၂၀၂၁၊ သင်္ကြန်အကျနေ့ရဲ့ ပုံတူ

ဘာမီယံက ပေ၁၀၀၀မြင့် မတ်ရပ် ဗုဒ္ဓဆင်းတုတော်တွေကို
တာလီဘန်တွေ မိုင်းခွဲဖျက်ဆီးလိုက်သလိုပဲ
အဓမ္မကို သင်္ဃန်းဝတ်နဲ့ မြင်လိုက်ရတော့
သာသနာကို ဘယ်လိုအားနာမိမှန်း မသိတော့ဘူး
အပြင်ကတိုက်လေရဲ့တွန်းအားကြီးလေ
ပိတ်လိုတဲ့တံခါးရဲ့စိတ်ဟာပြင်းထန်လေ
တစ်စစီ ပြုတ်ပျက်လွင့်ထွက်သွားတဲ့ အထိပေါ့
သြော်… ဒီနေ့ သင်္ကြန်ကျပြီပဲ
တစ်နှစ်စာငြိမ်းချမ်းရေးအတွက် ကမ္ဘာကြီးဟာ
နှစ်၄၀၀ကျော် စစ်ပွဲတွေ ဆင်နွှဲရသတဲ့လား
အင်အားပြိုင်တာ သဘာဝပါပဲ အင်အားသုံးခြင်းမှာသာ
အလိုဆန္ဒ မစ္ဆရိယ အကြမ်းဖက်မိစ္ဆာဝါဒ
ဘာအရောင်ပဲ ခြုံခြုံပေါ့
ဘယ်အယူမဆိုမှာ သန့်စင်တဲ့ မိုးနံ့လေနံ့ဟာ
ခြောက်သယောင်းမြို့ကြီးထဲ စိတ်ကူးအိပ်မက်တို့ရဲ့
ပွန်းပဲ့ထိခိုက်ရာတွေအတွက် လိမ်းဆေးလိုလိုက်ရှာ
ပူဆွေးခြင်းကို မြိုသိပ်ပြီး တစပြင်လို ဖြတ်သွားတယ်
ပစ်ပစ်ပစ်လိုက်ပါ ရွှဲအောင်ပစ်လိုက်ပါ
လောင်းလောင်းလောင်းလိုက်ပါ
အလောင်းတွေ ထပ်သွားမှာ
ရေလောင်းနေတဲ့ သေနတ်တွေ
ဆူးတွေနဲ့ ရင်သားတွေကို လက်ဗလာနဲ့ ဆုပ်နယ်လို့
ကျီးတွေပြိုတာ အထဲမှာ
‘မဖော်ပြနိုင်တဲ့ အင်အားရဲ့ မလုံလောက်တဲ့ သင်္ကေတတွေ’
‘လိပ်ပြာဟာ မင်အိုးထဲနစ်သွားတယ်’ (လော်ရ်ကာ)

ဒီနေ့ဟာ သင်္ကြန်အကျနေ့ပဲလေ
တစ်စစီဟာ လူတစ်ယောက်စီ ပြန်ဖြစ်လာကြတယ်
ဒီနေ့လည်း ကျီးပျိုတွေ ထွက်လာကြပုံဟာ
အောင်အတိတ် အောင်နိမိတ်နဲ့
အနာဂတ်အလောင်းအလျာတွေ
ရင်ထဲဆင်းကြည့် ရွှေအဆင်းပကတိနဲ့
တစ်ကိုယ်ရေပြောရမယ်ဆို
သံဃကို သံသယရှိပေမယ့် ဓမ္မဟာ သံသရာ
တစ်ခုလုံးကို မြင်နိုင်တယ်ဆိုတာ မလွဲမသွေ ယုံကြည်မိ …

