ခရေ့ဂ် ဒဝေါ်ကင်န်ရဲ့ LP ရှင်းလင်းချက်ထဲမှ ကောက်နှုတ်ချက်အချို့

ခရေ့ဂ် ဒဝေါ်ကင်န် Craig Dworkin ဟာ ကက်နစ်သ် ဂိုးလ်ဒ်စမစ်သ်နဲ့အတူ ထင်ရှားတဲ့ အမေရိကန် Conceptualist ကဗျာ/အရေး အသားဆရာဖြစ်ပါတယ်။ The Greenwood Encyclopedia of American Poetry (2005) အမေရိကန်ကဗျာစွယ်စုံကျမ်းအတွက် LANGUAGE POETRY အကြောင်းအကျဉ်းချုပ်ရေးသားခဲ့သူဖြစ်ပါတယ်။ ဒဝေါ်ကင်န်ရဲ့ ရှင်းလင်းတင်ပြချက်ထဲက အောက်ပါကောက် နှုတ်ချက်အချို့ကို နံပါတ်တပ်ပြီး ဘာသာပြန်တင်ပြခြင်းဖြစ်ပါတယ်။

 

(၁)      LP ထင်ယောင်ထင်မှား

 

LANGUAGE POETRY (LP) ဘာသာစကားကဗျာလို့ပြောလိုက်ရင် LP ကဗျာ/အရေးအသားတွေကို အမှန်တကယ်ဖတ်ရှုပြီး ကြသူတွေထက် မဖတ်ရှုရသေးပဲ LP နဲ့ ပတ်သက်လို့ ထင်မြင်ချက်အမျိုးမျိုးပေးကြသူ အရေအတွက်ဟာ ပိုများပါတယ်။ ဒီလိုအဆီအငေါ် မတည့်ခြင်းကို ၂၀ ရာစုကဗျာလှုပ်ရှားမှုတွေထဲမှာ LP နဲ့ ပတ်သက်လို့ပဲ အများဆုံးတွေ့ရှိရပါတယ်။ ဥပမာ တစ်ခုထုတ်ပြရရင် ၁၉ ၊ ဖေဖေါ်ဝါရီ ၊ ၁၉၉၅ ထုတ် New York Times မဂ္ဂဇင်းရဲ့ `အကျော်အမော်ကဗျာဆရာများ´ ခေါင်းစဉ်အောက်မှာ Paul Hoover ၊ Ann Lauterbach  နဲ့ Leslie Scalapino တို့ကို LP ကိုယ်စားအပြုဆုံးကဗျာဆရာတွေလို့ လွဲလွဲမှားမှားဖေါ်ပြထားတာတွေ့ရပါတယ်။ LP ကဗျာဆရာတွေအဖြစ်ထည့်သွင်းဖေါ်ပြပါရှိကြတဲ့ ဘယ် LP ကဗျာစာအုပ်မှာမှ Hoover နဲ့ Lauterbach တို့မပါဝင်ခဲ့ကြပါဘူး။ Scalapino ကတော့ LP နဲ့ ပတ်သက်ပေမယ့် ဗဟိုပုဂ္ဂိုလ်တစ်ယောက်မဟုတ်ခဲ့ပါဘူး။

LANGUAGE POETRY ဆိုတဲ့ အသုံးအနှုံးပေါ်ခဲ့တာ နှစ်အစိပ်ကျော်ကျော်ရှိပြီးတောင်မှ LP ကို LPလို့မသိပဲ ဘယ် `postmodern´ကဗျာကိုမဆို LP ပဲလို့ အသိအမှတ်ပြုခဲ့ကြပါတယ်။ ပါရာတက်(က်)တစ်က် ၊ ခြောက်ကပ်ငြီးငွေ့ဖွယ်ရှင်းရှင်းလင်းလင်းပြ ထားတဲ့ စိတ်ကူးစိတ်သန်း/အယူအဆ/ပြင်ပသဏ္ဍာန်ရဲ့ အနှစ်ချုပ်တွေ ၊ ဒစ္စဂျန့်က်တစ်ဗ်နည်းရဲ့ မြှုပ်ချန်မှုအမျိုးမျိုးတွေ –– ဒါတွေဟာ LP သုံးစွဲခဲ့တဲ့နည်းတွေထဲပါဝင်ပေမယ့် LP က ဆန့်ကျင်တဲ့ ကဗျာအမျိုးအစားတွေထဲမှာ အဆိုပါနည်းတွေတွေ့ရင်လည်း အဲဒီကဗျာတွေ ကို LP လို့ လွဲမှားမှတ်ယူသဘောထားကြတာတွေ့ရပါတယ်။

(၂)      LP နောက်ကြောင်း

 

