ငါမင်းကိုမသိခဲ့ဘူး ၊ ဆီယာယု။ မင်းဟာ ထိုင်ဝမ်မှာမွေးပြီးထိုင်ပေနဲ့ ပါရီမှာ တစ်လှည့်စီနေတာငါမသိခဲ့ဘူး။ ဖြည့်ဖို့ကြာမြင့်နေ တဲ့ တရုတ်ဖဲမင်းနစ္စ ကဗျာဆရာမကွက်လပ်ဟာ မင်းကိုစောင့်မျှော်နေခဲ့တာ ငါမသိခဲ့ဘူး။ ဂျင်ဒါဆက်ဆံရေး မင်းရေးခဲ့တာ ငါမသိခဲ့ဘူး။ sexual/textual လိင်ဆိုင်ရာ/ စာသားဆိုင်ရာ ရှာဖွေတူးဖေါ်မှုတွေ မင်းပြုခဲ့တာ ငါမသိခဲ့ဘူး။ အသွေးအသား သာယာမှုနဲ့ စာသားသာယာမှု တို့လာထိစပ်နေတဲ့ စပေ့စ်မှာ မင်းအာရုံအထူး ခံစားတတ်တာ ငါမသိခဲ့ဘူး။ မင်းမှာ ပြင်သစ်ကဗျာ လွှမ်းမိုးမှုရှိတာကိုတောင် ငါမသိခဲ့ဘူး။ မင်းနဲ့ပတ်သက်လို့ ငါ့မသိခြင်းဟာ ဒီမှာတင်မဆုံးသေးဘူး၊ ဆီယာယု။
တစ်နေ့ ၊ အမေရိကန်နိုင်ငံ ၊ မက်ဆာချူးဆက်တ်စ်ပြည်နယ် ၊ ဘော်စတင်န်မြို့မှာ ရှိတဲ့ အမေရိကန်တစ်နိုင်ငံလုံးမှာ ကဗျာစာ အုပ်ချည့်သက်သက်ရောင်းတယ်လို့ အဆိုရှိတဲ့ Grolier ဂရိုလီယာကဗျာစာအုပ်ဆိုင်မှာ မင်းကိုငါစတွေ့လိုက်တယ်။ ဘာရယ်မဟုတ် သလို (တကယ်တော့ ၊ ဘယ်ကဗျာစာအုပ်ကိုမှ ဘာရယ်မဟုတ်သလိုမဟုတ်ရပါပဲ) မင်းကို ကောက်လှန်ကြည့်လိုက်တယ်။ မင်းရဲ့ ပြောင်စင်းတဲ့ ကဗျာလုံးချင်း။ ‘Fusion Kitsch’ `အပေါစားအရေးအသားများပေါင်းစပ်ထားမှု´၊ တရုတ်/အင်္ဂလိပ်ဘာသာပြန်။ `စကားလုံး တွေဟာ ငါ့ကိုတီထွင်လိုက်တာလား´တဲ့။ `ကဗျာထက်ပိုစောတဲ့ ၊ ရှေးအကျဆုံးဖြစ်တဲ့ ၊ အိပ်စက်မှုအကြောင်းကျွန်မလေးလေးနက် နက်စဉ်းစားတယ်´တဲ့။ `ယောက်ျားတွေဟာ သူတို့ရဲ့ လက်နက်ကိရိယာကို သွားလေရာသယ်ဆောင်ကြတယ်/နူးညံ့ပြီးလစ်ဟာနေတဲ့ ဗူးလေးထဲထည့်သွင်းကြတယ်/အဲဒီမှာ သံမဏိရဲ့ အားနည်းချက်ကို သက်သေအဖြစ်တွေ့ရှိကြတယ်´တဲ့။ ချေဂွေဗားရားပုံပါတဲ့ တီရှပ်ကို ည၀တ်အိပ်ပြီး `ပြန်မချစ်နိုင်တော့တဲ့ ယောက်ျားတွေအကြောင်းကျွန်မတွေးကြည့်တယ်/ သူ့ဆံပင်ထူထူနက်နက်ထဲ ကျွန်မလက်ချောင်း တွေထိုးမွှေလိုက်ချင်တာ ၊ သူ့ဆေးပြင်းလိပ်ကို မီးညှိပေးချင်လိုက်တာ/ သူ့ပန်းနာရပ်ကြပ်ရောဂါကို ထာဝရပျောက်ကင်းသွားအောင် ဆေးဝါးရှာဖွေပေးချင်လိုက်တာ/ . . . / ဒီမနက် ၊ မှန်ထဲမှာ ကျွန်မဟာရှင်ပါပဲ ၊ ကျွန်မဟာ ချေဂွေးဗားရားပဲ/ရှင်နဲ့တကွတော်လှန်ရေးထဲ ကျွန်မလိုက်ခဲ့မယ်/ ရှင်ကျွန်မကို ခွင့်ပြုချက်တစ်ခုတော့ပေးရမယ်/ရှင့်ကို ကျွန်မ မလိုအပ်တော့တဲ့ တစ်ချိန်မှာ/ ရှင့်ကို ကျွန်မထားပစ် ခဲ့လိုက်မယ်´။
ဆီယာယု ၊ ငါမင်းကိုအသိနောက်ကျလေခြင်း။ မင်းကိုငါ ဂရိုလီယာကနေ ယူအက်စ်ဒီ ၁၃ နဲ့ လဲလှယ်ခဲ့တယ်။ ဆိုင်ကထွက် ၊ လမ်းထိပ်ရောက်ပြီးညာအချိုးမှာ Hong Kong တရုတ်စားသောက်ဆိုင်ထဲရောက်သွားတယ်။ မီနျူးကိုကြည့်လိုက်တယ်။ ဈေးလည်းသက် သာပြီး ဗိုက်လည်းဝမယ့်တစ်ခုခု။ မနေ့ညက ဂျင်မ်ဘီးမ်ဝီစကီတွေပဲ ဗိုက်ထဲရှိ ၊ အစာလုံးဝမရှိ။ မနက် ၁၁း၀၀ နီးပါးအထိ ဘာမှမစား မသောက်ရပဲ ဂရိုလီယာကိုရောက်ဖြစ်အောင်သွားခဲ့တယ်။ ၁၉၂၇ က စဖွင့်ခဲ့တာ ၊ ၂၀၁၃ထိ လည်ပတ်နေတုံးပဲ။ ပုံစံကစာအုပ်တိုက်တွေ ၊ ကဗျာဆရာတွေ ၊ စာဖတ်သူတွေဆီက ကဗျာစာအုပ်တွေအလှူခံတယ်။ ပြီး ဈေးချိုချိုနဲ့ ပြန်ရောင်းစားတယ်။ ဆိုင်က ပေ ၂၀x၅၀ လောက်ပဲရှိတယ်။ နံရံတစ်ဘက်မှာ အမေရိကန်ကဗျာ အကျော်အမော် တို့ရဲ့ ဓါတ်ပုံတွေ။ ဆိုင်ကအဖွားကြီးက မနေ့ညက ဒီမိုကရေစီ စင်တာမှ ကျင်းပခဲ့တဲ့ မြန်မာကဗျာ မိတ်ဆက်ပွဲမှာ လာရောက်နားထောင် ပြီး ဘော့စတင်န်က မပြန်ခင်သူ့ဆိုင်ကိုလာဖြစ်အောင်လာပါ ဦးလို့မှာသွားခဲ့တယ်။ အဲဒီပွဲမှာ `ငါ့သမိုင်းဟာ ငါ့သမိုင်းမဟုတ်ဘူး´၊`မုတ် ဆိတ်တို့၏သွားရာလမ်းများ´၊နဲ့ `မိုးလည်းမြင်တယ် ၊ လေ လည်းမြင်တယ် ၊ ကာဗာဖီ´ ကဗျာ ၃ ပုဒ်ရွတ်တယ်။ ပထမ ၂ ပုဒ်က မြန်မာနဲ့ အင်္ဂလိပ်လို ၊ တတိယကအင်္ဂလိပ်လိုပဲ။ ပရိသတ်ထဲက အမျိုးသမီးတစ်ယောက်က ပြီးခဲ့တဲ့အပတ်ကပဲ ဒီခန်းမမှာ (ဂရိကဗျာဆရာ) ကာဗာဖီရဲ့ ကဗျာရွတ်ပွဲကျင်းပခဲ့တာတဲ့။ တိုက်တိုက်ဆိုင် ဆိုင်။ အမှတ်တရအနေနဲ့ အဲဒီတတိယကဗျာကို သူ့ကိုပေးပါဆိုလို့ တန်းပေး လိုက်တယ်။ ခင်အောင်အေးက သူ့ကဗျာ ၂ ပုဒ်ဗမာလိုရွတ် ပြီး ၊ တတိယတစ်ပုဒ်ကို ဂျေးမ်စ် ဘန်းက အင်္ဂလိပ်လိုရွတ်တယ်။ ကြည်နူးစရာ ပွဲလေးပါပဲ။ ပရိသတ်တစ်ယောက်ကမေးတယ် ၊ ဒီကဗျာ ရွတ်ပြီး ဗမာပြည်ပြန်ရင် ဖမ်းခံရမလားတဲ့။ အဲဒီခေတ်ကုန်သွားပါပြီလို့ပြောတော့ သူက Thank God တဲ့။
မှာလိုက်တာက Chow Mein with Pork – $ 7.95။ ၀က်ခေါက်ဝမ်း။ မင်းကိုဆက်လှန်တယ်။ ပထမဆုံးကဗျာကနေပြန်စ တယ်။ ခေါက်ဆွဲကျော်ရောက်လာတယ်။ သုံးယောက်စာလောက်စားနိုင်တဲ့ ပန်းကန်ပြားကြီးပေါ်မှာ အငွေ့တစ်ထောင်းထောင်း။ `ရှင်ဟာ ကျွန်မကိုအရမ်းငြီးငွေ့နေချိန်မှာ/ ကျွန်မဟာ လှချင်တိုင်းကို လှနေတော့တာပါပဲ´။ `ပန်းသီးတွေရဲ့ ပန်းသီးဖြစ်မှု´ကို စေဇန်း တွေ့လိုက်သလို/ ကျွန်မလည်း ရှင့်ရဲ့ ရှင်ဖြစ်မှုကို တွေ့ရှိလိုက်တယ်´။`နောက်ဆုံးကျွန်မသိလိုက်ရတာက ရှင်ဟာ ကျွန်မကို/ အိပ်မက်တွေနဲ့ ပတ်ပြီး ထုတ်ပိုးထားတာဖြစ်တယ်/အဲဒါကို ကဗျာထဲမှာ ကျွန်မထပ်ပတ်ပြီး ထပ်ထုတ်ပိုးလိုက်တယ်´။`တစ်ယောက်နဲ့ တစ်ယောက် ဖက်ထားကြတာ အကောင်းဆုံးပဲလို့ ကျွန်မတို့နှစ်ယောက် သိကြဖို့/ ကျွန်မတို့စကားစမြည်တွေ အကြာကြီးပဲ လုပ်ပြောခဲ့ကြရတာ´။`ရှင်ကိုယ်တိုင် နားမလည်သေးတဲ့/ ရှင့်ကိုကောင်းကောင်း နားလည်ထားတဲ့/ ကျွန်မရဲ့ အစိတ်အပိုင်းတစ်ခုကို/ ကျွန်မကိုယ်တိုင်နားလည်ခဲ့ရပါပြီရှင် ရယ်´။ `ပြီး . . . ဒီကဗျာတွေဟာ/ အလင်းနဲ့အတူ လိုက်ပြောင်းလဲနေတယ်/ကြောင်တစ်ကောင်ရဲ့ မျက်လုံးတွေလို´။ မျောလိုက်တာမှ မျောနေရတော့တာပါပဲ၊ ဆီယာယုရယ်။