ဇယလ
၁၄ ဧပြီ၊ သင်္ကြန်အကျနေ့၊ ၂၀၂၁

အဆင်ပြေခြင်းရဲ့ ပုံတူ

အဆင်ပြေသလားလို့မေးရင် ပုံမှန်အဖြေဟာ
ဟုတ်ကဲ့ အဆင်ပြေပါတယ် ဆိုသလိုပေါ့
နေရင်းထိုင်ရင်း အိမ်ထဲမှာ လူတစ်ယောက်စာ
ကွက်လပ်ကြီးတစ်ခုပေါ်လာသလိုမျိုး
အရှေ့နဲ့အနောက် ညှပ်ပိတ်ပြီး ဖြိုခွဲလို့
အနီးဆုံးရွာဆီ အလည်သွားကြရတဲ့ မြို့သူတွေလို
အလောင်းရောင်းဝယ်ရေးမှာ
ဈေးဖြတ်ပေးသူရဲ့ စေတနာလိုမျိုးပေါ့
ပြေပါတယ်လေ မပြေစရာဘာရှိလဲ
သေစရာရှိလဲ ရှိတာနဲ့ပဲ အဆင်ပြေစွာ
သေရွာကို တစ်ဦးကစ စုပေါင်းတည်ကြသလိုလေ
ပြေပါတယ် မပြေတာတွေကို ထုတ်ပြောဖို့လည်း
ပုံမှန်အဖြေဟာ ပြေပါတယ်ပဲပေါ့ မဟုတ်လား
မနက်ဖန်မှာ ဘယ်နေရာမှာ ဘယ်နှစ်ယောက်
လူစင်စစ်ကနေ တောရိုင်းပန်းတွေ လေလှိုင်းထဲက
စွမ်းအင်တွေ DNA ပြနေဆဲဆဲလ်တွေ အဖြစ်
ပုံမှန်သဘာဝဖွံ့ဖြိုးမှုဖြစ်စဉ်ကို လွန်ဆန်သွားကြမလဲ
ဆူပါဟီးရိုးတွေ မရှိတော့ပဲ ဆူပါဗီလိန်တွေသာ
များပြားကြီထွားလာကြတာလို့
ရယ်စရာမဟုတ်တဲ့ စကားနဲ့ ခါးသက်ပေါ့ပါးလိုက်ရတာ
တင့်ကားကို မရပ်တန့်နိုင်စေပေမယ့်
ကဗျာကိုတော့ ဆက်ရေးရမယ် သူငယ်ချင်းရာ လို့ပြောပြီး
မဆုံးခင် ဟီးကနဲ ချုံးမွဲချ ငါ့ရင်ထဲ နာကျင်မှုတွေပဲ
Continue reading

စိတ်ဟာ သားလှီးဓားပေါ် ရွှပ်ကနဲရဲ့ ပုံတူ

သဲပူပေါ် ပစ်ချခံထားရတဲ့ ငါးအရှင်တွေလိုပဲ လူတွေဟာ
ပဲခူးမှာ ဒီတစ်နေ့တည်း ၆၀ တဲ့လား
ပုံထပ်ထားတာတွေထဲ အချို့ဟာ လှမ်းအော်လို့
မိဘကို မမိရင် ကလေးတွေကို ဖမ်းမယ်ဆိုလို့
အကျော်ဒေးယျ မိဘနှစ်ပါးဟာ အဖမ်းခံလိုက်ကြရတယ်
အောက်မှာ ပိုက်ကွန်မခံထားတဲ့
ကောင်းကင်ကြိုးတန်းပေါ် လှမ်းလျှောက်ရနေ့တွေ
ဘယ်လက်နက်သုံးရင် ဘယ်နှစ်နာရီအတွင်း ဘယ်နှစ်ယောက်
ဒီနေ့သေဒါဏ်စပေးပေမယ့် စကတည်းကပဲ
သတ်မိန့်ကျလို့ သေခဲ့ကြတာ မဟုတ်လား
ချစ်တမ်းကစားမနေကြရင် ကမ္ဘာကြီးကို
ခွဲခြမ်းစိပ်ဖြာနေရမယ့် အရွယ်မှာကွယ်
အနည်းဆုံးတော့ လိင်ကိစ္စထဲ ခန္ဓာလျှိုနေကြရမှာ
သားရိုင်းတွေဟာ လူသတ်ပွဲကို
ယဉ်ယဉ်လေးနဲ့ ကစားကြတာ
Continue reading

