topbap

ဟောင်ကောင်နိုင်ငံတကာ ကဗျာညများပွဲတော် ၂၀၁၃

International Poetry Nights Hong Kong (IPNHK) ပွဲတော်ကျင်းပရေးဥက္ကဋ္ဌဖြစ်သူ ဟောင်ကောင်အခြေစိုက်တရုတ် ကဗျာဆရာ Bei Dao (ဘေဒါအော်ဝ်) (`ပေတောက်´) ရဲ့ ဖိတ်ကြားမှုနဲ့ ဒီပွဲတော်ကို နိုဝင်ဘာ ၂၀၊ ၂၀၁၃ ကနေ နိုဝင်ဘာ ၂၄၊ ၂၀၁၃ အထိတက်ရောက်ဖြစ်ခဲ့ပါတယ်။ ဒီဟောင်ကောင်နိုင်ငံတကာ ကဗျာညများပွဲတော်ကို ကျင်းပတာ ဒါနဲ့ဆို သုံးကြိမ်မြောက်ပဲရှိပါသေး တယ်။ ပထမဆုံးပွဲတော်ကို ၂၀၀၉ ၊  ဒုတိယပွဲတော်ကို ၂၀၁၁ နဲ့ အခု တတိယပွဲတော်ကို ၂၀၁၃ မှာ ကျင်းပတာဖြစ်ပါတယ်။

ဒီပွဲတော်ကျင်းပဖို့ ကမကထလုပ်သူကတော့ Bei Dao ဖြစ်ပြီး ပွဲတော်ဖြစ်မြောက်ရေးအတွက် ပံ့ပိုးတဲ့အဖွဲ့အစည်းတွေက တော့ The Faculty of Arts at the Chinese University of Hong Kong, The Faculty of Arts at the Hong Kong Baptist University, The School of Humanities and Social Sciences at the HK University of Science and Technology, British Council (HK), Alliance Francaise(HK) Tramways Ltd., EU, နဲ့ The Consulate General of Spain in Hong Kong တို့ဖြစ်ကြပါ သည်။ လူပုဂ္ဂိုလ်အားဖြင့်လည်း ပညာ၊ ဂုဏ်သိက္ခာ ၊ ချမ်းသာကြွယ်ဝမှုအဆင့်အတန်းမြင့် HK မြို့မျက်နှာဖုံးတို့ပါဝင်ကြပါတယ်။ အထူး သဖြင့် ကျောင်း ၊ ကောလိပ် ၊ တက္ကသိုလ်တွေမှာရှိကြတဲ့ စာပေအနုပညာဘာသာရပ်သင်ဋ္ဌာနတို့က ကြီးမှူးကြတာဖြစ်ပါတယ်။

ယခင်ပွဲတွေမှာ ကမ္ဘာကျော်ကဗျာဆရာ/ဆရာမတွေဖြစ်ကြတဲ့ Paul Muldoon (Ireland), Tanikawa Shuntaro (Japan) ၊ Tomaz Salamun (Slovenia) ၊ Arkadii Dragomoschchenko (Russia) ၊ C.D. Wright (USA) ၊ Eliot Weinberger (USA) တို့လည်း ပါဝင်ခဲ့ကြပါတယ်။ ဒီနှစ် ၂၀၁၃ ပွဲမှာတော့ Adonis (Syria) ၊ Dunia Mukhail (Iraq) ၊ Peter Minter (Australia) ၊ Raul Zurita (Chile) ၊ Jeffrey Yang (USA)၊ Aase Berg (Sweden) ၊ Lee Seong-Bok (South Korea) ၊ Un Siosan (Macau) ၊ Menna Elfyn (Wales) ၊ Natalia Chan (HK) ၊ Han Dong (China) ၊ Ye Mimi (Taiwan) ၊ Conchitina Cruz (Philippines) ၊ Olvido Garcia Valdez (Spain) ၊ Tim Lilburn (Canada) ၊ Tomaz Rozycky (Poland) ၊ Lan Lan (China) နဲ့ ကျွန်တော် Zeyar Lynn (Myanmar) စုစုပေါင်း ၁၈ ယောက်ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

Poets
Left to Right: Raul Zurita (Chile), Bei Dao (China), Zeyar Lynn (Myanmar) and Adonis (Syria). Photo Credit: www.ipnhk.com

