Poetry Parnassus ပါနက်ဆပ်စ်ကဗျာပွဲတော် မှတ်တမ်း

ဗြိတိန်နိုင်ငံအခြေစိုက် Southbank Centre အနုပညာ ယဉ်ကျေးမှုဌာနရဲ့ ဖိတ်ကြားချက်နဲ့ Poetry Parnassus ပါနက်ဆပ်စ် နိုင်ငံတကာ ကဗျာပွဲတော်ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ လန်ဒန်မှာ ကျင်းပတဲ့ အိုလံပစ်အားကစားပွဲနဲ့ အပြိုင်ပြုလုပ်တဲ့ နိုင်ငံတကာ ကဗျာပွဲတော် ဖြစ်ပါတယ်။ အိုလံပစ်အားကစားပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ကြတဲ့ တိုင်းပြည်အသီးသီးက ကဗျာဆရာတစ်ဦးစီကို ဖိတ်ကြား တာဖြစ်ပါတယ်။ လန်ဒန်မြို့ ၊ Southbank Centre မှာ ရှိတဲ့ Queen Elizabeth Hall အဆောက်အအုံမှာ Monday 25 June 12 ကနေ Sunday 1 July 12 အထိဆက်တိုက်ကျင်းပခဲ့ပါတယ်။ အဲဒါပြီးတော့ အခြားမြို့တွေမှာ ကျင်းပတဲ့ ကဗျာပွဲတော်တွေကို တက်ရောက်လာကြတဲ့ ကဗျာဆရာတွေထဲက ထပ်ရွေးချယ်ပြီးသွားရောက်ပါဝင်ဆင်နွှဲကြရပါတယ်။

Zeyar Lynn - Poetry Parnassus
Zeyar Lynn – Poetry Parnassus

Zeyar Lynn

ဒီပွဲတော်ရဲ့ ထူးခြားချက်(၂)ချက်ကတော့ ကမ္ဘာမှာ ပထမဆုံးအကြိမ် အိုလံပစ်အားကစားပွဲတော်နဲ့ နိုင်ငံတကာ ကဗျာပွဲတော် ပူးတွဲကျင်းပတာဖြစ်ခြင်းနဲ့ World Poetry Summit ဆိုတဲ့ ယူကေမှာ အကြီးမားဆုံး နိုင်ငံတကာပွဲတော် ကျင်းပခြင်းတို့ဖြစ်ပါတယ်။ ကဗျာရွတ်ပွဲအပြင် ကဗျာဆိုင်ရာ ဆွေးနွေးနှီးနှောဖလှယ်ပွဲတွေလည်းကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲတော်ကြီးရဲ့ အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြတဲ့ ကဗျာဆရာတွေရဲ့ ကဗျာတစ်ပုဒ်စီဖေါ်ပြပါရှိတဲ့ Poetry Parnassus Anthology (The World Record Anthology) (www.bloodaxebooks.com) ကဗျာပေါင်းချုပ်ကို ထုတ်ဝေဖြန့်ချိပါတယ်။ ကဗျာဆရာတစ်ယောက်စီဟာ တစ်အုပ်စီလက် ဆောင်ရရှိပြီး ကျန်တာကို စာအုပ်ဆိုင်တွေမှာ ရောင်းပါတယ်။ နောက်တစ်ခုက Rain of Poems ဆိုတဲ့ `ကဗျာမိုး´အတွက် ကဗျာဆရာ တစ်ယောက်စီရဲ့ ကဗျာတစ်ပုဒ်စီကို အလျား ၆” အနံ ၂” ရှိတဲ့ ကဒ်ပြားပေါ်ပုံနှိပ်ပြီး အဲဒီကဗျာကဒ်ပြားတွေကို ကောင်းကင်မှာ ၀ဲနေတဲ့ ရဟတ်ယာဉ်ကနေ အရေအတွက် ထောင်သောင်းနဲ့ချီကျဲချတာ ဖြစ်ပါတယ်။ သူတို့ရွေးချယ်တဲ့ ကျွန်တော့်ကဗျာကတော့ `ထင်ရှားသည့် အမှတ်အသား´(၂၀၀၆) ကဗျာစာအုပ်ထဲက `ဆလိုက်ရှိုး(Slide Show)´ ကဗျာရဲ့ အင်္ဂလိပ်ဘာသာပြန် ဖစ်ပါတယ်။ ဘာသာပန်သူတွေကတော့ ကိုကိုသက်နဲ့ James Byrne တို့ ဖစ်ပါတယ်။