“language poetry” လို့တရားဝင်သုံးခဲ့သူဟာ Bruce Andrews ဖြစ်ကောင်းဖြစ်မှာပါ။ ၁၉၇၀ ခုနှစ်တွေတုန်းက ရှိရင်းစွဲ ‘deep image’ `နက်ရှိုင်းနိမိတ်ပုံ´ ကဗျာဂိုဏ်းနဲ့ တမင်ကွဲပြားအောင်ရေးသားနေကြတဲ့ Vito Hannibal Acconci ၊ Carl Andre ၊ Clark Coolidge နဲ့ Jackson Mac Low တို့ကို ထင်ရှားစေဖို့ သုံးခဲ့တာဖြစ်ပါတယ်။ နောက်ကြောင်းပြန်မယ်ဆိုရင် Gertrude Stein နဲ့ Louis Zukofsky တို့ရဲ့ ဩဇာသက်ရောက်မှုတွေကို တွေ့ရမှာဖြစ်ပြီး ခေတ်ပြိုင်တွေကတော့ အက်ရှဘရီ ၊ Aram Saroyan၊ Joseph Caravolo နဲ့ Jack Kerouac  တို့ဖြစ်ကြပါတယ်။ အထက်စီးရ ၊ ပင်မရေစီးကဗျာတွေနဲ့ ကွဲပြားခြားနားအောင်တမင်ပြုလုပ်ရေးသားသူတွေရဲ့ အရေး အသားတွေကို ‘language centered poetry’ ‘ဘာသာစကားဗဟိုပြုကဗျာ’ လို့စုပေါင်းခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒီကဗျာအမျိုးအစားဟာ ‘deep image’ ကဗျာကိုတင်မကပဲ Donald Allen စုစည်းတည်းဖြတ်တဲ့ New American Poetry ထဲက စဉ်းစားဥာဏ်အခြေမပြုတဲ့ ၊ အပြောဘာသာစကားဗဟိုပြုတဲ့ ကဗျာဗေဒတွေကိုလည်း ဆန့်ကျင်ခဲ့ပါတယ်။ (အဆိုပါ New American Poetry ကဗျာပေါင်းချုပ်ထဲမှာ Beat ကဗျာ ၊ New York ဂိုဏ်းကဗျာတွေလည်းပါရှိခဲ့တာဆိုတော့ LP ဟာ သူတို့ကိုလည်း ဆန့်ကျင်ခဲ့တာဖြစ်ပါတယ် –– ဇယလ)။ အမေရိကန်အရှေ့ပိုင်းမှာ ခေတ်စားနေတဲ့ Confessional ကဗျာနဲ့  Workshop ကဗျာအမျိုးအစားရဲ့ voice စကားသံနဲ့ craft အတတ် ပညာဦးစားပေးခြင်းတို့ကိုလည်း စိမ်ခေါ်ခဲ့တာဖြစ်ပါတယ်။ Beat ၊ NY ၊ Confessional နဲ့ Workshop ကဗျာအမျိုးအစားတွေဟာ personal  ပုဂ္ဂလိက/ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ emotive expression ခံစားမှု လှုံ့ဆော်ဖို့ဖွင့်ဟဖေါ်ပြခြင်းတို့ကို ကဗျာရဲ့ အုဋ်မြစ် တွေလို့ ခံယူကြပါတယ်။ LP ကတော့ `သဘာဝ´(မူလပထမ/အနှစ်သာရ/အစစ်အမှန်/အလိုအလျောက်/`ရင်တွင်းဖြစ်´စတဲ့ အယူအဆ တွေ)ထက် artifice `ပြုလုပ်ရခြင်း/ပြုလုပ်ယူရတဲ့ပစ္စည်း´ ၊ အပြောဘာသာစကားထက် အရေးဘာသာစကား ၊ မက်တဖါ (ရူပက အလင်္ကာ)ထက် မတော်နမီ(ကိုယ်စားပြုအသုံးအနှုံး – ဥပမာ ၊ `ကလောင်´ ၊ `ဓါးသွား´) ၊ နဲ့ Sentiment (ကုလားကားရိုက်သလိုခံစား ချက်တွေလျှံကျနေမှု) ထက် intellect ဥာဏ်ရည်ကို ပိုတန်ဘိုးထားတာဖြစ်ပါတယ်။

 

(၃)      LP ပီပြင်လာပုံ

၁၉၇၃ မှာ Bruce Andrews ဟာ Toothpick, Lisbon, and the Orcas Islands ဆိုတဲ့ ဂျာနယ်စောင်ရေအချို့ကိုတည်းဖြတ် ခဲ့ပါတယ်။ သူ့ရဲ့လုပ်ရပ်ဟာ ၁၉၇၀ ခုနှစ်တွေမှာပေါ်လာတဲ့ ကဗျာအာဗွန့်ဂါ့ဒ်ရဲ့ ခေတ်ပြိုင်ပင်မရေစီးကဗျာအယူအဆတွေကို ဘယ်လို တိုက်ခိုက်မယ်ဆိုတဲ့ လမ်းကြောင်းရှင်းရှင်းလင်းလင်းဖေါ်လိုက်သလိုဖြစ်ပါတယ်။ ပိုပြီးစုစည်းဖြစ်တဲ့၊ ဗျူဟာပိုကျတဲ့ အာဗွန့်ဂါ့ဒ်နည်းက တော့ Alcheringa  ‘ethnopoetics’ ကဗျာဂျာနယ်မှာ Ron Silliman တည်းဖြတ်တင်ဆက်လိုက်တဲ့ “language poetry” ဖြစ်ပါတယ်။ ၁၉၇၅ က ထွက်ခဲ့တဲ့ အဲဒီဂျာနယ်မှာ ဆစ်လ္လမင်န် အကျဉ်းရုံးမိတ်ဆက်ပေးလိုက်တာကတော့ ––

 

