည်းပြီး
အောက်ကိုဆင်းမယ်ဆို သူ့ ခြေချင်းဝတ်ဟာ မြိုသိပ်ရှိုက်လို့ ။

ဗာလေယိုလိုပဲ သူ့ မေးစေ့ကိုပွတ်သပ်ပြီး
လူသေကောင်ဟာ ဆုတ်ခွာသွားဖို့ ပြင်ဆင်တယ် ။

အဲဒီအချိန်မှာ သူ့ ဖြစ်တည်မှုဟာ မတ်တတ်ရပ်နေတယ်
စွပ်ကျယ်တစ်ထည်ထဲမှာ မတ်တတ်ရပ်နေတယ် ။

သေမင်းကလွှတ်လိုက်တဲ့မြင်းနက်ပဲဖြစ်လိမ့်မယ်
သောက်လက်စခွက်ထဲက ရေခဲတုံးဟာ အရည်ပျော်သလို
ထ ဟီတယ် ။

ခါးအထက်ပိုင်းမှာနေချင်သေးသလို
ခါးအောက်ပိုင်းလည်းမသေချင်သေးဘူး ။

လူသေကောင်ဟာနေ့ စွဲကိုကြည့်လိုက်တယ်
ဒီနေ့ ဗုဒ္ဓဟူး ။ သေမှာကိုကြိုသတိရပြီးလွမ်းနေမိသလို ။

သူဟာဘယ်သူ့ ကိုမှဘာမှမလုပ်ပဲ
သူ့ ကိုကျတော့လုပ်ရက်ကြလေခြင်း
သြော်…ကမ္ဘာကြီးရယ်…လုပ်ရက်ကြလေခြင်း ။

လူသေကောင်ဟာ ကြာသပတေးနေ့ ကိုပဲ
ငေးပြီး ကမ္ဘာကြီးကိုဝမ်းနည်းမိနေတယ် ။ ။


(ဆီဇာ ဗာလေယို အကြောင်းဖတ်ပြီး ခေါင်းထဲစွဲနေတဲ့ သူ့ အကြောင်းအချို့ နဲ့ သူ့ မူလအတိုင်းမဟုတ်တော့တဲ့ လိုင်းတစ်လိုင်းနှစ်လိုင်း အပါအ၀င် စာသားပြုလုပ်တာဟာ ပြုလုပ်ပိုင်ခွင့်အတွင်းမှာရှိသလား၊ ကျော်လွန်သလားပေါ့ ။
စဉ်းစားမိပါတယ် ။ ပြီးခဲ့တဲ့အပတ်က လာပြီး ပြန်သွားတဲ့ အမေရိကန်ခေတ်ပြိုင်/ကွန်ဆက်ပ်ချူ ရလ်ကဗျာဆရာမ
ခရစ္စတီးန် ပရဲဗလေး ဟာ တီအက်စ်အဲလိယစ်တ်ရဲ့ 
‘သံပြိုင်တေးလေးပုဒ်’ ကဗျာရှည်တစ်ပုဒ်လုံးကို
သူ့ စကားနဲ့ ပြန်ရေးပြီးကဗျာစာအုပ်ထုတ်ထားတာ
ကျွန်တော့်ကိုပေးသွားတယ် ။ စားနေပြီပေါ့ ။ )

—–

ဇယလ
၂၆ နိုဝင်ဘာ ၂၀၁၄

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>