Monday 25 June ညနေခင်းမှာ ကြိုဆိုပွဲပြုလုပ်ပြီး Tuesday 26 June မှာ ကဗျာအခမ်းအနားတွေ မနက် ၉း၃၀ မှာ စတင် ကျင်းပပါတယ်။ ပထမဆုံးပွဲကတော့ World Poetry Summit Conference မိတ်ဆက်ပွဲဖြစ်ပြီး ထင်ရှားတဲ့ ဗြိတိသျှကဗျာဆရာ Simon Armitage ဆိုင်မွန် အာမီတေ့ဂ်ျက အဖွင့်မိန့်ခွန်းပြောကြားတာဖြစ်ပါတယ်။ အဲဒီကနေ World Poetry Summit Conference ကို `Poetry and Money´ ၊`Tradition vs Innovation´ ၊ `e – Poetry and Virtual Festivals´၊ `How will people find their way to poetry in the 21st Century ?´ ၊ `Poetry & Elitism´ ၊ `Translation: Beyond the Text´ ၊ နဲ့ `Round – the World Tour: Mapping the International Poetry Scene´ စတဲ့ ခေါင်းစဉ်အသီးသီးနဲ့ ကဗျာရွတ်ပွဲ ၊ ဆွေးနွေးပွဲတွေကျင်းပပါတယ်။ ဆိုးတာက တော့ အချို့ပွဲတွေဟာ တစ်ချိန်တည်းတစ်ပြိုင်တည်းကျင်းပတဲ့အတွက် ပွဲတိုင်းကို ကျွန်တော်မတက်ရောက်နိုင်ခဲ့ပါဘူး။ ည ၇း၀၀ – ၈း၀၀ နာရီမှာ ကျင်းပတဲ့ Poetry Parnassus ဖွင့်ပွဲအခမ်းအနားမှာ ကျွန်တော်ကဗျာ ၃ ပုဒ်တက်ရွတ်ခဲ့ပါတယ်။ မြန်မာလိုရွတ်တာကို James Byrne က အင်္ဂလိပ်ဘာသာပြန်ကို ရွတ်ပါတယ်။ `ထင်ရှားသည့်အမှတ်အသား´ထဲက ကိုကိုသက်နဲ့ James Byrne တို့ဘာသာပြန်ကြ တဲ့ `ငါ့သမိုင်းဟာ ငါ့သမိုင်းမဟုတ်ဘူး´/ `My History is not Mine´ ၊ `ဆလိုက်ရှိုး/Slide Show´ ၊ နဲ့ `မုတ်ဆိတ်တို့၏ သွားရာလမ်း များ´/ `The Ways of the Beards´ တို့ဖြစ်ပါတယ်။ ည ၉း၀၀ – ၁၀း၀၀ နာရီမှာ အထက်ကပြောခဲ့တဲ့ Rain of Poems ကိုပွဲတော် ခမ်းမရဲ့ အနီးအနားက Jubilee Gardens မှာ ကျင်းပပါတယ်။ လန်ဒန်နွေရာသီမှာ နေဟာ ည ၁၀း၀၀ နာရီလောက်မှာ ၀င်တာဖြစ်တဲ့ အတွက် မိုးပေါ်က ကဗျာတွေ ကျဲချတာဟာ လင်းလင်းရှင်းရှင်းထဲမှာပဲဖြစ်ပါတယ်။ ကောင်းကင်ပေါ်က ကျလာတဲ့ ကဗျာကဒ်တွေကို လုယက်ကောက်ကြတာဟာ ပျော်စရာပါပဲ။ အဲဒီ Southbank Centre နဲ့ မနီးမဝေးမှာ London Eye ရဟတ်နဲ့ Aquarium Centre ငါးပြ တိုက်တို့ ရှိတဲ့အတွက် လာရောက်လည်ပတ်ကြတဲ့ ပရိသတ်တွေဟာလည်းအစကတော့ ကြောင်ကြည့်နေပြီးနောက် သူတို့ပါပြေးလွှား ကောက်ယူကြတော့တာပါပဲ။ ကဗျာတွေကို လူထုထဲ အလကားကျဲချပေးတာပေါ့။ လန်ဒန်မြို့ရဲ့ သဲမ်စ်မြစ်ကမ်းနဘေးက ညလင်းလင်း ဟာ အော်ဟစ်ဆူညံရယ်မောသံတွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။