ယခုတင်ဆက်လိုက်တဲ့ ကဗျာဆရာတွေအနက် ၉ ယောက် (ပျမ်းမျှအသက်အရွယ် ၂၈) ရဲ့ ကဗျာတွေ

ဟာ This ၊ Big Deal ၊ Tottel’s ၊ Doones ၊ Andrews တည်းဖြတ်တဲ့  Toothpick စတဲ့ မဂ္ဂဇင်းတွေမှာ

`စုဝေး´ကြတဲ့ကဗျာအမျိုးအစားတွေလို့ပြောလို့ရပါတယ်။ ဒီကဗျာတွေကို ‘language centered’  ၊                                         ‘minimal’ ၊ ‘non – referential formalism’ ၊ ‘diminished referentiality’ ၊ ‘structuralist’ လို့ အမျိုး

မျိုးခေါ်ဝေါ်ကြပါတယ်။ `အုပ်စု´လို့ဆိုရမှာထက်  ‘tendency’ `တိမ်းညွတ်မှု´လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။

 

Silliman အပါအ၀င် Andrews နဲ့အခြား `တိမ်းညွတ်မှု´ တူကဗျာဆရာတွေအချင်းချင်းအပြန်အလှန် ဒိုင်ယာလော့ဂ်လုပ်ကြရာမှ စု စည်းလာကြပြီး group ပုံစံပေါ်ပေါက်လာပါတယ်။ ၁၉၇၇ မှာ Steve Mc Caffery ကဒီကဗျာအမျိုးအစားကို ကနေဒါကဗျာလောကထဲ ‘language poetry’ အမည်နဲ့ တင်ဆက်ခဲ့ရာက နာမည်တွင်သွားတာဖြစ်ပါတယ်။ အဲဒီတုန်းက သူဟာ Bruce Andrews နဲ့ Charles Bernstein တို့စုစည်းတည်းဖြတ်ထုတ်ဝေတဲ့ L=A=N=G=U=A=G=E ကဗျာဂျာနယ်နဲ့လည်း ပတ်သက်မှုရှိနေခဲ့တာဖြစ်ပါတယ်။

၁၉၈၂ မှာ ကဗျာပရိသတ်အများစုရှေ့မှောက်မှာ LP ကိုတင်ပြဖို့ရည်ရွယ်ချက်နဲ့ မဂ္ဂဇင်း ၂ အုပ်ထွက်ပေါ်လာခဲ့ပါတယ်။ Silliman ရဲ့ အငြင်းပွားဘွယ်ဖြစ်အောင် တမင်အမည်ပေးလိုက်တဲ့ ‘Realism’ နဲ့ Bernstein တည်းဖြတ်တဲ့ ‘Language Sampler’ တို့ ဖြစ်ပါတယ်။ မရှေးမနှောင်းမှာပဲ Douglas Messerli ရဲ့`“Language” Poetries´နဲ့ Silliman ရဲ့ ‘In The American Tree: Language, Realism, Poetry’ အမည်တွေနဲ့ ကဗျာပေါင်းချုပ် ၂ အုပ်ထွက်ပေါ်ခဲ့ပါတယ်။ LP ကဗျာဆရာအမည်ပေါက်စာရင်းကို ချဲ့ထွင်လိုက်တာ ဖြစ်သလို တစ်ချိန်တည်းမှာပဲ LP လို့ တိတိကျကျ ပြောဖို့ခက်တဲ့ အမည်တွေလည်းပါဝင်လာလို့ ဒီကိစ္စဟာ ရှုပ်ထွေးလာပါတယ်။ LP ကဗျာထုတ်ဝေမှုတွေထဲ အများဆုံးပါကြတဲ့ ကဗျာဆရာအုပ်စု (Silliman, Bernstein, Andrews,Hejinian, Coolidge, Perelman, Davies တို့အပါအ၀င်) ၊ ကြို့ကြားကြို့ကြားပါဝင်တဲ့ အုပ်စု (Armantrout ၊ Gottlieb ၊ Susan Howe တို့အပါအ၀င်) ၊ မပါဝင်သော် လည်း နီးနီးကပ်ကပ် ပတ်သက်နေတဲ့ အုပ်စု(Davidson ၊ Palmer ၊ Mc Caffrey ၊ Tom Raworth)  နဲ့ LP သင်္ကေတအောက် လာရောက်ရေးသားကြတဲ့အုပ်စု ( Bromige ၊ Beckett ၊ Benson စသူတို့အပါအ၀င်)ဆိုပြီး အုပ်စုတွေကွဲလာပါတယ်။

 

(၄)     LP ဟာ ကဗျာလှုပ်ရှားမှု movement လား

 

