ကဗျာအကြောင်း ပြောပါတယ် (၇၄)

အခုကာလ လိုင်းတင်ကဗျာ (ဘာသာပြန်မပါ)တို့ကို အောက်ပါအတိုင်း လေ့လာကြည့်ရှု ချဉ်းကပ်မိပါတယ်။ စိတ်ဝင်စားသူတွေရှိပြီး ထပ်မံတွေ့ရှိရင်လည်း ထပ်မံဖြည့်စွက်ကြပါကုန်။ တစ်ချိန်ချိန်မှာ စာတမ်းတစ်စောင် ရေးလိုရေးငြားအတွက် အောက်ခြေမှတ်စု ဖြစ်လိုဖြစ်ငြားပေါ့။

၁။ ကဗျာ(ရေးသူ)ပုဒ်ရဲ့ မူလဦးတည်ရည်ရွယ်ချက်
၂။ ကဗျာပုဒ်ပါ အကြောင်းအရာ(များ)
၃။ ကဗျာပုဒ်ရဲ့ ဖွဲ့စည်းမှုရက်ထည်
၎။ အနက်ဖလှယ်ရရှိမှု (တိုက်ရိုက်/သွယ်ဝိုက်)
၅။ သတင်းအချက်အလက်/ ‘ကဗျာ’ အရည်အသွေး အချိုးအစား
၆။ ‘အရွတ်’ကဗျာ/ ‘အဖတ်’ကဗျာ
၇။ ဦးစားပေးမှု — ခံစားမှု/ အတွေး/ အရော
၈။ ကဗျာပုဒ်ထဲ ‘ငါ’ ဗဟိုပြုခြင်း/ မပြုခြင်း
၉။ ကဗျာပုဒ်ထဲက ‘ငါ’ ဟာ ကဗျာရေးသူကိုယ်တိုင် ဖြစ်/ မဖြစ်

အကြမ်းသဘောပဲ ပြောတာဖြစ်ပါတယ်။ အသုံးအနှုန်းကအစ ရှင်းလင်းဖို့ လိုပါတယ်။

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။ ။

ဇယလ
၁၂ မေ၊ ဏာသိမ်း ‘၂၁

ကဗျာနဲ့လည်း ပတ်သက်နေလို့ပါ

အဒေါနိုးပြောခဲ့ဘူးတယ်၊’သြရှဗစ်တ်ဇ်အကျဉ်းစခန်းမှာ ဂျူးတွေကိုလူမျိုးရေးပျက်သုဉ်းအောင် ရက်စက်ကြမ်းကြုတ်လူမဆန်စွာ စနစ်တကျသတ်ဖြတ်မှုကြီးကိုကြုံခဲ့ပြီးမှ ကဗျာရေးတာ ရိုင်းစိုင်းရာကျမနေဘူးလား’ တဲ့။

အဲဒီကိစ္စကို ဟောင်ကောင်ကကဗျာဆရာသူငယ်ချင်းနဲ့ပြောမိပါတယ်၊’ဒီအချိန်မှာ ငါကဗျာတွေရေးနေတာဟာ ကျင့်ဝတ်နဲ့ကိုက်ညီပါ့မလား၊ကဗျာရေးမယ့်အစား လမ်းပေါ်ထွက် ရှေ့တန်းကနေ ဒင်းတို့ကိုတုန့်ပြန်တာမှ ပိုအဓိပ္ပါယ်ရှိမလား’ ပေါ့။

အဲဒီသူငယ်ချင်းကပြန်ပြောတယ်၊သူတို့ဟောင်ကောင်အရေးအခင်းတုန်းကလည်း အဲသလိုစိတ်တွေဖြစ်ခဲ့ကြတယ်တဲ့။ဒါပေမယ့် အဲဒီအရေးအခင်းကို ကဗျာဆရာတွေကိုယ်တိုင်ရေးသားမှတ်တမ်းတင်ခြင်းမပြုရင် ဘာအဓိပ္ပါယ်ရှိမလဲတဲ့။သူက အားပေးပါတယ်၊ရေးသာရေး တဲ့။ထုတ်ဝေဖြန့်ချိဖို့အန္တရာယ်ရှိရင် ရေးပြီးဝှက်ထား တဲ့။