ကျွန်တော်တို့ကဗျာဆရာတွေကို နေဖို့နေရာချထားတာကတော့ Southbank Centre ပွဲတော်ကျင်းပတဲ့အရပ်ကနေ ၁၅ မိနစ် လောက်လျှောက်ရတဲ့ Travelodge Hotel မှာဖြစ်ပါတယ်။ ဟော်တယ်ပြန်ရောက်ကြတော့ ဟော်တယ်ဘားမှာပဲ နိုင်ငံတကာ ကဗျာ ဆရာ/ဆရာမတွေ ဘီယာခွက် ၊ အရက်ခွက်ကိုယ်စီနဲ့ အချင်းချင်းမိတ်ဆက်ကြ ၊ စကားပြောကြနဲ့ ခင်မင်ရင်းနှီးမှုကို တည်ဆောက်ကြပါ တယ်။ တရုတ် Misty ကဗျာဂိုဏ်း ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Yang Lian ယန်(ဂ်) လျန် ၊ မက်စီဒိုးနီးယားက ကဗျာဆရာ Nikola ၊ ခရိုအေးရှားက ကဗျာဆရာ Damir Slodan ၊ ဘယ်လာရု(စ်)က ကဗျာဆရာမ Valzhyna Mort အပြင်အခြားအာဖရိက ၊ တောင်အမေရိက ၊ ပစိဖိတ်ကျွန်းနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းက ကဗျာဆရာ/ဆရာမတွေနဲ့ တွေ့ဆုံရင်းနှီးခဲ့ရပါတယ်။ အဲဒီဟော်တယ်ဘားဟာ ညတွေ မှာမနက် ၃း၀၀ ကျော်အထိ အလွတ်သဘောကဗျာရွတ်ပွဲ အခမ်းအနားဖြစ်သွားပါတော့တယ်။ တက်ရောက်လာကြတဲ့ ကဗျာ ဆရာ/ဆရာမ အသီးသီးဟာ ပွဲတော်မှာ မိနစ် ၂၀ စီပဲ ကဗျာရွတ်ဖတ်ခွင့်ရကြတော့ ဟော်တယ်ရောက်မှပဲ ဟော်တယ်ဘားမှာသောက် ကိုယ့်ဖါသာကိုယ် ဘာမှ မကြေညာပဲ ကဗျာတွေ ရွတ်ကြပါတယ်။ သူ့ဘာသာစကားနဲ့သူဆိုတော့ ဘယ်သူမှလည်း ရွတ်တဲ့ ကဗျာတွေကို နားမလည်ပေမယ့် ကဗျာဆရာ အချင်းချင်းဆိုတော့ အားပေးကြတာပေါ့။ သောက်လိုက် ၊ ရွတ်လိုက် ၊ အားပေးလိုက်နဲ့ နောက်တစ် နေ့ပွဲတွေ တက်ရောက်ဖို့ မနက် ၃း၀၀ နာရီလောက်မှ ကိုယ့်အခန်းကိုယ်ပြန်အိပ်ကြတာဖြစ်ပါတယ်။