၂၀ ရာစုအစောပိုင်းပေါ်ပေါက်ခဲ့တဲ့ အာဗွန့်ဂါ့ဒ်လှုပ်ရှားမှုတွေနဲ့ LP ကွဲပြားတာကတော့ LP မှာ တရားဝင်အဖွဲ့ဝင်စာရင်းနဲ့ အားလုံးတညီတညွတ်လက်ခံထားတဲ့ ကြေညာစာတမ်းမရှိခြင်းပါပဲ။ အဲသလိုမရှိပေမယ့် ထူးဆန်းတာက အချင်းချင်းစုစုစည်းစည်းနဲ့ သိုသိုသိပ်သိပ်လေးလုပ်ကြတဲ့ ထုတ်ဝေမှု ၊ review ဖတ်ရှုသုံးသပ်မှု ၊ နဲ့ ကဗျာရွတ်ပွဲတွေရှိခဲ့ကြပြီး ပါဝင်လှုပ်ရှားကြတဲ့ နာမည်တွေ ကြည့်လိုက်ရင် ဒီလူတွေပဲ ထပ်ခါထပ်ခါတွေ့ရတဲ့အတွက် စုစည်းညီညွတ်တဲ့ movement တစ်ခုအသွင်ဆောင်လာတာတွေ့ရပါတယ်။ သူတို့ဖါသာသူတို့ စာအုပ်တိုက်တွေထောင် ၊ သီးသန့်ဂျာနယ်တွေထုတ်ဝေခဲ့ကြပါတယ်။

LP ရဲ့ ၀ိသေသလက္ခဏာဟာဘာလဲလို့မေးခဲ့ရင် တက်ကြွခိုင်မာတဲ့ ကဗျာဗေဒဆွေးနွေးပွဲတွေနဲ့ အတူ ကဗျာနဲ့ သီအိုရီစာသား တွေတစ်ပြိုင်နက်ထုတ်လုပ်မှုပဲလို့ ဆိုရပါလိမ့်မယ်။ LP ဆိုင်ရာအရေးအသားတွေ ၊ သီအိုရီတွေ ကိုးကားတာကတော့ Frankfurt ကျောင်းတော် ၊ French deconstruction နဲ့ Russian Formalism တို့ဖြစ်ပါတယ်။ ဒီလိုသီအိုရီတွေ အခြေပြု ၊ ကဗျာကို intellectual art ဥာဏ်ပညာသုံးအနုပညာလို့ သတ်မှတ်ပြီး ကဗျာနဲ့ ဝေဖန်စာကို ဟိုက်ဘရစ်ဒ်လုပ်ရေးတဲ့ အရေးအသားတွေကြောင့် ခွေးကအမြီးကို ယမ်းရမယ့်အစား အမြီးကခွေးကိုယမ်းနေတယ် (ကဗျာကနေ သီအိုရီမလာပဲ သီအိုရီကနေ ကဗျာလာနေတယ်) လို့ ဝေဖန်ပုတ်ခတ်ခံခဲ့ ရပါ တယ်။ ဒီပုတ်ခတ်ပြောဆိုရေးသားမှုဟာ မဟုတ်မမှန်ပေမယ့် LP ကဗျာဆရာတွေကိုယ်တိုင်ဟာ သူတို့ကဗျာဗေဒ ၊ သူတို့ကဗျာတွေ နဲ့ ပတ်သက်လို့ သီအိုရီနဲ့ ဥာဏ်ပညာဆိုင်ရာအသုံးအနှုံးတွေသုံးစွဲပြီး ပင်မရေစီးနဲ့ တမင်ကွဲပြားအောင်လုပ်ခဲ့ကြတာကတော့ အမှန်ပါပဲ။

