ကေသီရေ ၊ ငါသိတယ် ၊ မင်းဟာ ငါတို့ကို ဖန်တီးပြနိုင်တယ်
ကာဘာစတိုရီ ၁ ခုမကတဲ့ ဖန်ဆင်းရှင်တောင် မင်းလောက် . . .
ဘလက်ဟိုးတွေဟာ စကြ၀ဠာထဲက တွင်းနက်တွေလား
အပေါက်မည်းမည်းကြီးတွေလား ၊ လူမည်းအမျိုးသမီးတွေလား
ကေသီရေ ၊ ဒါကို ဖန်တီးပြပါ
ဇီဝအစ ပင်လယ်ကလို့ ဘယ်သူပြောသလဲ
ကေသီရေ ၊ ပြောပြပါ ၊ ဇီးရဲ့ အစဘယ်ဘဝ
လွန်ခဲ့တဲ့ ရာစုနှစ်က ငါဟာ ကြိုးပေးသတ်ခံခဲ့ရတယ်
အဖြူမတစ်ယောက် အာသာဖြေနေတာချောင်းကြည့်မှုနဲ့
ကေသီရေ ၊ ဒါကိုဖန်တီးပြပါ
မသိစိတ်ကြောင့်တဲ့လား ၊ ဘယ်လိုသိရမလဲ
မွတ်သိပ်ခြင်း ၊ ကြောက်ခြင်း ၊ သိလိုခြင်း ၊ တွေ့ကြုံခံစားလိုခြင်း
ကေသီရေ ၊ ဖန်ဆင်းရှင်ဟာ ဘယ်တွင်းနက်ထဲကလဲ
ဒါကို ဘယ်သူ့ကိုမှ အသိမပေးခဲ့ပါဘူး ၊ ဟိုက်ဒြိုဂျင်ဟာ
အောက်စီဂျင်နဲ့ ရေထဲကွဲနေတာမှ မဟုတ်တာ
ရေကို ဘယ်လောက်ကြည့်ကြည့် ဘာ gas မှ မတွေ့ဘူး
ငါ့ရဲ့ ကြည့်မိတဲ့ အပြစ်ထဲမှာ ဘာဖန်ဆင်းရှင်မှ မရှိခဲ့ဘူး
ကေသီရေ ၊ အာသာဖြေပုံကို ဖန်တီးပြပါ
ဘ၀မှာ အရေးကြီးဆုံးက
ကိုယ့်အလိုဆန္ဒကို ရှေ့တန်းမတင်ခြင်းပဲ
ကျောင်းမှာ သင်ခဲ့ရတယ် ဆရာမရဲ့ အလိုဆန္ဒအတိုင်း
ကေသီရေ ၊ ရိုက်သွင်းတည်ဆောက်မှုကို ဖန်တီးပြပါ
လယ်ကွင်းထဲလားနဲ့ လေးဘက်ထောက်နေရမလား
ဘုရားသခင် ၊ သခင်ဟာငါ့ကို အဓမ္မဖွင့်လိုက်တယ်
ဖွင့်ပြီးမှောင်ကျသွားတယ် အိုစကြ၀ဠာကြီး
အိုဘလက်ဟိုးများ ၊ အို ၊ ရိုကျိုးရသောသခင်
ကေသီရေ ၊ အတွင်းထဲစုတ်ပြဲသွားတာ ဖန်တီးပြပါ
ဒီလောက်တစ်ခါမှ မပျော်ရွှင်ခဲ့ရဘူး
ကြိုးကွင်းစွပ်ချလိုက်တဲ့အခါ သူမ, ဟာ ရှေ့ဆုံးမှာ
ငါနားမလည်တဲ့ အကြည့်နဲ့ ကြက်ဥပုပ်ကို ကိုင်ထားတယ်
ငါဟာ ဘလက်ဟိုးထဲ ကျသွားတယ်
ကေသီရေ ၊ မင်းရဲ့ ဘလက်ဟိုးကို ဖန်တီးပြပါ။ ။
ဇေယျာလင်း
11 – Jan – 13