ဗုဒ္ဓဟူးမနက်ခင်းမှာ နိုင်ငံတကာ ကဗျာဆရာ ၊ စာရေးဆရာ အသင်းအဖွဲ့ဖြစ်တဲ့ PEN ရဲ့ အခမ်းအနားကျင်းပပါတယ်။ `Free the Word : Zones of Conflict – Poets Caught in Global Crisis´ ခေါင်းစဉ်နဲ့ Freedom of Expression လွတ်လပ်စွာဖွင့်ဟဖေါ် ထုတ်ခွင့်အကြောင်းဆွေးနွေးကြပါတယ်။ ဒီပွဲမှာ (ကို) ဇာဂနာကလည်း သူ့အတွေ့အကြုံတွေကို အင်္ဂလိပ်လိုပြောပြသွားပါတယ်။ နေ့လည်မှာ `Exile and Audience´ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကျင်းပပါတယ်။ ညနေမှာ `I Am Not my Country : (Anti – ) nationalism, borders and identity´ ခေါင်းစဉ် ၊ `Prayers for Exiled Poets – Poetry & Politics´ ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲတွေ ဆက်ကျင်းပပါတယ်။ ည ၇း၀၀ ကနေ ၉း၀၀ နာရီအထိ The Wolf Magazine ရဲ့ ၁၀ နှစ်ပြည့် အခမ်းအနားကျင်းပပါတယ်။ အဲဒီ မဂ္ဂဇင်း ပိုင်ရှင်နဲ့ အယ်ဒီတာဟာ James Byrne ဖြစ်ပြီး ဒီအခမ်းအနားအတွက် The Wolf ရဲ့ ၁၀ နှစ်မြောက် အထူးထုတ် မဂ္ဂဇင်းကို ထုတ်ဝေပါ တယ်။ ဒီပွဲမှာ စင်္ကပူက Alvin Pang ၊ မက်စီဒိုးနီးယားက Niklol Madzirov ၊ ရုရှက Ilya Kaminsky ၊ ဘယ်လာရု(စ်)က Valzhyna Mort နဲ့ ကျွန်တော် ကဗျာတွေရွတ်ကြပါတယ်။ ဒီအခမ်းအသားကို သီးသန့်အခန်းကျဉ်းလေးထဲမှာ ကျင်းပတဲ့အတွက် တံခါးဝမှာ လူအုပ်ကြီးက ၀င်လို့မရပဲဖြစ်နေခဲ့ကြပါတယ်။ အဲဒါကို အပြင်ကပဲရပ်ပြီး နားထောင်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ မောင်ချောနွယ်ရဲ့ `လူကြိုက်နည်းတဲ့ ကောင်´ ကဗျာအင်္ဂလိပ်ဘာသာပြန်ကို ကျွန်တော်ဖတ်ခဲ့ပါတယ်။ ကိုချောရဲ့ ဘ၀တစေ့တစောင်းလည်းပြောကြားရင်းနဲ့ပေါ့။ ဒီပွဲကျင်းပ နေချိန်မှာပဲ Modern Poetry in Translation ပွဲနဲ့ Poetry & Film ပွဲတို့ကျင်းပတဲ့အတွက် ကျွန်တော်မတက်ဖြစ်ခဲ့ရတာ တော်တော်နာတယ်လို့ ထင်မိပါတယ်။

