၂၀၁၂ ၊ ဩဂုတ်လ ၁၉ရက်နေ့ ၊ New Zero Art Space မှာ ညနေ ၄း၁၅ ကနေ ၆း၀၀ အထိ ‘Bones Will Crow: 15 Contemporary Burmese Poets’ မြန်မာ – အင်္ဂလိပ်ကဗျာစာအုပ်မိတ်ဆက်ပွဲလေးကျင်းပခဲ့ပါတယ်။ ကဗျာစာအုပ်ပါ ကဗျာဆရာ/ ဆရာမတွေနဲ့ နီးစပ်ရာသာ ဖိတ်လိုက်တဲ့အတွက် ပရိသတ် ၃၀ လောက်နဲ့ အကျဉ်းရုံးကျင်းပသွားခဲ့တဲ့ပွဲလေးဖြစ်ပါတယ်။
အခမ်းအနားမှူးအဖြစ် ဇေယျာလင်းက တာဝန်ယူပြီး အဖွင့်အမှာစကားကို ဆရာမောင်သာနိုးကပြောကြားခဲ့ပါတယ်။ ဒုတိယ အစီအစဉ်အနေနဲ့ ဒီစာအုပ်ကို ဘာသာပြန်သူ (၂)ဦးအနက် တစ်ဦးဖြစ်သူ ကိုကိုသက်က ဒီစာအုပ်လေးဖြစ်ပေါ်လာပုံရဲ့ ရာဇ၀င်ကောက်ကြောင်းကို ဆွဲပြသွားပါတယ်။ အခက်အခဲအမျိုးမျိုးတွေကြား ဒီစာအုပ်လေးဖြစ်လာပုံနဲ့ ရှေ့နှစ် ၂၀၁၃ မှာ အမေရိကန် ၊ နျူးယောက်မှာ ဒီစာအုပ်ထုတ်ဝေဖြန့်ချိဦးမှာဖြစ်ကြောင်းလည်း သိလိုက်ရပါတယ်။ စာမူခအားဖြင့် ကဗျာဆရာ/ဆရာမတစ်ဦးစီဟာ USD 50/- စီပဲရခဲ့ကြတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ publisher က ဒီကဗျာတွေဟာ ပရင့်တ်မှာဖေါ်ပြပြီးသားတွေမို့လို့ ပြန်လည်ဖေါ်ပြတဲ့အတွက်ပဲ ဥာဏ်ပူဇော်ခအနေနဲ့ ပေးတာလို့ဆိုပါတယ်။ ကိုကိုသက်ရဲ့ စကားအပြီး ပရိသတ်ထံမှ မေးစရာရှိတာမေးလို့ရပါတယ်လို့ ခွင့်ပြုလိုက် ပေမယ့် (၀ါ) ပရိသတ်ထံမှ မေးခွန်းများတောင်းဆိုလိုက်ပေမယ့် ဘယ်သူမှ မမေးကြတဲ့အတွက် ကိုထိန်လင်းရဲ့ အမျိုးသမီး Vicki ကပဲ ဘာဖြစ်လို့ အမျိုးသမီးကဗျာဆရာမတွေ နည်းနည်းပဲပါရတာလဲလို့မေးပါတယ်။
တတိယအစီအစဉ်အနေနဲ့ ကိုထိန်လင်းက စာအုပ်ပါ ကဗျာဆရာ/ဆရာမတွေကို စာအုပ်လက်ဆောင်ချီးမြှင့်ပါတယ်။ ဆရာမောင်သာနိုး ၊ သစ္စာနီ ၊ အောင်ချိမ့် ၊ မောင်ပြည့်မင်း ၊ မန္တလေး သိန်းဇော် ၊ မိုးဝေး ၊ မိုးဇော် ၊ မောင်ယုပိုင် ၊ မအိ ၊ ပန်ဒိုရာ ၊ အိန္ဒြာတို့ဖြစ်ပါတယ်။ ဒီစာအုပ်တွေကို လန်ဒန်ကနေ တကူးတကသယ် ပေးတဲ့ ကိုထိန်လင်းနဲ့ Vicki ကို ကျွန်တော်ဒီမှာထပ်ပြီး ကျေးဇူးတင်စကားပြောချင်ပါတယ်။ ကိုယ့်အထုပ်အပိုးသက်သက်ပဲ ကီလို(၂၀)ရှိနေတဲ့အတွက် စာအုပ်တွေ ကျွန်တော်ယူမလာနိုင်ခဲ့ပါဘူး။ အဲဒါကို ကိုထိန်လင်းနဲ့ Vicki တို့ရဲ့ ကျေးဇူးကြောင့် ဒီပွဲလေးလည်းလုပ် ဖြစ်သွားတာဖြစ်ပါတယ်။ နောက်ဆုံးအစီအစဉ်အနေနဲ့ သစ္စာနီက နိဂုံးချုပ်စကား ပောကြားပေးခဲ့ပါတယ်။
ဒီအခမ်းအနားအစီအစဉ်လေးဖြစ်မြောက်ဖို့အစစအရာရာ ကူညီပေးခဲ့တဲ့ ကိုအေးကို (New Zero) ကိုလည်း ကျေးဇူးတင်ပါတယ်။ ဖိတ်စာကဒ်ပြားလေးလုပ်ပေးတဲ့ ကိုမိုးဝေးကိုလည်း ကျေးဇူးတင်ပါတယ်။
လာမယ့် အောက်တိုဘာလထဲမှာ New Zero မှာပဲ ဒီစာအုပ်ဘာသာပြန် အခြားတစ်ယောက်ဖြစ်သူ James Byrne ဂျေးမ်စ်ဘားန်ရဲ့ ဒီစာအုပ်နဲ့ ပတ်သက်ရာ စကားပြောပွဲလေးရှိမယ်လို့ သိရပါတယ်။
ဇေယျာလင်း
20 – Aug – 12