သတိထားလိုက်မိတဲ့အခါ ခေါက်ဆွဲကျော်ဟာ အေးခဲမာခေါက်နေပြီ။ Made in China bamboo chopstick ကို ခေါက်ဆွဲ မာခေါက်ထဲထိုးထည့်လိုက်တော့ တူ ၂ ချောင်းဟာခေါက်ဆွဲပုံထဲမှာ ထောင်နေကြတယ်။ `ဆိုဖါထိုင်ခုံတွေထဲ နစ်ဝင်သွားသလို/စိတ်ပိုင်း ဆိုင်ရာအကျပ်အတည်းထဲ ကျွန်မတို့စိမ့်ဝင်သွားကြ´။`လစ္စဘွန်းသို့ ကားမောင်းသွားခြင်း´ ကဗျာထဲမှာ ဆီယာယုရဲ့ အမျိုးသမီးမိတ်ဆွေ တစ်ဦးဟာ သူမကိုယ်တိုင်ရဲ့ အထီးကျန်မှုကိုထက် ဆီယာယုရဲ့ အထီးကျန်မှုကို ချစ်စိတ်ဝင်နေတယ်တဲ့။ သူမရဲ့ အထီးကျန်မှုကို ဆီယာယုရဲ့ အထီးကျန်မှုနဲ့ ထိမ်းမြားလိုက်ချင်သတဲ့။ အဲဒါနဲ့ လစ္စဘွန်းမှာရှိတဲ့ သူတို့ရဲ့ အမျိုးသားမိတ်ဆွေတစ်ဦးဆီကားမောင်းသွား ကြတယ်။ ဒီငနဲကလည်း အထီးကျန်နေရှာသတဲ့။ ဒါပေမယ့် ၊ သူ့အထီးကျန်မှုကိုသူက `ကိုယ့်ရဲ့ သမင်မလေး ၊ ကိုယ့်ရဲ့ သမင်မေမေ ကြီး´ လို့ခေါ်သတဲ့။ Hsia Yu/Xia Yu။ Fusion Kitsch။ Steve Bradbury အမှာစာနဲ့ ဘာသာပြန်။ ၂၀၀၁။ နေ့လည် ၂ နာရီမှာ ဘော့ စတင်န်ကနေ နျူးယောက်ကို ဟိုက်ဝေးကားနဲ့ပြန်တယ်။ နျူးယောက်ကို ညမှရောက်တယ်။ ညအိပ်ပြီးနောက်တစ်နေ့မှာ နျူးယောက်JFK လေဆိပ်ကနေ Los Angeles LAX လေဆိပ်ဆီအသွား DELTA လေကြောင်းခရီးစဉ် DL 1461 ပေါ်မှာ ဒီအရေးအသားကိုပြုလုပ်တယ်။ ခရီးစဉ်ဟာ ၆ နာရီ ၃၄ မိနစ်ကြာတယ်။ တစ်နေ့ညက ဘော့စတင်န်မှာရှိတဲ့ Harvard University ကိုသွားရောက်လည်ပတ်ခဲ့တယ်။ ကျောင်းသားတွေအတွက် ဖွင့်ထားတဲ့ ဘားဆိုင်မှာ အရက်သောက်တယ်။ ကိမ်းဘရစ်ဂ်ျရပ်ကွက်တစ်ဝိုက်လျှောက်လည်တယ်။ မြစ်တစ် စင်းကို ပတ်လျှောက်တယ်။ ထူးခြားတဲ့ ညလေးတစ်ညရဲ့ အပါးလွှာဆုံးနူးညံ့တဲ့ စိတ်ကလေးထဲရောက်လာတဲ့ဘ၀ အသိဟာ ထိတ်လန့် စရာပဲ။ ကိုယ့်ကိုကိုယ်ပြန်ကြည့်ရတာကိုက မသာမှုတစ်ခုလိုပဲ။