ကြာသပတေးနေ့လည်မှာ Poetry Karaoke : International Special ပွဲကျင်းပပါတယ်။ ဘာသာပြန်ကဗျာတွေရဲ့မူရင်းတွေ ကို ပရိသတ်ကိုပေးပြီး ရွတ်ဖတ်တဲ့ ဘာသာပြန်ကဗျာကို မူရင်းနဲ့ မှန်းရတဲ့ ပွဲဖြစ်ပါတယ်။ အဲဒီပွဲမှာ ကျွန်တော် အက်ရှဘရီရဲ့ မြန်မာ ဘာသာပြန်ကဗျာ ၂ ပုဒ်ကို မြန်မာလိုရွတ်ဖတ်ခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ ပါဝင်ခဲ့ကြတဲ့ အခြားကဗျာဆရာတွေကတော့ ဂျာမဏီက Jan Wagner ၊ ခရိုအေးရှားက Damir Slodan နဲ့ အာမီးနီးယားက Razmik တို့ဖြစ်ပါတယ်။ ကျန်တဲ့ပွဲတွေကတော့ ခလေး လူငယ်တွေနဲ့ ဆိုင်တဲ့ ပွဲတွေပါပဲ။ ဒီနေ့မှာ ကျွန်တော်လွတ်သွားတဲ့ ပွဲတစ်ပွဲကတော့ BBC World Service မှာ တိုက်ရိုက် ထုတ်လွင့်ဖို့ စီစဉ်ထားတဲ့ ကဗျာဆွေးနွေးပွဲဖြစ်ပါတယ်။ ကျွန်တော်နဲ့အတူ ထိုင်ဝမ်က Chen Li ၊ ဘရာဇီးက Paulo Henrigues Britto ၊ ဗီယက်နမ် Nguyen Bao Chan ၊ ဆိုမားလီးယားက Abdullahi Botan Hassan တို့ဖြစ်ပါတယ်။ ဒါပေမယ့် အချိတ်အဆက်တွေဘယ်လိုလွဲသွားလည်းမသိပါဘူး။ ကျွန်တော်မသွားဖြစ်ခဲ့ဘူးပဲပေါ့ဗျာ။ နောက်မတက်ဖြစ်ခဲ့တဲ့ပွဲက `Erotica : The Art of Seduction´ ဖြစ်ပါတယ်။ Magic Surrealism: A Night of Latin American Poetry, Music and Dance ပွဲရောက်နေလို့ပါ။

သောကြာနေ့မှာ အီရန်ကဗျာဆရာမ MiMi Khalvati ရဲ့ ကဗျာဝပ်ရှော့တက်ဖြစ်ပါတယ်။ Saison Poetry Library မှာ `ဆလိုက်ရှိုး´ ကဗျာကို အထူးပြုလုပ်ထားတဲ့ စက္ကူပေါ်မှာ မြန်မာလိုရေးသားပီး မှတ်တမ်းအနေနဲ့ ထားခဲ့ရပါတယ်။ အဲဒီကဗျာကိုပဲ ရွတ်တာကို အသံသွင်းရင်း ဗီဒီယိုလည်းရိုက်ပါတယ်။ မှတ်တမ်းပါပဲ။ ဒီနေ့မှာ ကျင်းပတဲ့ အခြားပွဲကတော့ ဗြိတိသျှကဗျာဆရာမ Jo Shapcott ရဲ့ ကဗျာဝပ်ရှော့ ၊ Spanish & Latin American Poetry ၊ Italian Poetry Reading ၊ ရုရှကဗျာဆရာ Ilya Kaminsky ရဲ့ ကဗျာဝပ်ရှော့ ၊ ဘောလ်ကန်ဒေသ ကဗျာဆရာတွေ Poetry from the Balkans ၊ Wole Soyinka & Seamus Heany တို့ရဲ့ ကဗျာ ရွတ်ပွဲ ၊ အမေရိကန်ကဗျာဆရာ Kay Ryan ရဲ့ ကဗျာဝပ်ရှော့ ၊ Poetry Review ကဗျာမဂ္ဂဇင်းအခမ်းအနား ၊ `Women and Revolution´ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ၊ Caribbean Poetry တို့ဖြစ်ပါတယ်။