LP ဟာ ပိုမိုကျယ်ပြန့်တဲ့ ပရိသတ်ရလာပြီး LP ကဗျာဆရာအချင်းချင်းလည်း အုပ်စုတစ်ခုအဖြစ်ခိုင်မာလာတဲ့အချိန်မှာ LP ကဗျာဆရာတွေကိုယ်တိုင်ဟာ LP ဆိုတဲ့ အခေါ်အဝေါ်အသုံးအနှုံးနဲ့ ပတ်သက်လို့ စိတ်မသက်မသာဖြစ်ခဲ့ကြရပါတယ်။ ဘာဖြစ်လို့လဲဆို တော့  အဲသလို ခေါ်ဝေါ်သုံးစွဲလိုက်တဲ့အတွက် စုပေါင်းဖွဲ့စည်းတဲ့ အစီအစဉ်တစ်ခုလိုလို ၊ ဟန်တစ်မျိုးတစ်စားတည်းရှိသလိုလို ၊ တစ်ညီ တစ်ညွတ်တည်းလက်ခံထားကြတဲ့ ကဗျာဗေဒတစ်ခုခုရှိသလိုလို ထင်ယောင်ထင်မှားဖြစ်ဖွယ်ရာတွေ ပေါ်လာလို့ပါပဲ။ သူတို့ကိုယ်တိုင်က လည်း “so-called ‘language’ poetry” “အများခေါ်ဝေါ်နေကြတဲ့  `ဘာသာစကား´ကဗျာ” လို့သုံးပြီး LPဆိုတဲ့ အသုံးအနှုံးနဲ့ ခပ်ခွာခွာ လေးနေကြပါတယ်။ ဒါပေမယ့် ၊ အမည်ကတော့ တွင်သွားခဲ့ပါပြီ။ ကြိုက်သော်ရှိ ၊ မကြိုက်သော်ရှိ ၊ ဒီကဗျာဆရာတွေဟာ ဒီအမည်နဲ့ပဲ အသိအမှတ်ပြုခံလိုက်ကြရပါပြီ။ ဒီကဗျာဆရာတွေကိုယ်တိုင်ဟာ ဘာကြောင့် ဒီ LP ဆိုတဲ့ အမည်/အခေါ်အဝေါ်/ဝေါဟာရ/အသုံးအနှုံး ကို မကြိုက်ကြတာလဲဆိုတော့ အဲသလိုစုပေါင်းသတ်မှတ်ခံရရင် အားလုံးနဲ့ ကိုက်ညီမယ့် ၊ အားလုံးသဘောတူနိုင်မယ့် စုစည်းမှုပြ ကဗျာ ဗေဒတစ်ခုကို ထုတ်ပြရတော့မှာဖြစ်လို့ပါပဲ။ အဲသလိုကဗျာဗေဒမျိုးကို ထုတ်ပြမယ်ဆိုရင်လည်း တစ်ယောက်စီရဲ့ ကွဲပြားခြားနားတဲ့ ဟန် တွေမရှိတော့သလို ဖြစ်ရုံမက အဓိပ္ပါယ်သတ်မှတ်ချက် ကိုယ်တိုင်ကိုက မလိုလားအပ်ပဲ ကျဉ်းမြောင်းသွားမှာဖြစ်လို့ပါပဲ။ အဓိပ္ပါယ်သတ် မှတ်ချက်နဲ့ မကိုက်ညီတဲ့ ခြွင်းချက်တွေလည်း မလွဲမသွေရှိနေမှာဖြစ်တဲ့အတွက် ဒီအဓိပ္ပါယ်သတ်မှတ်ချက်ဟာ ဘာမှအရာမရောက် ၊ အသုံးဝင်မှာလည်းမဟုတ်တော့ပါဘူး။ ပသို့ဆိုစေ ၊ LP ကဗျာဆရာတွေ အချင်းချင်းရဲ့ လက်ရာတွေထဲမှာ တူတာတွေတွေ့ရှိရသလို ၊ ထပ်ခါထပ်ခါရေးသားဖေါ်ကြူးတတ်ကြတဲ့ အကြောင်းအရာ/အာဘော် theme တွေလည်း အလွယ်တကူတွေ့ရှိနိုင်တယ်လို့ ဝေဖန်ရေး ဆရာတွေမှတ်ချက်ချခဲ့ကြပါတယ်။ (အဲဒီတော့ LP ဟာ ကဗျာလှုပ်ရှားမှုတစ်ခုဟုတ်သလား ၊ မဟုတ်ဘူးလားဆိုတာ ပြောရခက်တဲ့ ကိစ္စ ဖြစ်ပါတယ်။ LP လို့အမည်လည်းရှိ ၊ ရေးသားတင်ပြဖေါ်ထုတ်မှုတွေလည်းရှိ ၊ အသိအမှတ်ပြုခြင်း သတ်မှတ်ခြင်းတို့လည်း ရှိပေမယ့် ဘယ် LP ကဗျာဆရာကမှ LP လှုပ်ရှားမှုပြုခဲ့တာဖြစ်တယ်လို့ တရားဝင်ပြောဆိုခြင်း မရှိခဲ့ပါဘူး –– ဇယလ။)

 

(၅)      LP ရဲ့ ထင်ရှားတဲ့ လက္ခဏာအချို့

 

အထက်မှာဖေါ်ပြခဲ့သလို LP ဟာ ရှိရင်းစွဲကဗျာအမျိုးအစားတွေနဲ့ ကဗျာဗေဒတွေကို ဆန့်ကျင်လိုက်တာဖြစ်ပါတယ်။ ဆန့်ကျင် တဲ့နေရာမှာလည်း အတ္တနောမတိနဲ့ မဟုတ်ပဲ ခေတ်မှာထင်ရှားနေတဲ့ သီအိုရီတွေကို အခြေခံခဲ့တာဖြစ်ပါတယ်။ အဓိကအချက် ၃ ချက်ကတော့ လစ်ရစ်က်ကဗျာရဲ့ `မိမိအတ္တ´အခြေပြုခြင်း ၊ ဘာသာစကားအမြင်နဲ့ ဖတ်သူပေါ်သဘောထားတို့ဖြစ်ပါတယ်။

