ဘယ်သူလဲရဲ့ ပုံတူ

ဘယ်သူလဲ ငြိမ်းချမ်းရေးကို ခြွင်းချက်အဖြစ် ထိမ်ချန်ထားလိုက်တာ
ဘယ်သူလဲ မျဉ်းဖြောင့်ထဲကမျဉ်းကွေးတွေကို သားဖျက်လို့နေတာ
ဘယ်သူလဲ အခိုင်အမာနံရံကို ဖဲ့လိုက်လို့ ခံစားမှုတွေ ခါချဉ်အုံကြွထွက်လာတာ
ဘယ်သူလဲ နေ့စဉ်ဘဝကို ဆတ်တငံ့ငံ့ဆန်ကောလှိမ့်နေတာ

ဘယ်သူလဲ မြေပြင်အနေအထားကို စိတ်ကူးဇယားဆွဲနေတာ
ဘယ်သူလဲ နယ်စပ်ဖြတ်ကျော်ခဲ့တာကို နယ်စွန်မှာ နကျယ်အိမ်ထဲ ထည့်လိုက်တာ
ဘယ်သူလဲ မိခင်နို့ရည်ကို ကလေးနဲ့ အိုးစားခွဲလိုက်တာ
ဘယ်သူလဲ စစ်ရေးအမြင်ကို အရပ်သားရဲ့ နှာသီးဖျားပေါ် တော့လိုက်တာ

ဘယ်သူလဲ ရှုံ့တွလာနေတာကို မှန်ဘီလူးနဲ့ ချဲ့ကြည့်တာ
ဘယ်သူလဲ တံကောက်ကွေးထဲ တံကျင်လျှိုပြီး တင်ပျဉ်ခွေထိုင်ခိုင်းတာ
ဘယ်သူလဲ အသက်ရှင်မှုကို ဆူးချွန်နဲ့ ထိုးဆွလို့နေတာ
ဘယ်သူလဲလေ သားအိမ်ထဲကသန္ဓေသားကို စွပ်ပြုတ်လုပ်သောက်ပစ်လိုက်တာ

ဇယလ
၁၇ အောက် ကိုဗစ်၂၀

စိတ်ထဲစူးစူးရှရှအော်နေတဲ့ အသံရဲ့ ပုံတူ

သွေးဟာ စကားပြောတယ်
သွေးဟာ ယုံစရာဖြစ်ပြီး စကားတွေဟာ ဘယ်လောက်ပဲ
တောင်လိုပုံပစေ သွေးလို စကားမပြောတတ်ဘူး
စကားဟာ သွေးကို ထွက်ကျစေပေမယ့်
စကားဟာ သွေးလို စကားမပြောဘူး
ပျော်ရွှင်ခြင်းအရောင်တွေဟာ
ဝမ်းနည်းခြင်းသံစဉ်မှာ သံချေးလိုစွဲကပ်
ဆန္ဒရဲ့ပေါင်ကြားထဲ ပိုင်ဆိုင်မှုကို ရိုက်သွင်းထားချင်တာ
အနားတစ်ဖက်လပ်တြိဂံထဲ
ရာသီသွေးရဲ့ အရှင်လတ်လတ် ခက်ဆစ်အဓိပ္ပါယ်
မိုးကြိုးပစ်မယ့်စွန်ကို
ကလေးဟာ ကပ်နေတဲ့ အရိပ်မည်းကြီးထဲ မြူးတူးလို့
သွေးဟာ စကားပြောတယ်
စကားသာ သိနိုင်ရင်ပေါ့
မွန်းတည့်ချိန်ကောင်းကင်မှာ
နေဟာ ထွက်မလာပြန်ဘူး
သွေးဖတ်ဟာ ပြစ်ကနဲ စူးစူးဝါးဝါး ခေါင်းတထောင်ထောင်နဲ့
စကားတွေ
လ,သေထဲကနေ ပြောပြောပြောနေတယ်

