ကိုယ်ခန္ဓာတွင်းရှိဆံခြည်ပြွန်သွေးကြောငယ်တွေဟာ အလင်းကို ဘာသာစကားအဖြစ် သုံးကြတယ်။ အဲဒါကြောင့် အချို့ အချိန်တွေမှာ သူတို့ ဘာတွေပဲပြောချင်ပြောချင်၊ အချို ဓါတ်မရှိတဲ့အတွက် မြိုသိပ်မှုအောက် ငုပ်လျှိုးနေကြရတယ်။
ပြောချင်တာမပြော၇ရင် သူတို့ ထဲက ‘စိတ်’ ဖြစ်စေတဲ့စက်အပိုင်းအစလေးတွေဟာ ညှိုးငယ်ပြီး ညစ်ထေးကုန်ကြတယ်။
ညစ်ထေးဟာ တစ်ချမ်းစီကျိုးပဲ့နေကြတဲ့ဘလိတ်ဓါးတွေ ၀ါးမစားခင် သူ့ ကိုယ်သူပြန်လှီးတယ်။
သက်တံရဲ့ ဒီတစ်ပတ်လျှပ်စစ်ဓါတုဓါတ်ဟာ အနိမ့်အမြင့်နရီတွေရွေးစုပြီး စကားလင်းလေးတွေကို လုံးဝန်းအောင်လုပ်ဖို့ တဲ့။ အဲဒီမှာရော မျှော်လင့်စရာလေးရှိပါ့မလား။
ကိုယ်ခန္ဓာထဲမှာ ဘယ်နေရာက စ လင်းမလဲ၊ လာဗင်ဒါတစ်ခိုင်လုံး ညွတ်နေအောင်ပွင့်နေတဲ့ ဆည်းဈာရယ်။
အရည်မပျော်ပဲေ၇ခဲဟာ အခိုးအငွေ့ မဖြစ်ရတော့ဘူးတဲ့လား။ သင်အိပ်နေလား။ သင်နိုးနေလား။ သင့်ကိုဘယ်သူအိပ်မက်တွေပုံမှန်မက်တယ်ဆိုတာပြောရရင် ကုန်းပေါ်မှာ အမြီးကိုထောက်ပြီး လျှောက်သွားတဲ့ငါးကြီးတစ်ကောင်၊ ပိုတိတိကျကျပြော၇ရင်၊ စိတ်ကိုပြောင်းလဲစေတဲ့ ဇီဝဓါတုဆံခြည်ပြွန်သွေးကြောငယ်တွေရဲ့ အမြှေးပါးလေးတွေထဲက စိမ့်ထွက်ကျနေကြတဲ့ ပုလဲအမြုတေလေးတွေ။ အာရုံဟာ ဘယ်အချိန်မှာ စကားလုံးဖြစ်သွားတတ်သလဲ။
ဦးခွံရိုးထဲကပန်းခင်းထဲ ၀တ်ရည်စုပ်ကြတဲ့ ချပ်ဝတ်တန်ဆာပလာအပြည့်နဲ့ ရက်စက်မှုတွေဟာ သနားညှာတာလို့ ဆိုတဲ့အကြောင်းပြချက်တွေထုတ်ပြန်တယ်။ ဒွိဟနံ့ တထောင်းထောင်းနဲ့ ။
မြေပြင်မှာခြေဖျားတွေ ပြန်ထောက်လိုက်တာနဲ့  ရောင်စုံအက်တမ်တောက်တောက်ပပတွေဟာ မေးခွန်းပုံရေပူဖေါင်းလေးတွေ ဖြစ်သွားကြပြီး အလင်းဖွား သက်တံလုံးလုံးလေးတွေဟာ ဖေါက်ကနဲဖေါက်ကနဲ ဆက်ပြောသွားကြတာတွေထဲမှာ၊ ‘ကိုယ်မင်းကိုပြောချင်တာဟာလည်းဒါပါပဲ’ လို့ ရောယောင်ပြီးတော့များပြောသွားကြပါသေးရဲ့လား ။ ။
ဇေယျာလင်း