စိတ်ထဲဖြစ်နေတာ ပြောတာပါ။
ကဗျာနဲ့လည်း ပတ်သက်နေလို့ပါ။

ဇယလ
၁၉ မတ်၊ ဏာသိမ်း ‘၂၁

ကဗျာအကြောင်း ပြောပါတယ် (၇၃)

ကဗျာဖြစ်ဖြစ် ပန်းချီဖြစ်ဖြစ် အခြားအနုပညာဖြစ်ဖြစ် ဘယ်သူ့ကိုမှ ဘာကိုမှမငဲ့ပဲ ကိုယ်လုပ်ချင်တာကို ကိုယ်လုပ်ချင်သလိုလုပ်တာဟာ ကိုယ့်အနုပညာရိုးသားမှုပဲဖြစ်တယ်။

ဘယ်သူနဲ့မှလည်းငြှိစရာမလို ဘယ်သူ့သတ်မှတ်ချက်မှလည်းမလိုပါဘူး။ ကိုယ့် freedom to create ကို ကိုယ်တိုင်လိုက်နာပြီး ကိုယ်တိုင်လွတ်လပ်စွာ ကြိုးစားဖန်တီးခြင်းဟာ အနုပညာမှာအရိုးသားဆုံးပါပဲ။ အသိပညာတွေ အတတ်ပညာတွေ ဖွံ့ဖြိုးလာလို့ ကိုယ်ကြိုက်လို့ ကိုယ်သင်ယူ ယူငင်သုံးစွဲတာလည်း ကိုယ့်အနုပညာလွတ်လပ်ခွင့်ပါပဲ။ ကိုယ့်အနုပညာလွတ်လပ်ခွင့်အတိုင်း ကိုယ့်အတွက်ကိုယ် ကိုယ့်စိတ်ကြိုက်ကိုယ်လုပ်ခြင်းဟာ ကိုယ့်အနုပညာရိုးသားမှုပါပဲ။ ကိုယ်လုပ်တတ်သလို လုပ်နေကျကို မလုပ်ချင်တော့လို့ ကိုယ့်အနုပညာစိတ်နဲ့ဟပ်မယ့် သိမှုတတ်မှုနည်းနာတွေ ယူသုံးတာဟာလည်း ကိုယ့်ရိုးသားမှုနဲ့ကိုယ်ပါပဲ။

ပါရမီကုန်ရင် ပညာနဲ့လိုက်ရတယ် ဆိုတဲ့စကားဟာလည်း ရိုးသားမှုရဲ့ ဆန့်ကျင်ဘက် မရိုးသားမှု မဟုတ်ပါဘူး။ သူများဟာ ခိုးချတာ၊ သူများအလို သူများအကြိုက်ရေးသားတာ၊ ပြင်ပအကျိုးတစ်ခုခု မျှော်ကိုးရေးသားတာ၊ သူများကဲ့ရဲ့မှာစိုးလို့ ကိုယ့်နဂိုကို ပြုပြင်ရေးသားတာ၊ လူမှုရေး၊ ဘာသာရေး၊ ကိုယ်ကျင့်တရားရေး၊ နိုင်ငံရေး စသည်တို့ကိုငဲ့ပြီး ရှောင်ရေးတာတွေကမှ အနုပညာမရိုးသားမှုဖြစ်တယ်။

အနုပညာနဲ့ပတ်သက်လို့ ‘ရိုးဂုဏ်’တို့ ‘ရိုးသားမှု’တို့ ဆိုတာတွေဟာလည်း အနက်ဝေဝါးထွေပြားတဲ့ အတ္တနောမတိ အသုံးအနှုံးတွေလည်း ဖြစ်တဲ့အတွက် ကိုယ့်လူဆိုမြှောက် တစ်ဘက်လူဆိုပုတ်ခတ်တိုက်ခိုက်ဖို့လည်း အလွယ်တကူသုံးလို့ရတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဖန်တီးမှုဖြစ်စဉ်ထဲမှာ ဖန်တီးနေတဲ့စိတ်ရင်းဟာပဲ အရိုးသားဆုံးဖြစ်ပါလိမ့်မယ်။ ဘာကြောင့်ဆို ရေးသားပြီး ပိုကောင်းဖို့ ပိုထိရောက်ဖို့အတွက် ပြုပြင်မွမ်းမံတာတွေလည်းရှိတတ်ကြတာကိုး။ ဒါဟာမရိုးသားမှုဆိုရင်လည်း ‘အရိုးသားဆုံး’ လို့ခေါ်ခံရတဲ့ အနုပညာရှင်လည်း အပြစ်လွတ်မှာ မဟုတ်တော့ပါဘူးလေ။