လစ်ရစ်က်ကဗျာအမျိုးအစား (ကဗျာအမျိုးအစားတစ်ခုပါပဲ။ လစ်ရစ်က်ကဗျာတစ်ခုတည်းဟာ ကဗျာမဟုတ်ပါဘူး။ လစ်ရစ်က် ကဗျာမှ ကဗျာမဟုတ်ပါဘူး။ လစ်ရစ်က်အပြင်အခြားကဗျာအမျိုးအစားတွေ ရှိကြပါတယ်။ လေ့လာရင်သိနိုင်ပါတယ် ––ဇယလ) ဟာ ကဗျာရေးသူရဲ့ တွေ့ကြုံခံစားမှုကို အခြေပြုတဲ့ ကဗျာအမျိုးအစားဖြစ်ပါတယ်။ ကဗျာတစ်ပုဒ်လုံးရဲ့ primary organizing principle အခြေခံဖွဲ့စည်းပြုလုပ်မှု မူဟာလည်း ကဗျာရေးသူရဲ့ တွေ့ကြုံခံစားမှုပဲဖြစ်ပါတယ်။ LP သမားတွေက ဒီ `မိမိအတ္တ/ငါ/ကဗျာဆရာ´ကို ပယ်ပြီး (ပြင်သစ် ပို့စ်မော်ဒန်ပညာရှင်) အော်လ်သူဇယ် Althusser ရဲ့ subject ကတ္တားကိုယူပါတယ်။ ဒီsubject ကတ္တားဟာ ကဗျာဆရာ ရဲ့ ပုဂ္ဂလိက`ငါ´ကလာတာမဟုတ်ပဲ လူမှု/လူ့အဖွဲ့အစည်းဆိုင်ရာ အင်စတီးကျူှးရှင်းတွေ ကန့်လန့်ဖြတ်ဆုံတဲ့ နေရာမှာ တည်ဆောက် ယူတဲ့ `မိမိအတ္တ´ဖြစ်တယ်။ ကဗျာဆရာကိုလည်း ဖူကိုးရဲ့ ‘author function’ `ရေးသူအဖြစ် ဆောင်ရွက်ချက်´ လို့ပဲမြင်တယ်။ အချို့က လည်း ဒီလုဇ်နဲ့ ဂေါ့တာရီတို့ တင်ပြတဲ့ တစ်ယောက်မကလည်းဖြစ်/အချင်းချင်းလည်းရှေ့နောက်မညီကြတဲ့ subject မျိုးကို ရည်ရွယ်ကြ တယ်။ ပြင်သစ်မော်ဒန်ကဗျာဆရာ ရဲမ်ဗိုးရဲ့ “`ငါ´ဟာအခြားတစ်ခုဖြစ်တယ်” လို့လက်ခံကြတာလည်း ရှိတယ်။ ဘာသ်ရဲ့ ‘death of the author’ `စာရေးသူကွယ်လွန်ခြင်း´ကိုလည်းလက်ခံကြတယ်။ LP ကဗျာ/အရေးအသားထဲက `ငါ´ ဟာ ကဗျာရေးသူလည်းမဟုတ် ၊ ကဗျာရေးသူကိုယ်စားပြုလည်း မဟုတ်တာကတော့သေချာပါတယ်။

ဘာသာစကားနဲ့ ပတ်သက်ရင် LP ဟာ လူပြိန်းလက်ခံထားတဲ့ ကြားခံမီဒီယံ အမြင်ကို ဆန့်ကျင်ပါတယ်။ ပြောသူက ပြောချင် တဲ့အကြောင်းအရာနဲ့ အဓိပ္ပါယ်ကို ဘာသာစကားသုံးပြောလိုက်ပြီး နာသူဟာ နားထဲဝင်လာတဲ့ ဘာသာစကားစီးကြောင်းထဲကနေပြော သူရဲ့ အကြောင်းအရာ/အဓိပ္ပါယ်/ဆိုလိုရင်း/အနက်/ရည်ရွယ်ချက်တို့ကိုရရှိတာဖြစ်တယ်ဆိုတဲ့ ရိုးစင်းလွဲမှားတဲ့ အမြင်ဖြစ်ပါတယ်။ LP ဟာ ဘာသာစကားရဲ့ Materiality ရုပ်ဒြပ်ဖြစ်မှုနဲ့ ပေးပို့လိုတဲ့ message ရဲ့ ရုပ်ဒြပ်ပိုင်း/အထည်ပိုင်းနဲ့ ပေးပို့မှုပြုခြင်းဆိုင်ရာ ဆက်စပ် ၀န်းကျင်တို့ကို ဦးစားပေးတာဖြစ်ပါတယ်။ ဘာသာစကားကို သဘာဝပစ္စည်းလို့ နားလည်လွဲနေတာကို ပြင်ပေးဖို့ ကျိုးစားတာဖြစ်ပါတယ်။ လူဟာ ဘာသာစကားကို ပြုလုပ်ပြီး ဘာသာစကားကလည်း လူကို ပြန်ပြုလုပ်ဖွဲ့စည်းတည်ဆောက်တာလည်းဖြစ်ပါတယ်။ LP ရဲ့ အစောပိုင်းကဗျာတွေဟာ ဘာသာစကားရဲ့ ရုပ်ပိုင်း ၊ အသံပိုင်း ၊ အဓိပ္ပါယ်ပြုလုပ်တည်ဆောက်မှုပိုင်းတွေကို အသားပေးခဲ့တာဖြစ်ပါ တယ်။ (ဥပမာ ၊ အဓိပ္ပါယ်ဆိုတာ နဂိုရှိရင်းစွဲ မဟုတ်ပဲ မတူညီတဲ့ ရုပ်ရင်း/သံရင်းတို့ကြောင့်ဖြစ်တယ်လို့ Structuralism ကပြောပါတယ်။ ဥပမာ ၊ `ခွေး´နဲ့ `ပွေး´ရဲ့ အဓိပ္ပါယ်ဟာ `ခ´နဲ့ `ပ´တို့ရဲ့ ကွဲပြားမှုမှာပဲရှိတာဖြစ်ပါတယ် –– ဇယလ။) ပြီးတော့ ၊ ပြင်ပလောကမှာရှိတဲ့ တစ်ခုခုကို ရည်ညွှန်းတာမဟုတ်ပဲ စာသားဖွဲ့စည်းဖြစ်တည်မှုကိုပဲ ပြန်ရည်ညွှန်းတဲ့ ကဗျာ/အရေးအသားတွေလည်းရှိခဲ့ပါတယ်။