ဇယလ
၂၆ ဇန် ကိုဗစ်၂၁

ဘာမှရေးတင်စရာမရှိခြင်းရဲ့ ပုံတူ

နေ့လည်ခင်းဟာ ငှက်တွေနဲ့ အသံပြုနေတယ်
ခြံထဲဆင်းခြင်းစိတ်ရင်းနဲ့ မြက်ခင်းပေါ်က
ပက်လက်လန်နွားရုပ်လေးနဲ့ စိတ်မှုဆူးရှသံဝါသ
အလင်းတန်းတွေဟာ ဝက်အူရစ်တွေ
စည်းစိမ်ဥစ္စာတစ်ခုလို တဖြတ်ဖြတ်လှုပ်ခတ် အရိပ်တဖိတ်ဖိတ်
ကလေးဟာ ဝက်ဝံလေးတွေ ကျောင်းသွားနေတဲ့
ကာတွန်းကားထဲ သူ့ကျောပိုးအိတ်လေးဆွဲလို့
ဘဝပေးထုတ်ချင်းပေါက်ကို အမေဟာ ထမ်းရွက်လို့
ထန်းလက်နဲ့ ကာလို့မရတဲ့ နေ့အော်သံထဲ မြိုခံရတာ
ဖယ်လီးနီး? ဘာဂ်မင်းန်? ဟစ်ခ်ျကော့က်? ဘူညူအဲလ်?
အချိုးညီဖို့မစဉ်းစားတဲ့ နေ့ရဲ့ ဂယ်သြမေတြီပုစ္ဆာ
အိပ်မက်တို့ရဲ့ လှံစွပ်ထိုးလေ့ကျင့်အပေါက်တွေနဲ့
အမှတ်ရမှုဟာ သွေးမစွန်းရင် ဘယ်လိုအလှတရားရှိမှာလဲ
မျက်မမြင်မိနစ်တွေဟာ စထွက်လာတဲ့ ရေမည်းကြီးထဲ
အတွင်းသံလိုက်ဟာ အရပ်ရှစ်မျက်နှာဆီ စိတ်ရူးပေါက်
ပင်ကိုယ်အတ္တပတ်ခြာလည်ပြီး ကနေတဲ့ အလောင်းကောင်
ကျနေဟာ သစ်ရွက်ကိုထိတာနဲ့ လိပ်ပြာဟာ ပါးစပ်ထဲကနေ
ထပျံထွက်သွားတော့တယ် လင်းနို့ဆင်လိပ်ပြာ
စကားသံတွေနဲ့ တစ်ချက်တစ်ချက် ကားဖြတ်သွားသံကစားကွက်
ရေကျသံထဲ ဖြတ်ရမယ့်တံတားဟာ ဆောင့်ခါလှုပ်ယမ်း
ပါးစပ်အမြှုပ်ထ ရုန်းကန်ဟီတယ်
နေဝင်ချိန်မှာ နိုးထလာတဲ့ ပုံပြင်စာအုပ်ကိုဖွင့် စာမျက်နှာလှန်
ကံကြမ္မာအနံ့စိမ်း ပခုံးပုတ်သွားတာ လျစ်လျူရှုသလိုရှု

ဇယလ
၂၃ ဇန် ကိုဗစ်၂၁

ကဗျာအကြောင်း ပြောပါတယ် (၇၃)

ကဗျာဖြစ်ဖြစ် ပန်းချီဖြစ်ဖြစ် အခြားအနုပညာဖြစ်ဖြစ် ဘယ်သူ့ကိုမှ ဘာကိုမှမငဲ့ပဲ ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်ချင်သလိုလုပ်တာဟာ ကိုယ့်အနုပညာရိုးသားမှုပဲဖြစ်တယ်။

ဘယ်သူနဲ့မှလည်းငြှိစရာမလို ဘယ်သူ့သတ်မှတ်ချက်မှလည်းမလိုပါဘူး။ ကိုယ့် freedom to create ကို ကိုယ်တိုင်လိုက်နာပြီး ကိုယ်တိုင်လွတ်လပ်စွာ ကြိုးစားဖန်တီးခြင်းဟာ အနုပညာမှာအရိုးသားဆုံးပါပဲ။ အသိပညာတွေ အတတ်ပညာတွေ ဖွံ့ဖြိုးလာလို့ ကိုယ်ကြိုက်လို့ ကိုယ်သင်ယူ ယူငင်သုံးစွဲတာလည်း ကိုယ့်အနုပညာလွတ်လပ်ခွင့်ပါပဲ။ ကိုယ့်အနုပညာလွတ်လပ်ခွင့်အတိုင်း ကိုယ့်အတွက်ကိုယ် ကိုယ့်စိတ်ကြိုက်ကိုယ်လုပ်ခြင်းဟာ ကိုယ့်အနုပညာရိုးသားမှုပါပဲ။ ကိုယ်လုပ်တတ်သလို လုပ်နေကျကို မလုပ်ချင်တော့လို့ ကိုယ့်အနုပညာစိတ်နဲ့ဟပ်မယ့် သိမှုတတ်မှုနည်းနာတွေ ယူသုံးတာဟာလည်း ကိုယ့်ရိုးသားမှုနဲ့ကိုယ်ပါပဲ။

