ဆယ်စုနှစ်များစွာ ကြာဦးမယ့်

အကြွေးသွားဆပ်သလို ၊ အမှိုက်သွားကောက်သလို။ အဲဒီက။
ပြန်လာတော့ ဇာတ်လမ်းဟာ ငါနဲ့ လမ်းလွဲသွားခဲ့တယ်။
အတိတ်ရေ ၊ မှတ်ဥာဏ်ဆဲလ်တွေ ဖျက်လိုက်တော့။
ကိုယ်ထဲတစစ်စစ်ကိုက်ခဲ ၊ ရင်ဟာ ဒုက္ခသည်တို့ရဲ့ မှတ်တမ်းစာအုပ် ၊
သွေးဟာ ဒုက္ခိတ။ ဩော် . . . တစ်စစ်စစ်ထဲရောက်နေဆဲပါပဲလား။
အမှောင်ထဲမှာ အပေါ်ကနေ မီးမောင်းထိုးဝဲပတ်နေတဲ့ ရဟတ်ယာဉ်
သည်းကြီးမည်းကြီး အလင်းကြိုးကွင်းနဲ့။ အရိပ်တွေဟာ
မြက်တောလေအဝှေ့ထဲ ခြောက်ခြားကစဥ့်ကလျား။
ငါ့ပါးကိုထပ်မရိုက်နဲ့တော့။ နှစ်ဘက်စလုံးအတွင်းကြေသွားပြီ။
အတွင်းပြို။ ရာသက်ပန်မီးမှိတ်ပစ်လိုက်တာ နေနေကျအမှောင်ထဲ။
အဲသလိုနဲ့ပေါ့ပါးသွားတယ်ပဲပေါ့။ငါ့ဦးဏှောက်ကို သူတို့ဆေးကြောချလိုက်တယ်
နည်းတဲ့ ချေးညှော်တွေမဟုတ်ဘူးတဲ့။ ပိုးသတ်ဆေးပါ ပါဝင်တော့
ဒီဆပ်ပြာဟာ တစ်မိသားစုလုံး ၊ တစ်နိုင်ငံလုံးအတွက် အကောင်းဆုံးပေါ့။
ငါ့ကိုဖျက်လိုက်တဲ့ နေရာတွေမှာ ပျက်ရာတွေကျန်ခဲ့တယ်
တစ်ပြုံလုံးပြုန်း။
အဖုံးဖွင့် ၊ အတွင်းကလော်လည်း ငါဟာ thank you ပါပဲ။
ငါ့ကိုငါ စိတ်ကူးကြည့်လိုက်တာ ငါလိုအများကြီးတွေ
ရေဒါမှာ ဒက်ထိပေါ်လာတယ်။ ဒက်ဒ် ထိ။
ငါ့ကိုငါ မှောက်လှန်ချလိုက်တယ်။ ထွက်ကျလာတာတွေဟာ
အိပ်စပါယာရီ ဒိတ်အောက် ၊ မဟုတ်ရင် Reject ၊ မဟုတ်ရင် ပုပ်နေတာတွေ။
ဒီဟာတွေဟာ အသက်တွေရှိခဲ့တယ်ဆိုတာ ၊ သက်ရှိထင်ရှားသက်သေတွေ
ဆွဲထုတ်လိုက်ရင် ကျီးလန့်စာစားရှောင်တိမ်းသွားကြတာပါပဲ။
အဲဒီကပြန်လာပေမယ့် အခုဘယ်ရောက်နေမှန်းမသိဘူး။
အပေါ်က ပစ်ချတဲ့ အသားစတွေ ၊ အရွတ်တွေ ၊ ကျိတ်စက်ကလို။
လူရိုးလေး ၊ လူရိုးလေး။

`လူဟာ ကျူလိုးလေးပါ´ (`ယန်း ကူစတိုး´)
လူရိုးလေး ၊ အသက်ရှင်ချင်ရင် ဒူးထောက် ဒူးထောက်
မှရှင်ရမယ်ဆိုပေမယ့် မြေပြင်မှာ လှိုင်းလုံးကြီးတွေ
ဒူးဟာဘယ်မှာ ၊ ရင်ဟာဘယ်မှာ ၊ ဘယ်အပိုင်းအစဟာ ဘာ။
စောင့်မျှော်ခြင်းဟာ မခုန်တစ်ချက်ခုန်တစ်ချက်။
နှလုံးသားဟာ ထိမ်းချုပ်မရတဲ့ ကြွက်သား။ ။

ဇေယျာလင်း
21 – Sept- 11

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>