UNESCO ညွှန်ကြားရေးမှူးချုပ် မစ္စ အိုင်ရီးနား ဗိုကိုဘာ၏ ၂၀၁၂ မတ်လ ၂၁ ကမ္ဘာ့ကဗျာနေ့အတွက် သ၀ဏ်လွှာ

ကဗျာဟာ ဘာသာဗေဒနဲ့ယဉ်ကျေးမှုဆိုင်ရာ ဖွင့်ဟဖေါ်ပြချက်ရဲ့ အမြင့်ဆုံး ပုံသဏ္ဌာန်တွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဖန်တီးမှုနဲ့ ဘာသာစကား လုံးဝလွတ်လပ်မှုတို့ကို ပေးခြင်းအားဖြင့် ကဗျာဟာ လူတွေရဲ့ အိုင်ဒင်တတီတွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ဒိအပြင် ဂီတ အကနဲ့ ပန်းချီတို့လိုပဲ ကဗျာဟာ မိမိတို့ရဲ့ ကိုယ်ပိုင် အိုင်ဒင်တတီတွေ ဖန်တီးဖို့ အစဉ်မပြတ် ထောက်ကူလျက် ရှိပါတယ်။

ကဗျာဟာ ယဉ်ကျေးမှု ကွဲပြားခြားနားမှုနဲ့ ဘာသာစကားရဲ့ ကွဲပြားခြားနားမှုတို့အကြား လေးနက်တဲ့ ချိတ်ဆက်မှုကို ဖွဲ့စည်းပြုလုပ်တဲ့ နေရာလည်း ဖြစ်ပါတယ်။ အသံတွေ၊ မက်တဖာတွေ၊ သဒ္ဒါတွေနဲ့ ဖွဲ့စည်းပြုလုပ်တဲ့ ကဗျာဘာသာစကားဟာ ကမ္ဘာ့ယဉ်ကျေးမှုများ၊ ကမ္ဘာ့ဘာသာစကားများ တဖြေးဖြေး ဆိတ်သုံး ပျောက်ကွယ်လာခြင်းကို ကာကွယ်ဟန့်တားနိုင်တဲ့ တံတိုင်းလည်း ဖြစ်ပါတယ်။ ဘာသာစကားရဲ့ ဖြစ်နိုင်ခြေ အစွမ်းသတ္တိတွေကို စူးစမ်းရှာဖွေ ဖေါ်ထုတ်ခြင်းအားဖြင့် ကဗျာဖန်တီးမှုဟာ ငြိမ်းချမ်းရေးရဲ့ အာမခံချက်ဖြစ်တဲ့ ယဉ်ကျေးမှုများ အပြန်အလှန် ဒိုင်ယာလော့ခ် ပြုခြင်းကို ပြည့်စုံကြွယ်ဝစေပါတယ်။

UNESCO ဟာ ကမ္ဘာ့ကဗျာနေ့ကို နှစ်စဉ်ကျင်းပပေးခဲ့တာ ဒီနှစ်ဆို ၁၂ နှစ်မြောက် ရှိပါပြီ။ အစဉ်မပြတ် ဖြစ်ပေါ်တိုးတက်ပြောင်းလဲနေတဲ့ကမ္ဘာကြီး၊ ပြောင်းလဲမှုတွေနဲ့ လူမှုအသွင် ကူးပြောင်းမှုတွေ အလျင်အမြန် ဖြစ်ပေါ်နေတဲ့ကမ္ဘာကြီးမှာ ကဗျာဆရာတွေဟာ လူမှုလှုပ်ရှားမှုများနဲ့ လက်ချင်းချိတ် ဘေးချင်းယှဉ် ရင်ဘောင်တန်းကြပါတယ်။ ကဗျာဆရာတွေဟာ ကမ္ဘာမှာရှိနေကြတဲ့ မတရားမှုများကို သတိပြုမိစေအောင် သိမြင်စေအောင် နှလုံးသားလိပ်ပြာတွေကို လှုပ်နှိုးနိုင်စွမ်း ရှိကြပါတယ်။ ကမ္ဘာကြီးရဲ့ အလှတရားတွေကို ခံစားတတ်ဖို့လည်း တိုက်တွန်းအားပေးကြပါတယ်။ နည်းပညာသစ်တွေမှာလည်း ကဗျာရဲ့ ဖြစ်နိုင်ခြေ အလားအလာတွေ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ လူမှုကွန်ယက်တွေမှာ လည်ပတ်သွားလာကြတဲ့ သတင်းတိုတွေမှာလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေဟာ ကမ္ဘာကြီးနဲ့ ပိုမိုပြည့်ဝစွာ ထိတွေ့ဆက်ဆံရာမှာ ကဗျာအတွက် အသက်ဓာတ်အသစ်တွေ ပေးတာဖြစ်သလို ဖန်တီးမှုစွမ်းရည်ကို ပြုစုပျိုးထောင်ပေးခြင်းနဲ့ ကဗျာတွေ ဝေမျှဖတ်ရှုခံစားခြင်းတွေဟာလည်း အထောက်အကူတွေပြုပါတယ်။