ပါရမီကုန်ရင် ပညာနဲ့လိုက်ရတယ် ဆိုတဲ့စကားဟာလည်း ရိုးသားမှုရဲ့ ဆန့်ကျင်ဘက် မရိုးသားမှု မဟုတ်ပါဘူး။ သူများဟာ ခိုးချတာ၊ သူများအလို သူများအကြိုက်ရေးသားတာ၊ ပြင်ပအကျိုးတစ်ခုခု မျှော်ကိုးရေးသားတာ၊ သူများကဲ့ရဲ့မှာစိုးလို့ ကိုယ့်နဂိုကို ပြုပြင်ရေးသားတာ၊ လူမှုရေး၊ ဘာသာရေး၊ ကိုယ်ကျင့်တရားရေး၊ နိုင်ငံရေး စသည်တို့ကိုငဲ့ပြီး ရှောင်ရေးတာတွေကမှ အနုပညာမရိုးသားမှုဖြစ်တယ်။

အနုပညာနဲ့ပတ်သက်လို့ ‘ရိုးဂုဏ်’တို့ ‘ရိုးသားမှု’တို့ ဆိုတာတွေဟာလည်း အနက်ဝေဝါးထွေပြားတဲ့ အတ္တနောမတိ အသုံးအနှုံးတွေလည်း ဖြစ်တဲ့အတွက် ကိုယ့်လူဆိုမြှောက် တစ်ဘက်လူဆိုပုတ်ခတ်တိုက်ခိုက်ဖို့လည်း အလွယ်တကူသုံးလို့ရတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဖန်တီးမှုဖြစ်စဉ်ထဲမှာ ဖန်တီးနေတဲ့စိတ်ရင်းဟာပဲ အရိုးသားဆုံးဖြစ်ပါလိမ့်မယ်။ ဘာကြောင့်ဆို ရေးသားပြီး ပိုကောင်းဖို့ ပိုထိရောက်ဖို့အတွက် ပြုပြင်မွမ်းမံတာတွေလည်းရှိတတ်ကြတာကိုး။ ဒါဟာမရိုးသားမှုဆိုရင်လည်း ‘အရိုးသားဆုံး’ လို့ခေါ်ခံရတဲ့ အနုပညာရှင်လည်း အပြစ်လွတ်မှာ မဟုတ်တော့ပါဘူးလေ။

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

ဇယလ
၁၈ ဇန် ကိုဗစ်၂၁

ကဗျာအကြောင်း ပြောပါတယ် (၇၂)

‘ကဗျာ’ ရဲ့အထက်မှာ ဘယ်ကဗျာဆရာမှမရှိဘူး။ ဒါဟာ ‘ကဗျာ’ ပေါ်ဖွင့်ဆိုမှုနဲ့လည်း အများကြီးဆိုင်တယ်။ ဘယ်ကဗျာဆရာမဆိုဟာ သူယုံကြည်တဲ့ ရှိရင်းစွဲ ‘ကဗျာ’ဖွင့်ဆိုချက်ဆီ သွားနေတာမဟုတ်ရင် သူမြင်တဲ့ ‘ကဗျာဆိုတာဘာ’ ဆီ သွားနေတာပဲဖြစ်တယ်။ ကမ္ဘာ့ကဗျာလမ်းကြောင်းဟာလည်း ဒီအတိုင်းပဲ။ ဒါကို ၂၁ရာစုမှာ နောက်ကျမှသိရလည်း ဒီအတိုင်းပါပဲ။

အဲဒီမှာ ဖြစ်ချင်တော့ ရှိရင်းစွဲထိမ်းသိမ်းရေး (‘ငါတို့မပပျောက်ရေး’)နဲ့ ဖြစ်စေချင်တာ ဆန်းသစ်ရေး( ‘ကဗျာ’ ဆိုတာဒီလိုလို့ မိမိတို့ခံစားသိနဲ့ရေရးဖွဲ့တယ်’)ရဲ့ ရှေးကတည်းက ကိစ္စဟာ ရှေးကတည်းကလိုပဲ ကိစ္စဖြစ်လာစမြဲပေါ့။

မြန်မာကဗျာသမိုင်းမှာလည်း ထိုနည်းလည်းကောင်းပဲ။ ကဗျာဟာ နိုင်ငံရေး၊စီးပွားရေး၊ဘာသာရေး၊လူမှုရေး၊ကိုယ်ကျင့်တရားရေး စသည်တိုနဲ့ ‘ကစား’ တာမျိုးရှိသလို (အာဏာနဲ့အသုံးချခံရတာမျိုးရှိသလို) ‘ကဗျာ’ရေးအတွက်ပဲနေတာလည်းရှိတယ်။ ‘ကဗျာ’ ပေါ် အဓိပ္ပါယ်ပြု နေထိုင်လှုပ်ရှားဆောင်ရွက်ခြင်း ကိစ္စတွေပေါ့။