ဝသုန္ဓရေကိုပြောကြားခြင်း ပုံတူ

ကိုယ့်ရင်ထဲက ဖုန်းဆိုးမြေကို သုဿန်ထဲမှာ လိုက်ရောင်းတယ်လို့ အိပ်မက်မက်တယ်
ပဋိသန္ဓာရစကား ဟရင်တောင် သွေးအန်ရမယ့် ခေတ်မျိုးထဲ ပြန်မရောက်ချင်တော့ဘူး
မခြောက်သေးတဲ့ သွေးနံ့ကို လေထဲ အညှီအဟောက် မဖြစ်သွားအောင်
ဘယ်လိုရင်ထဲ ထွေးပွေ့ထားရသလဲဆိုတာ
အဲဒီကလေးဟာ မင်းရဲ့သားပဲ၊ ဝသုန္ဓရေ

ခွေးအတို့ရဲ့ မုသားပွဲတော်မှာ နတ်လူသာဓုခေါ်ကြသေး
လူဖြစ်ဖို့လုံးတဲ့ ရွှံ့ထဲမှာ ဘယ်နှစ်ရာခိုင်နှုန်း ဘီလူးသဘက် ဘယ်နှစ်ရာခိုင်နှုန်း
အုတ်ကြားမြက် ဘယ်နှစ်ရာခိုင်နှုန်း နေ့တစ်ရက်မှာ သူရဲကောင်း
အသက်ရဲ့ရေအောက်မှာ တတိတိမျောနေတဲ့ လှို့ဝှက်ခြိမ်းခြောက်အရိပ်မည်းကြီး
အဲဒီကလေးဟာ မင်းရဲ့သားပဲ၊ ဝသုန္ဓရေ

လူမဆန်တဲ့ အလွယ်တကူ သတ်ဖြတ်မှုတွေဟာ
လူဆိုတဲ့အဓိပ္ပါယ်ကို လေတိုးမြက်လို လှုပ်ခါစေတယ်
မိလ္လာတွင်းမှာ ပွင့်တဲ့ပန်းရှိရင်လည်း ဘယ်လိုသီရိကျက်သရေနဲ့ ဘုရားမှာ ကပ်နိုင်မှာလဲလေ
အသက်လောက် သေနိုင်တာ အသက်ပဲ ရှိပေမယ့်
အသက်ထက် သေနိုင်တဲ့ အခြားအရာတွေလည်း ရှိတာပေါ့
အဲဒီကလေးဟာ မင်းရဲ့သားပဲ၊ ဝသုန္ဓရေ
Continue reading

သမိုင်းဖတ်စာရဲ့ ပုံတူ

သူသေဟာ သူရှင်ဖို့အတွက် မိုင်းတွေမြှုပ်နှံပြီး သူ့မိုင်းတွေကို ‘သမိုင်း’ လို့ အမည်ပေး သတ်မှတ်လိုက်တယ်။ သူသတ်ခဲ့တာတွေကို မှတ်မနေတော့အောင်လည်း ပါတာပေါ့။ သူ့မိုင်းနင်းမိသူ ပြည်သူတွေဟာ သူ့ဘက်ပါသွားကြတယ်။ ပြည်သူမိုင်းနင်းလေ သူအင်အားထွားလေ၊ ပြည်သူမိုင်းနင်းသေလေ၊ သူဟာရှင်သန်လေပါပဲ။ မိုင်းနင်းမိပြည်သူတွေကိုယ်တိုင်ဟာ သူ့အတွက် ထပ်တိုးမိုင်းတွေ ဖြစ်လာတယ်။ သူ့(သ)မိုင်းတွေကို ပြည်သူတွေထဲ ထပ်မြှုပ်နှံတယ်။ ကြာတော့၊ ပြည်သူတွေ မိုင်းနင်းသေဆုံးသွားကြပြီး သူပဲ အသက်ပိုရှည် ပိုရှင်လာတော့တယ်။ သူမြှုပ်တဲ့မိုင်းတွေဟာ သူ့သမိုင်းပဲ။ ပြည်သူဟာ သူ့မိုင်းတွေကို မိုင်းတွေမှန်းမသိပဲ ‘သမိုင်း’ လို့သာ ထင်ယောင်မှားခဲ့ကြပြီး ရှင်လျက်နဲ့ သေဆုံးကုန်ကြတယ်။ သူသေဟာ သူ့မိုင်းတွေကို သတင်းမီဒီယာတွေမှာအစ ကျောင်းသုံးပြဌာန်းစာအုပ်တွေမှာအဆုံး ဆက်လက်မြှုပ်နှံထားတော့တယ်။

ဇယလ
၇ ဧပြီ၊ ဏာသိမ်း ‘၂၁