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

ဇယလ
၁၈ ဇန် ကိုဗစ်၂၁

ကဗျာအကြောင်း ပြောပါတယ် (၇၂)

‘ကဗျာ’ ရဲ့အထက်မှာ ဘယ်ကဗျာဆရာမှမရှိဘူး။ ဒါဟာ ‘ကဗျာ’ ပေါ်ဖွင့်ဆိုမှုနဲ့လည်း အများကြီးဆိုင်တယ်။ ဘယ်ကဗျာဆရာမဆိုဟာ သူယုံကြည်တဲ့ ရှိရင်းစွဲ ‘ကဗျာ’ဖွင့်ဆိုချက်ဆီ သွားနေတာမဟုတ်ရင် သူမြင်တဲ့ ‘ကဗျာဆိုတာဘာ’ ဆီ သွားနေတာပဲဖြစ်တယ်။ ကမ္ဘာ့ကဗျာလမ်းကြောင်းဟာလည်း ဒီအတိုင်းပဲ။ ဒါကို ၂၁ရာစုမှာ နောက်ကျမှသိရလည်း ဒီအတိုင်းပါပဲ။

အဲဒီမှာ ဖြစ်ချင်တော့ ရှိရင်းစွဲထိမ်းသိမ်းရေး (‘ငါတို့မပပျောက်ရေး’)နဲ့ ဖြစ်စေချင်တာ ဆန်းသစ်ရေး( ‘ကဗျာ’ ဆိုတာဒီလိုလို့ မိမိတို့ခံစားသိနဲ့ရေရးဖွဲ့တယ်’)ရဲ့ ရှေးကတည်းက ကိစ္စဟာ ရှေးကတည်းကလိုပဲ ကိစ္စဖြစ်လာစမြဲပေါ့။

မြန်မာကဗျာသမိုင်းမှာလည်း ထိုနည်းလည်းကောင်းပဲ။ ကဗျာဟာ နိုင်ငံရေး၊စီးပွားရေး၊ဘာသာရေး၊လူမှုရေး၊ကိုယ်ကျင့်တရားရေး စသည်တိုနဲ့ ‘ကစား’ တာမျိုးရှိသလို (အာဏာနဲ့အသုံးချခံရတာမျိုးရှိသလို) ‘ကဗျာ’ရေးအတွက်ပဲနေတာလည်းရှိတယ်။ ‘ကဗျာ’ ပေါ် အဓိပ္ပါယ်ပြု နေထိုင်လှုပ်ရှားဆောင်ရွက်ခြင်း ကိစ္စတွေပေါ့။

လူသား နဲ့ လူ့အဖွဲ့အစည်းဟာ အမြဲညီညွတ်နေတာ မဟုတ်သလို ကဗျာ နဲ့ လူ့အဖွဲ့အစည်းဟာ မျဉ်းဖြောင့်ဆက်ဆံရေးမရှိပါဘူး။ ကဗျာဆရာရဲ့ လူဘဝနဲ့ ကဗျာဆရာဘဝတောင် ပဋိပက္ခဖြစ်သေး၊ မျှခြေရှာမရဖြစ်သေး၊ တစ်ဘက်ဘက်ကို စတေးလိုက်ရတာရှိသေး။

‘ကဗျာ’ ဆိုတာကို နားလည်ဖို့ဟာ ကဗျာ ဆိုတာကို ကျော်ဖြတ်ရသေး။ ‘ကဗျာ’ ဟာ ကဗျာ မဟုတ်သေးဘူး ဆိုတာကို ဥာဏ်အလင်းပွင့်ဖို့လိုသေး။

ကဗျာပုလိပ်တွေ ကဗျာရဲတွေ ကဗျာလက်မရွံ့တပ်သားတွေ၊ကဗျာပါးကွက်အာဏာသားတွေကလည်း ရှိသေး။
Continue reading