`၇၀ ခုနှစ်နောက်ပိုင်းနဲ့ `၈၀ ခုနှစ်တွေမှာ LP ဟာ ရှည်လျားတဲ့ စကားပြေအရေးအသားတွေဘက်လှည့်လာပါတယ်။ Silliman ခေါ်ဝေါ်ခဲတဲ့ “the new sentence” ဆိုတဲ့ အစွန်းရောက် ဒစ္စဂျန့်က်တစ်ဗ်ပါရာတက်(က်)တစ်က်နည်းကို သုံးစွဲလာကြပါတယ်။ သဒ္ဒါဆိုင်ရာအဖြတ်အတောက်တွေလျှော့ ၊ ဖွင့်ဆိုရှင်းလင်းပြတဲ့ပုံစံတွေပိုသုံးလာလင့်ကစား အရေးအသားရဲ့ တည်ဆောက်ဖွဲ့စည်းပြု လုပ်ထားမှုကိုတော့ ဆက်လက်မီးမောင်းထိုးပြပါတယ်။ ဘာကိုဘယ်လိုနည်းနဲ့ပဲ ဆက်သွယ်မှုပြုပြု ဘာသာစကားရဲ့ ပင်ကိုယ်သဘော အားဖြင့်ကြောင့်ပဲ မူလအစစ်အမှန်အတိုင်း `၏ ၊ သည်´ မရွေးဘယ်လိုမှ မရနိုင်ဘူးဆိုတာ ဆက်ကိုင်စွဲထားကြပါတယ်။ ဒါဟာ ရုရှပုံ သဏ္ဍာန်ဝါဒကလာတဲ့ defamiliarisation (စိမ်းအောင်လုပ်ခြင်း) နဲ့ laying bare the device စာပေအနုပညာလက်ရာတစ်ခုဖြစ်စေတဲ့ `ပစ္စည်း´တွေကို စာသားထဲဝှက်မထားပဲ ထုတ်ပြလိုက်တာ ၊ အလင်္ကာတွေသုံးရင်သုံးထားတဲ့ အလင်္ကာကို အလင်္ကာမှန်းသိအောင် တမင် ထုတ်ပြောတာတွေလုပ်ကြပါတယ်။ ပကတိအရှိတရားကို ဘာသာစကားက သရုပ်ဖေါ်တာထက် ပကတိအရှိတရားကို ဘာသာ စကားကပြုလုပ်တာဖြစ်တယ်ဆိုတဲ့ Sapir-Whorf hypothesis ရဲ့ လွှမ်းမိုးမှုလည်းသက်ရောက်တာဖြစ်ပါတယ်။ ဘာသာစကားသုံးစွဲပုံနဲ့  လူ့အဖွဲ့အစည်းဆိုင်ရာ ကိစ္စတို့ဆုံစည်းကြတဲ့ ပွိုင့်တွေမှာ political အင်အားသုံးခြင်းတွေ/အင်အားပြိုင်ခြင်းတွေ တွေ့ရတာဖြစ်ပြီး အဲဒီ ပွိုင့်တွေဟာ LP ရဲ့ ပေါ်လီတီကလ် အခြေခံတွေဖြစ်လာပါတယ်။ အရေးအသားပြုလုပ်ဖွဲ့စည်းမှုထဲက အထက်အောက်ဖိစီးမှုကို ထုတ် ဖေါ်ပြီး ဖျက်လိုက်ရင် လူ့အဖွဲ့အစည်းမှာလည်း အထက်အောက်ဖိစီးမှုတွေ ပျက်သွားနိုင်တယ်လို့လည်း LP က နိုင်ငံရေးအမြင်/ရည်မှန်း ချက်တစ်ခုအနေနဲ့ ထားရှိခဲ့ပါတယ်။

LP ရဲ့ ထင်ရှားတဲ့ တတိယအချက်ကတော့ ဖတ်သူပေါ်သဘောထားပါပဲ။ ပထမအချက်အနေနဲ့ `ရေးသူကွယ်လွန်ခြင်း´ဟာ `ဖတ်သူမွေးဖွားခြင်း´ပဲဖြစ်စေရမယ်ဆိုတဲ့ အယူအဆပါ။  ဒုတိယအချက်က ရှိရင်းစွဲပင်မရေစီးကဗျာတွေမှာ ကဗျာဆရာနဲ့ ဖတ်သူဆက် ဆံရေးဟာ မမျှတဘူး။ ကဗျာဆရာက (အထက်စီးက)ပြောနေတာဖြစ်ပြီး ဖတ်သူဟာ ဖတ်ရုံမှတစ်ပါးဘာမှမတုန့်ပြန်နိုင်ဘူး။ ဒါကိုဖျက်ဖို့ ဖတ်သူကို သူကိုယ်တိုင်ပါဝင် အဓိပ္ပါယ်ပြုလုပ်တည်ဆောက်ခွင့်ပေးတာဖြစ်တယ်။ အဲသလို အဓိပ္ပါယ်ပြုလုပ်တည်ဆောက်နိုင်ဖို့ ကဗျာ/ အရေးအသားထဲမှာ လမ်းစလေးတွေဖေါ်ပေးတာ/သဲလွန်စလေးတွေချပြတာလေးတွေပါရှိပါတယ်။ တတိယအချက်အနေနဲ့ကတော့ ဖတ်သူဟာ အရေးအသားကို deconstruct လုပ်ကျင့်ရတာနဲ့အမျှ နေထိုင်လှုပ်ရှားနေရတဲ့ နေ့စဉ်ဘ၀နဲ့ လူ့အဖွဲ့အစည်းကိုလည်း deconstruct နိုင်ဖို့ရည်ရွယ်ကြတာဖြစ်ပါတယ်။