စနေနေ့မှာ `Bones Will Crow: 15 Contemporary Burmese Poets´ anthology စာအုပ်ထုတ်ဝေသူ Arc Publications ရဲ့ ဒီစာအုပ်မိတ်ဆက်ပွဲကျင်းပပါတယ်။ မြန်မာ – အင်္ဂလိပ်နှစ်ဘာသာနဲ့ ထုတ်တဲ့ စာအုပ်ဖြစ်ပါတယ်။ ပါဝင်သူကဗျာဆရာတွေကတော့ တင်မိုး ၊ အောင်ချိမ့် ၊ မောင်ချောနွယ် ၊ သစ္စာနီ ၊ မအိ ၊ မောင်ပြည့်မင်း ၊ မိုးဇော် ၊ မိုးဝေး ၊ ပန်ဒိုရာ ၊ အိန္ဒြာ ၊ ကိုကိုသက် ၊ ခင်အောင်အေး ၊ မောင်ယုပိုင် ၊ မောင်သိန်းဇော်နဲ့ ဇေယျာလင်းတို့ဖြစ်ပါတယ်။ အဲဒီပွဲမှာ ကျွန်တော့်ကဗျာ ၃ ပုဒ်ကို မြန်မာ – အင်္ဂလိပ် ၂ ဘာသာ ကျွန်တော်ရွတ်ဖတ်ခဲ့ပါတယ်။ ဒီစာအုပ်ဖြစ်မြောက်ဖို့အတွက် လူတော်တော်များများပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။ ဘာသာပြန်သူတွေ ရဲ့အမှာစာမှာ Vicky Bowman, Htein Lin, Ruth Padel, Maung Tha Noe, Christopher Merrill, Anna Allot, Justin Watkins, Niall McDevitt, Kyi Aye, Khet Mar, Sandeep Parmar, Kyaw Wunna, Moe Cho Thin, Moe Moe Hnin, Patricia Herbert, Yusef Komunyakaa, Deborah Landau, Timo Virtala, Ian Bourgeot, Kyaw Kyaw Latt, Gerhard Koberlin and Yee Yee Htun တို့ကို ကျေးဇူးတင်ရှိကြောင်းပါရှိပါတယ်။ ထုတ်ဝေသူကတော့ Arc Publications က Tony Ward နဲ့ Angela Jarman တို့ဖြစ်ပါ တယ်။ အမှာစာ ကို Ruth Padel က ရေးသားပြီး အဖွင့်အဖြစ် ဇေယျာလင်းရဲ့ ‘What is ‘Contemporary’ in Twenty-first Century Myanmar/Burmese Poetry?’ ဖေါ်ပြပါရှိပါတယ်။ စာအုပ်မျက်နှာဖုံးက ပန်းချီကြူကြူ (New Zero) ရဲ့ ‘Gold Mirage’ (2012) ဖြစ်ပါ တယ်။ ဒီစာအုပ်ဖြစ်မြောက်ဖို့ New York University နဲ့ School of Oriental and African Studies, (SOAS), University of London တို့လည်းပါရှိတာတွေ့ရပါတယ်။