Bei Dao နဲ့ တွေ့တွေ့ချင်းမှာပဲ ကျွန်တော့်ကိုဘာဖြစ်လို့ဖိတ်တာလဲလို့ ကျွန်တော်မေးတော့ ‘You are well-known internationally’ `ခင်္ဗျားဟာ နိုင်ငံတကာမှာ နာမည်ရသူဖြစ်လို့´လို့ သူပြန်ဖြေတော့ ကျွန်တော် တကယ်အံ့ဩထိတ်လန့်ခဲ့ရပါတယ်။ သူ့ စကားလုံးက ကြီးလွန်းလို့ပါ။ ကျွန်တော့်စိတ်ထင်တော့ ကျွန်တော်တက်ရောက်ခဲ့တဲ့ UK Parnassus International Poetry Festival (၂၀၁၂) ၊ Bangkok World Summit Literature Event (၂၀၁၂) ၊ PEN USA International Literature Event (၂၀၁၃) ၊ Singapore – Myanmar Poetry Event (၂၀၁၃) နဲ့ Iowa Writing Program (IWP/USA) (၂၀၁၃) တို့ကြောင့်ပဲ ကျွန်တော့်ကို နိုင်ငံတကာ ကဗျာအသိုင်းအ၀ိုင်းက သိလို့ပဲဖြစ်ပါလိမ့်မယ်။ အံ့လည်းဩရပါတယ်၊ ဂုဏ်လည်းယူရပါတယ်၊ ၀မ်းလည်းသာရပါတယ်။ မြန်မာခေတ်ပြိုင်ကဗျာအနေအထားကို ကျွန်တော်ကမ္ဘာကိုပြောခွင့်နဲ့ ကဗျာရွတ်ဖတ်ခွင့်ရလို့ပါပဲ။

ကျွန်တော်တို့ကို HK မြို့မှာရှိတဲ့ အထင်ကရ ဟိုတလ်တစ်ခုဖြစ်တဲ့ Hyatt Regency HK at Sha Tin မှာ စရိတ်ငြိမ်းတည်းခို ခွင့်ပေးပါတယ်။ လေယာဉ်စရိတ်လည်းအသွားအပြန်ပေးပါတယ်။ ဒီ့အပြင် ကဗျာရွတ်ဖတ်ခြင်းနဲ့ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခြင်းတို့ အတွက် ဥာဏ်ပူဇော်ခ honorarium အဖြစ်ဟောင်ကောင်ဒေါ်လာ ၈,၀၀၀/- ပေးပါတယ်။ မြန်မာငွေနဲ့ဆို ကျပ်တစ်ဆယ့်တစ်သိန်း လောက်ဖြစ်ပါတယ်။ ဒီ့အပြင် ကျွန်တော်တို့တစ်ဦးစီရဲ့ ကဗျာတွေကို စာအုပ်တစ်အုပ်စီအဖြစ် အခမဲ့ ပုံနှိပ်ထုတ်ဝေပေးပါတယ်။

ပထမညမှာ သတင်းစာရှင်းလင်းပွဲနဲ့ ညစာစားပွဲ တည်ခင်းပါတယ်။ China Club မှာဖြစ်ပါတယ်။ အနောက်တိုင်းဝတ်စုံပြည့်နဲ့ တက်ရောက်ခဲ့ရပါတယ်။ ကျွန်တော်တို့ တစ်ယောက်စီဟာ ကိုယ့်ကိုကိုယ် မိတ်ဆက်ပြောကြားရင်း ဒီပွဲကျင်းပရေး ကော်မတီနဲ့ Bei Dao ကိုလည်း ဂုဏ်ပြုစကားပြောကြားရပါတယ်။ Bei Dao ကိုယ်တိုင်ကလည်း ဒီနှစ်ပွဲတော်ရဲ့ theme ဖြစ်တဲ့ ၊ ‘Islands or Continents’ အကြောင်းရှင်းလင်းပြောပြပါတယ်။ တက်ရောက်လာကြတဲ့ ဧည့်ပရိသတ်နဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို သက်ဆိုင်သူက ဖြေကြားရတာလည်းရှိပါတယ်။ ကျွန်တော့်ကိုတော့ HK ရောက်ရှိတာ ပထမဆုံးအကြိမ်လားလို့ပဲမေးပါတယ်။ ဒါဟာ ဒုတိယအကြိမ်ဖြစ် ပြီး ပထမဆုံးအကြိမ်အဖြစ် British Council က ဖွဲ့စည်းခဲ့တဲ့ အင်္ဂလိပ်ဘာသာစကား သင်ကြားမှုဆိုင်ရာ အစီအစဉ် ELTeCS East-Asia အဖွဲ့အစည်းမှာ ဦးဆောင်ပါဝင်သူအဖြစ် ၁၉၉၄ ကရောက်ရှိခဲ့ပါတယ်လို့ဖြေကြားခဲ့ပါတယ်။