Hotel Veritas မှာရှိနေတဲ့ ခင်အောင်အေးကို ဖုံးဆက်ခေါ်လိုက်တယ်။ သူလည်း ဗိုက်တော်တော်ဆာနေမှာပဲ။ `ဟေ့လူ ၊ထ။ ခေါက်ဆွဲကျော် မှာထားတယ်။ လာစား။´ပြီး . . . ဆီယာယုထဲပြန်ဝင်တယ်။ ထူးဆန်းတာ သွားတွေ့လိုက်ရတယ်။ မယ်ယွေးကို တစ်ခါက မြန်မာဘာသာပြန်ဖို့ ပေးလိုက်တဲ့ ကဗျတိုလေး သွားတွေ့လိုက်တယ်။ ဩော် . . . ဓါတ် ၊ ဓါတ်။ ဒီစာအုပ်ကို အဲဒီကဗျာကြောင့်ဝယ်တာ မဟုတ်သလို ဒီစာအုပ်ထဲ ဒီကဗျာပါမှန်းလည်းမသိ၊ ဒီစာအုပ်လည်းမသိ ၊ ဒီကဗျာဆရာမလည်းမသိ။ ဆီယာယု ၊ မင်းကိုမင်းမှန်း ငါမသိခဲ့တာကို ငါ့ကိုငါလည်း ငါမှန်းမသိတော့သလိုပါပဲ။ မသိမှုတွေထဲက ဒီကဗျာဟာ ကွင်းဆက်တွေထိုးပြလိုက်သလိုပါပဲလား။ ဩော်. . . ကဗျာ ၊ ကဗျာ။ အကြောင်းအမျိုးမျိုးကြောင့် မယ်ယွေးမပြန်ဖြစ်တဲ့ ဒီကဗျာကို မယ်ယွေးကိုယ်စား ဒီမှာပဲမြန်မာဘာသာပြန်ဆိုမှုပြုလိုက်ပါ တယ် ၊ ဆီယာယု။
မိမိအသံကို အခြားသူထံမှ ပေါ်ထွက်လာစေခြင်း
ကျွန်မအခန်းမှားဝင်ရောက်သွားပြီး
ကျွန်မ မင်္ဂလာပွဲနဲ့ ကျွန်မလွဲခဲ့ရတယ်။
နံရံမှာရှိတဲ့ တစ်ခုတည်းသော အပေါက်ကနေ ကျွန်မမြင်တယ်
မင်္ဂလာပွဲလေးဟာ အားလုံးကောင်းမွန်စွာပါပဲ
သတို့သားက အဖြူရောင်ဝတ်စုံနဲ့
သတို့သမီးလက်ထဲမှာ ပန်းစည်းနဲ့ ၊ ထုံးတမ်းဓလေ့၊
ကတိက၀တ် ၊ အနမ်း
ကျွန်မကျောခိုင်းပစ်လိုက်တယ်။ ကံတရား ၊ မိမိအသံ
အခြားသူထံမှပေါ်ထွက်လာစေခြင်း
အဲဒါကို ကျွန်မ ကြိုးစားပမ်းစားလေ့ကျင့်ခဲ့တာ
ကြာပြီပေါ့
(လျှာ ၊ နွေးထွေးတဲ့ ရေသတ္တ၀ါ၊
သူ့ကန်ထဲမှာ နေသားတကျ လူးလွန့်လို့)
ပြီး . . . အဲဒီသတ္တ၀ါကဖြေလိုက်တယ် ၊ ဟုတ်ကဲ့ ၊ ထိမ်းမြားလိုပါတယ်။ ။
ဇေယျာလင်း
12 – May – 13 –– 16 – July – 13
J-13 says:
အရသာပဲ