သောကြာနေ့ 6 July ‘12 မှာ Speaking Volumes Magazine က စပွန်ဆာလုပ်တဲ့ နယ်လှည့်ကဗျာရွတ်ပွဲအတွက် လန်ဒန်မြို့ ကနေ Ledbury မြို့ဆီရထား ၃ ဆင့်စီးပြီးသွားခဲ့ပါတယ်။ အဲဒီမှာ ကျင်းပတဲ့ Ledbury Poetry Festival မှာ စင်္ကာပူကဗျာဆရာ Alvin Pang နဲ့အတူ ကျွန်တော်ကဗျာရွတ်ခဲ့ပါတယ်။ မြန်မာလို ၁ ပုဒ် ၊ ကျန် ၃ ပုဒ်က အင်္ဂလိပ်ဘာသာပြန်ပါ။ တနင်္ဂနွေနေ့ 8 July ‘12 နံနက် အစောကြီးမှာ Hebden Bridge မြို့မှာကျင်းပတဲ့ Hebden Bridge Literary Festival တက်ရောက်ဖို့ မော်တော်ယာဉ်နဲ့ ခရီးထွက်ခဲ့ပါ တယ်။ အဲဒီမြို့လေးဟာ Arc Publications က မြန်မာကဗျာစာအုပ်ထုတ်ဝေသူ ၂ဦးဖြစ်ကြတဲ့ Tony Ward နဲ့ Angela Jarman တို့ နေထိုင်ရာမြို့လေးဖြစ်ပါတယ်။ သူတို့ရဲ့ ဇာတိမြို့မှာ ကျင်းပတဲ့ ပွဲတော်ကို တက်ရောက်ဖို့ တကူးတကဖိတ်ကြားတာဖြစ်ပါတယ်။ အဲဒီ ပွဲမှာ အာမီးနီးယား ကဗျာဆရာ Razmik Davoyan နဲ့ ကဗျာတွေတစ်လှည့်စီရွတ်ဖတ်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ အမျိုးသမီးပရိတ်သတ် တစ်ဦးက မြန်မာလိုပဲ ရွတ်ပြပါဦးဆိုလို့အခြား ပရိသတ်တွေကို မေးကြည့်လိုက်တော့ သူတို့ကလည်း မြန်မာလိုရွတ်တာကြားချင်တယ် ဆိုလို့ မြန်မာလိုပဲ ၃ ပုဒ်ရွတ်ဖတ်ခဲ့ပါတယ်။ ခင်အောင်အေးရဲ့ `မပျော်ရွှင်ခြင်း အရင်းကျမ်း´ ၊ ပန်ဒိုရာရဲ့ `မြို့ပြသူလေးနဲ့ တစ်ညနေ´၊ နဲ့ အိန္ဒြာရဲ့ `လီလီ´ တို့ဖြစ်ပါတယ်။ ကဗျာတစ်ပုဒ်စီအကြောင်းကိုလည်း အင်္ဂလိပ်လို အကြမ်းဖျဉ်းပြောပြပြီး ရွတ်တာဖြစ်ပါတယ်။ ပြောလို့ပြောတာမဟုတ်ပါဘူး ၊ ပရိတ်သတ်အားပေးမှုကတော့ ပွဲတိုင်းမှာလို တစ်ခဲနက်ပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပွင့်လင်းစပြု လာတဲ့ အခြေအနေကြောင့်လည်းဖြစ်ပါလိမ့်မယ်။ ပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုဟာ တကယ်သိသာပါတယ်။

Hebden Bridge ကနေ ညနေ ၆း၃၀ မှာ ရထားနှစ်ဆင့်စီးပြီး လန်ဒန်ကို ည ၁၀း၁၀ မှာပြန်ရောက်ပါတယ်။ ဟော်တယ်မှာ ညအိပ်ပြီးနောက် မနက် ၉း၀၀ နာရီမှာ လန်ဒန်မြို့ ၊ ဟိသ်ရိုးလေဆိပ်ကနေထွက်ခွာလာခဲ့ပါတယ်။ ရန်ကုန်ကို အင်္ဂါနေ့ 10 July ‘12 မှာ ပြန်ရောက်ရှိခဲ့ပါတယ်။

ဒီလန်ဒန်ပါနက်ဆပ်စ် ကဗျာပွဲတော်ခရီးစဉ်ဟာ ကျွန်တော့်အတွက်ပထမဦးဆုံးတက်ရောက်ခဲ့ရတဲ့ နိုင်ငံတကာ ကဗျာပွဲတော်ကြီးဖြစ်တာနဲ့အညီ ကျွန်တော့်အဖို့ ကဗျာမျက်စိ အတော်ကြီးပွင့်ခဲ့ရပါတယ်။ နိုင်ငံတကာ ကဗျာအသိုင်းအ၀ိုင်းနဲ့ ပရိသတ်တွေဟာ ကွန်တမ်ပိုရာရီ မြန်မာကဗျာကို တစေ့တစောင်းသိလိုက်ရတဲ့အတွက် သူတို့အတွက် အကျိုးရှိသလို ကျွန်တော့်အတွက်လည်း နိုင်ငံတကာကဗျာကို စာနဲ့မဟုတ်ပဲ လူကိုယ်တိုင် တွေ့ဆုံသိရှိရင်းနှီးခဲ့ရတဲ့အတွက် အထူးဝမ်းသာမိပါကြောင်း ဝေမျှလိုက်ပါတယ်။

ဇေယျာလင်း
16 – July – 12

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>