ဒုတိယနေ့ နေ့လည် ၃း၀၀ –  ၄း၃၀ မှာ ပထမဆုံး Panel Discussion ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ HK Baptist University ရဲ့ ခန်းမထဲမှာဖြစ်ပါတယ်။ ‘Poetry Without Boundaries’ ခေါင်းစဉ်အောက်မှာ Professor Kathleen Ahrens က moderator ပြုလုပ်ပြီး Wales က Menna Elfyn ၊ Chile က Raul Zurita ၊ Canada က Tim Lilburn ၊ Australia က Peter Minter ၊ China က Lan Lan နဲ့ Myanmar က Zeyar Lynn တို့ဆွေးနွေးပြောဆိုဖလှယ်ခဲ့ကြပါတယ်။ (ဒီဆွေးနွေးပွဲအကြောင်းကို ဆောင်းပါး တစ်ပုဒ်အဖြစ်နဲ့ သီးသန့်တင်ပြပါမယ်။)

ဒုတိယနေ့ ည ၇း၀၀ – ၈း၃၀ မှာ ပထမဆုံးအကြိမ်ကဗျာရွတ်ဖတ်ပွဲကျင်းပပါတယ်။ HKICC Lee Shau Kee School of Creativity မှာဖြစ်ပါတယ်။ Bei Dao က အဖွင့်အမှာစကားပြောကြားပြီး Adonis ၊ Tomasz Rozycky ၊ Zeyar Lynn နဲ့ Lan Lan တို့ရဲ့ ကဗျာရွတ်ဆိုမှုနဲ့ ဖွင့်လိုက်ပါတယ်။ သူများက သူတို့ဘာသာစကားနဲ့ ရွတ်ပြီး တရုတ်နဲ့ အင်္ဂလိပ်ဘာသာပြန်ကို နောက်ခံ screen ကနေ projector နဲ့ တင်ပြပါတယ်။ ကျွန်တော့်ကဗျာမှာတော့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာ font ပုံနှိပ်နဲ့ ပါမလာပဲ အင်္ဂလိပ်နဲ့ တရုတ် ဘာသာ စကားနဲ့ပဲ ဖေါ်ပြပါရှိလို့ `စက်ရပ်သတင်း´၊ `ပြန်လာသူ´၊နဲ့ `ဝေလငါး´ ကဗျာ ၃ ပုဒ်ကို အင်္ဂလိပ်လိုပဲ ရွတ်ဖတ်ခဲ့ပါတယ်။

ဒုတိယနေ့နေ့လည် ၃း၀၀ – ၄း၃၀ မှာပဲ အခြားခန်းမမှာ ဒုတိယ Panel Discussion ကျင်းပခဲ့ပါတယ်။ ‘Poetry and Globalisation’ ခေါင်းစဉ်အောက်မှာ ဆွေးနွေးကြတာဖြစ်ပါတယ်။ Professor Lucas Klein က moderator လုပ်ပြီး Aase Berg ၊ Conchitina Cruz ၊ Jeffrey Yang ၊ Tomasz Rozycki ၊ Un Siosan နဲ့ Ye Mimi တို့ဆွေးနွေးကြတာဖြစ်ပါတယ်။ ကျွန်တော့်ပွဲနဲ့ တစ်ချိန်တည်းဖြစ်နေလို့ ကျွန်တော်မတတ်ရောက်နိုင်ခဲ့တာ စိတ်မကောင်းပါဘူး။ တော်တော်စိတ်ဝင်စားစရာ ကောင်းတဲ့ ခေါင်းစဉ်ပါပဲ။