 

(၆)       LP ရဲ့ ပစ္စုပ္ပန် နဲ့ အနာဂတ်

 

LP ရဲ့ ရည်မှန်းချက်တွေအောင်မြင်တာ ၊ မအောင်မြင်တာထားပါ ၊ ကဗျာဆရာတော်တော်များများရဲ့ ကဗျာရေးဟန်ကိုတော့ ဧကန်မုချပြောင်းလဲသွားစေခဲ့တာအမှန်ပါပဲ။ LP နဲ့ အလှမ်းကွာဝေးလွန်းတဲ့ ကဗျာဆရာတွေတောင်မှ LP အကြောင်းမကြားဖူးပဲ LP ရဲ့ disjunction တွေ ၊ disruption တွေ ၊ abstraction တွေကို လက်ခံလာတတ်ကြပြီပဲ။

ဖြစ်ပျက်ခဲ့တဲ့သမိုင်းကို ယုံရမယ်ဆိုရင်တော့ LP ရဲ့ အနာဂတ်ဟာ အနေအထားနှစ်ခုပေါ်မှာပဲ မူတည်ပါတယ်။ ပထမအနေ အထားကတော့ ဘယ်လိုကျောင်းတော် ၊ ဂိုဏ်း ၊ အုပ်စုကပဲဖြစ်ဖြစ်  ယေဘူယျအားဖြင့် အမေရိကန်ကဗျာနဲ့ ပတ်သက်လို့ ထင်ရှားကျန် ရစ်ခဲ့မယ့် ကဗျာဆရာနဲ့ မထင်မရှားပျောက်ကွယ်သွားမယ့် ကဗျာဆရာတို့ဟာ ကွဲပြားခြားနားသွားကြပါလိမ့်မယ်။ ဒါဟာလည်း ဂိုဏ်း ကိုယ်စားပြုမှုထက် ကဗျာဆရာတစ်ယောက်ချင်းစီနဲ့ပဲ ဆိုင်ပါတယ်။ ဒုတိယအနေအထားကတော့ LP ရဲ့ မူလ အာဗွန့်ဂါ့ဒ်ဖြစ်မှု ၊ အထက် စီးရ ပင်မရေစီး ကဗျာဗေဒတွေကို စိမ်ခေါ်မှုကို LP ရဲ့ ဒုတိယ ၊ တတိယ `မျိုးဆက်´ တွေကလုပ်ဆောင်နိုင်မှာမဟုတ်ပဲ တစ်ချိန်က LP ကိုယ်တိုင်ငြင်းပယ်ခဲ့ ၊ ဖိနှိပ်ခဲ့ ၊ အဲဒီတုန်းက သဘောမပေါက်/စိတ်ကူးလို့မရနိုင်ခဲ့ကြတဲ့ ကဗျာ/အရေးအသား ပုံစံသစ်တစ်ခုခုကပဲ ဆက်လုပ်သွားမှာဖြစ်ပါတယ်။ ဥပမာ ၊ Conceptual ၊ Procedural ၊ Visual ၊ Digital ၊ စသည်တို့ပဲဖြစ်ပါတယ်။                ။

 

– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

 

အထက်ပါဟာ ခရေ့ဂ် ဒဝေါ်ကင်န်ရဲ့ အမြင်နဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။ Wikipedia မှာကြည့်လိုက်ရင် LP နဲ့ ပတ်သက်လို့ အခြားရှု ထောင့်တွေလည်း တွေ့နိုင်မှာဖြစ်ပါတယ်။ LP ရဲ့ နက်နဲရှုပ်ထွေးခဲ့တဲ့ ရာဇ၀င်နဲ့ နက်နဲရှုပ်ထွေးခဲ့တဲ့ လုပ်ရပ်/လက်ရာတွေကို ဘယ်သူ မဆိုနားလည်အောင်ရိုးရှင်းစွာရေးပြဖို့ဆိုတာဟာ ရိုးစင်းအောင်ပြုလုပ်ပြီး ဖျက်ဆီးပစ်လိုက်ရာကျပါတယ်။ LP ရဲ့ လက်ရာအချို့ဟာ Conceptual ထဲမှာ ပြန်ပါဝင်လာတာတွေ့ရသလိုနောက်ပိုင်း Flarf ၊ Post – Flarf တွေနဲ့လည်း မကင်းရာမကင်းကြောင်းတွေတွေ့ရပါ တယ်။ Post – LP ဆိုတာကိုတော့ American Hybrid Poetry လိုလို Lyric Postmodern လိုလို Elliptical Poets လိုလို ၊ ဟိုလိုလို ဒီလိုလို တွေ့ရှိဖတ်ရှုထားမိတာတွေလည်းရှိပါသေးတယ်။

ဇေယျာလင်း
13 – July – 13

မှတ်ချက်။       ။ မူရင်း –– Craig Dworkin : LANGUAGE POETRY Entry for The Greenwood Encyclopedia of American Poetry (2005)

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>