UNESCO ဟာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ပေါ်ပေါက်လာတဲ့ ယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှုတွေကို တုန့်ပြန်ဖြေရှင်းနိုင်မဲ့ စာသားတွေနဲ့ လက်နက်ကိရိယာ တန်ဆာပလာတွေ ဖေါ်ထုတ်နိုင်ဖို့ ကြိုးစားနေခဲ့တာ နှစ်ပေါင်းများစွာ ရှိပါပြီ။ ၂၀၀၃ ခုနှစ်၊ လက်ဆုပ်လက်ကိုင် မပြနိုင်သော ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ ၂၀၀၅ ခုနှစ် အမျိုးမျိုးအစားစား ကွဲပြားခြားနားလျက် ရှိသော ယဉ်ကျေးမှုထုတ်ဖေါ်ချက်များ ကာကွယ်စောင့်ရှောက်ရေးနဲ့ မြှင့်တင်ရေးဆိုင်ရာ ကွန်ဗင်းရှင်းတွေဟာ UNESCO အသုံးပြုတဲ့ လက်နက်ကိရိယာတွေဖြစ်ပါတယ်။ ဒီလက်နက်ကိရိယာတွေနဲ့ UNESCO ဟာ ကမ္ဘာ့ကဗျာအမွေအနှစ်တွေကို ဖြန့်ဖြူးပြန့်နှံ့ဖို့နဲ့ ကဗျာဖန်တီးမှုကို နိုးကြွစေဖို့ သုံးစွဲတာ ဖြစ်ပါတယ်။ ကဗျာရဲ့ ဒီလှုပ်ရှားတက်ကြွတဲ့ အစွမ်းသတ္တိ ဆက်လက်ရှင်သန်ဖို့ မိမိတို့ သေသေချာချာ ပြုလုပ်ဆောင်ရွက်ရမှာ ဖြစ်သလို ကဗျာဟာ လူတွေကို ပေါင်းစည်းစေနိုင်တဲ့ သတ္တိရှိတယ် ဆိုတာ မြင်ဖို့ မိမိတို့ မျက်လုံးတွေကို ဖွင့်ထားရမှာ ဖြစ်ပါတယ်။

ဒီနေ့မှာ UNESCO အဖွဲ့အစည်းဝင်နိုင်ငံတွေ UNESCO ကွန်ယက်မှာ ပါဝင်ကြတဲ့ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ကဗျာကို ချီးမြှောက်ဖို့ ၊ ကျောင်းသုံးပြဌာန်းစာအုပ်တွေ ၊ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေ၊ နဲ့ မိမိတို့မြို့တွေရဲ့ နံရံတွေပေါ်မှာ ကဗျာကို ထိုက်တန်တဲ့နေရာပေးဖို့ ၊ နဲ့ မိမိတို့ အားလုံးနဲ့ ဆိုင်တဲ့ ယဉ်ကျေးမှုစွမ်းအားထက်မြက်မှုရဲ့ ဗဟိုအဖြစ် ဆက်လက်တည်မြဲနေစေဖို့ ဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။ ။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>