တတိယနေ့မနက် ၁၁း၀၀ – ၁၂း၀၀ မှာ HK School of Creativity မှာပဲ အထက်တန်းကျောင်းသူကျောင်းသား ၁၀၀ လောက် ရှေ့မှောက်မှာ ကျွန်တော်ကဗျာရွတ်ဖတ်ခဲ့ပြီး ၄း၀၀ – ၅း၀၀ မှာ တတိယ Panel Discussion ကျင်းပပါတယ်။ ‘Languages Great and Small: Evolution and Revolutions in Poetry’  ခေါင်းစဉ်နဲ့  Professor Lee Ou Fan Leo moderator လုပ်ပြီး Adonis ၊ Dunia Mikhail ၊ Olvido Garcia Valdez ၊ Lee Seong-bok ၊  Han Dong နဲ့ Natalia Chan တို့ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။ ကျွန်တော် အလည်လွန်နေလို့ နောက်ကျသွားပြီး မတတ်ရောက်ဖြစ်ခဲ့ပါ။ ညမှာ Raul Zurita ၊ Jeffrey Yang ၊ Aase Berg ၊ Han Dong တို့ကဗျာ ရွတ်ဖတ်ခဲ့ကြပါတယ်။

စတုတ္ထနေ့မှာ Panel Discussion မရှိတော့ပဲ Dunia Mikhail ၊ Lee Seong-bok ၊ Un Sio San နဲ့ Peter Minter တို့ ကဗျာ ရွတ်ဖတ်ခဲ့ကြပြီး နောက်ဆုံးညနေမှာ Tim Lilburn ၊ Ye Mimi နဲ့ Conchitina Cruz နဲ့ ညမှာ Menna Elfyn ၊ Natalia Chan ၊ Olvido Garcia Valdez တို့ကဗျာရွတ်ဖတ်ပွဲပြုလုပ်ပြီး ဒီ HK ကဗျာပွဲတော်ပြီးဆုံးခဲ့ပါတယ်။ နောက်နေ့မှာ တရုတ်ပြည်မကြီး ခရီးစဉ်တွေ သူတို့ ဆက်သွားကြပေမယ့် ကျွန်တော် အမေရိကန် ၃ လနီးပါးသွားထားတာနဲ့ပါ ခရီးပမ်းလို့ အိမ်ပဲပြန်ခဲ့ပါတယ်။

ဒီပွဲက ကျွန်တော်ဘာရခဲ့သလဲဆိုရင် နိုင်ငံတကာ ကဗျာအတွေ့အကြုံ international poetry exposure ၊ ကျွန်တော်ဘာသာ ပြန်ဖူးတဲ့ ကဗျာဆရာ/ဆရာမတွေကို လူကိုယ်တိုင်တွေ့ဆုံရင်းနှီးခင်မင်ခွင့်ရခြင်း ၊ နိုင်ငံတကာကဗျာပွဲတော် ကျင်းပခြင်းအတွေ့အကြုံနဲ့ ကမ္ဘာကို မြန်မာကဗျာနဲ့ ရင်းနှီးစေဖို့ အခွင့်အရေးရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ ဥာဏ်ပူဇော်ခကတော့ရမယ်လို့ကို မထင်မှတ်ထားခဲ့ပါဘူး။ ဒီပွဲနဲ့ ပတ်သက်လို့ ကျွန်တော်မကြိုက်တာကတော့ အစီအစဉ်ညံ့ဖြင်းခြင်းပါပဲ။ ကျွန်တော်တို့ ကဗျာ ဆရာတွေကို ဟိုတလ်ကနေ အထူးယာဉ်နဲ့ ရွတ်ဖတ်ရမယ့်နေရာဆီခေါ် ၊ ရွတ်ဖတ်ပြီးတာနဲ့ ကားပေါ်ပြန်တက်ပြီး ဟိုတယ်ကိုပြန်လာကြရပါတယ်။ ပွဲမစခင်နဲ့ ပွဲအပြီးမှာ ပရိသတ်နဲ့ အလွတ်သဘောပြောဆိုခွင့်မရခဲ့ပါဘူး။ လုပ်ပုံက တုံးတိတိ သိပ်ဆန်ပါတယ်။ အဲဒါကို အခြားကဗျာဆရာ/ဆရာမတွေကလည်းပြောပါတယ်။ အော့ဇီက ကဗျာဆရာ Peter Minter ကောက်ချက်ချတာကတော့ ‘That’s HK efficiency, I suppose’ `အဲဒါဟောင်ကောင်ရဲ့ (အချိန်) တိတိကျကျနဲ့ ကျွမ်းကျွမ်းကျင်ကျင်စွမ်းဆောင်နိုင်မှုပဲလို့ထင်ပါတယ်´ တဲ့။

ဇေယျာလင်း
28 – Nov – 13

One thought on “ဟောင်ကောင်နိုင်ငံတကာ ကဗျာညများပွဲတော် ၂၀၁၃”

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>