ကဗျာအကြောင်း ပြောပါတယ် (၇၁)

ဖော်ဝေး၊ အောင်ချိမ့်၊ သိဒ္ဓတ္ထလှိုင်တို့ဟာ နိုင်ငံရေးအယူမှာ မာ့ခ်ဆစ္စတ်တွေဖြစ်ကြပြီး အနုပညာအယူမှာတော့ ဆိုရှယ်လစ်သရုပ်မှန်ကို လက်မခံကြတဲ့ ‘မော်ဒန်’သမားတွေ ဖြစ်ကြတယ်။ အဲဒီ ‘၆၀ခုနစ်များနဲ့ ‘၇၀ ခုနှစ်များမှာ ဗကပ ရှိတယ်။ နေဝင်းစစ်အစိုးရ ရှိတယ်။ ဆိုရှယ်လစ်တွေလည်း ရှိတယ်။

ကဗျာမှာ ဒဂုန်တာရာရဲ့ လက်ဝဲအယူ စာပေသစ်ရှိတယ်။ ‘ပြည်သူ့’စာပေပေါ့။ နောက်ပိုင်း တော်လှန်စာပေနဲ့ နိုင်င်ငံတကာ(လက်ဝဲ) ကဗျာအယူအဆတွေ ဆက်ပေါ်လာကြတယ်။မောင်ယဉ်မွန်၊ မောင်လေးအောင်၊ မောင်သင်းခိုင်၊ စတဲ့လက်ဝဲကဗျာဆရာတွေ ရှေ့တန်းရောက်လာကြတယ်။ မိုးဝေမဂ္ဂဇင်းဟာမဏ္ဍိုင်ပေါ့။ မိုးဝေမှာပဲ သိဒ္ဓတ္ထလှိုင်၊ အောင်ချိမ့်၊ မောင်ချောနွယ်တို့ဟာ ‘ပြည်သူ့’ကဗျာတွေရေးခဲ့ကြတယ်။ မောင်ချောနွယ်ဟာ တော်လှန်ကဗျာအုပ်စုမှာ ပါခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ‘မော်ဒန်’ ကဗျာဘက် လှည့်လိုက်ကြတာ ဖြစ်တယ်။ လူတန်းစားတိုက်ပွဲကို တိုက်ရိုက်အကျိုးမပြုတဲ့ ကဗျာအမျိုးအစား။ အဲဒီတုန်းက ‘ခေတ်ပေါ်ကဗျာ’ကို အနောက်တိုင်းက တင်သွင်းလာတဲ့ ဘူဇွာကဗျာလို့တောင် မောင်သင်းခိုင်က တိုက်ခိုက်ခဲ့ဘူးတယ်။ ‘မော်ဒန်ဆို တော်လှန်ရမယ်’လို့လည်း ကြွေးကြော်ခဲ့ဘူးတယ်။

‘ကဗျာအသစ်’လိုချင်ခြင်းဟာ သော့ချက်ပဲလို့ ပြောနိုင်မလားပဲ။ ခေတ်ပြိုင်ဟောလိဝုဒ်ရုပ်ရှင်တွေလည်း ကြည့်ရ၊ အမေရိကန်ဝါဒဖြန့် Life မဂ္ဂဇင်းလည်း ဖတ်ရ၊ ပင်ဂွင်းထုတ် ခေတ်ပြိုင်နိုင်ငံခြားကဗျာတွေလည်း ဖတ်ရ၊ ပို့စ်တ်-ဘိ(တ်) ဆိုက္ကဒဲလစ်က် ပဋိယဉ်ကျေးမှုအကြောင်းတွေလည်း သိရ၊ ဆံပင်ရှည်ကြီးတွေ ထားကြနဲ့ နေထိုင်မှုပုံစံကိုယ်တိုင်က မြန်မာ့ဆိုရှယ်လစ်လူ့ဘောင်နဲ့ မဆီမလျော်တွေ ဖြစ်ခဲ့တယ်။ တစ်နည်းအားဖြင့် လူငယ်တွေရဲ့ ပုန်ကန်လိုစိတ်ပေါ့။
Continue reading