လူသား နဲ့ လူ့အဖွဲ့အစည်းဟာ အမြဲညီညွတ်နေတာ မဟုတ်သလို ကဗျာ နဲ့ လူ့အဖွဲ့အစည်းဟာ မျဉ်းဖြောင့်ဆက်ဆံရေးမရှိပါဘူး။ ကဗျာဆရာရဲ့ လူဘဝနဲ့ ကဗျာဆရာဘဝတောင် ပဋိပက္ခဖြစ်သေး၊ မျှခြေရှာမရဖြစ်သေး၊ တစ်ဘက်ဘက်ကို စတေးလိုက်ရတာရှိသေး။

‘ကဗျာ’ ဆိုတာကို နားလည်ဖို့ဟာ ကဗျာ ဆိုတာကို ကျော်ဖြတ်ရသေး။ ‘ကဗျာ’ ဟာ ကဗျာ မဟုတ်သေးဘူး ဆိုတာကို ဥာဏ်အလင်းပွင့်ဖို့လိုသေး။

ကဗျာပုလိပ်တွေ ကဗျာရဲတွေ ကဗျာလက်မရွံ့တပ်သားတွေ၊ကဗျာပါးကွက်အာဏာသားတွေကလည်း ရှိသေး။
Continue reading

စိတ်ဆူးပင်ရဲ့ ပုံတူ

ကြယ်တွေဖြစ်မလာမီ လတွေဖြစ်မလာမီ
ဘလိတ်ဓားတွေ သွေးတွေ သွေးတိတ်ဆေးတွေ
ဖြစ်မလာမီ ပတ်တီးတွေ ပတ်တီးတွေဖြည်ပြီး
မင်းဖြစ်မလာမီ မံမီတစ်ယောက်မင်းထပ်ဖြစ်မလာမီ…
သူမရဲ့စကပ်ကို လှန်ပြတယ်
ပေါင်ဖွေးဖွေးမှာ ပေးထားတဲ့ ဆုတံဆိပ်တွေ
မျဉ်းပြိုင်တောင်တန်းမို့လေးတွေ
ခြစားအချစ်တောင်ပို့လေးတွေ (‘မနမ်းချင်ဘူးလား’)
ဘုရားသခင်ကို ညှို့ခဲ့တာလေ ဘာကိုရှင်းပြရမှာလဲ
သေချင်လို့မဟုတ်ဘူး သေချင်တာ တစ်ခုခု သေသွားစေချင်တာ
မသေချင်ဘူး ဘာမှမခံစားတော့တာ ဘာလဲဆိုတာ
နာကျင်မှုကို ဒဏ်ရာနဲ့ပွတ်ရတာ ပျော်စရာပါပဲ
ဖန်ကွဲစလည်း ရပါတယ် ကိုယ့်ကွဲစနဲ့ပဲ ကိုယ်ကွဲရှရတာ
ဖန်ကွဲစဟာလည်း ကိုယ်ကိုယ်တိုင်ပဲ မဟုတ်ဘူးလား
အလင်္ကာရဲ့သင်္ကေတ ဒီစကားဟာ မလှဘူးလား
အင်အားသုံး သိမ်းပိုက်ဖျက်စီးခံရတဲ့မြို့တွေ
သေနတ်တစ်ချက်မဖောက်ရပဲ မြို့ရဲ့ယောနိဝကို
ဟပေးလိုက်ရတာတွေ ရာဇဝင်မှာ မှန်ဘယ်နှစ်ချပ်
ရုပ်လပ်နေတဲ့ ရုပ်ကလပ်တွေ
ပထမဆုံးအကြိမ်တုန်းက ကမ္ဘာကြီးဟာ ရပ်သွားတယ်
ရေပြင်ထဲငုံ့ကြည့် ကိုယ့်မျက်နှာကိုယ်မြင်
ချစ်ခင်စွဲမက်စွဲလမ်း ပန်းတစ်ပွင့်ဖြစ်သွားတာ
ဒဏ္ဍာရီလာ နာဆစ္စပ်စ်တဲ့လား ဟားဟားဟား
စိတ်အရေပြားမှာ ရှသောအရာနဲ့
ရွှပ်ကနဲ ရွှပ်ကနဲ (အမေရေ့) ရွှပ်ကနဲ
စွန်းထင်းကွက် ပွက်ပွက်ဆူရေထဲက ရေသူမ
“ဟီး… ဘဝဖတ်စာ ရေးခြစ်ရာလေ ကဗျာလို့ပဲ မှတ်လိုက်တယ်
ဒီတစ်ခါ ရှင့်လက်နဲ့ ကိုယ်တိုင်လှီးတာ ခံချင်တယ်”

ဇယလ
၁၅ ဇန် ကိုဗစ်၂၁