စိတ်ဆူးပင်ရဲ့ ပုံတူ

ကြယ်တွေဖြစ်မလာမီ လတွေဖြစ်မလာမီ
ဘလိတ်ဓားတွေ သွေးတွေ သွေးတိတ်ဆေးတွေ
ဖြစ်မလာမီ ပတ်တီးတွေ ပတ်တီးတွေဖြည်ပြီး
မင်းဖြစ်မလာမီ မံမီတစ်ယောက်မင်းထပ်ဖြစ်မလာမီ…
သူမရဲ့စကပ်ကို လှန်ပြတယ်
ပေါင်ဖွေးဖွေးမှာ ပေးထားတဲ့ ဆုတံဆိပ်တွေ
မျဉ်းပြိုင်တောင်တန်းမို့လေးတွေ
ခြစားအချစ်တောင်ပို့လေးတွေ (‘မနမ်းချင်ဘူးလား’)
ဘုရားသခင်ကို ညှို့ခဲ့တာလေ ဘာကိုရှင်းပြရမှာလဲ
သေချင်လို့မဟုတ်ဘူး သေချင်တာ တစ်ခုခု သေသွားစေချင်တာ
မသေချင်ဘူး ဘာမှမခံစားတော့တာ ဘာလဲဆိုတာ
နာကျင်မှုကို ဒဏ်ရာနဲ့ပွတ်ရတာ ပျော်စရာပါပဲ
ဖန်ကွဲစလည်း ရပါတယ် ကိုယ့်ကွဲစနဲ့ပဲ ကိုယ်ကွဲရှရတာ
ဖန်ကွဲစဟာလည်း ကိုယ်ကိုယ်တိုင်ပဲ မဟုတ်ဘူးလား
အလင်္ကာရဲ့သင်္ကေတ ဒီစကားဟာ မလှဘူးလား
အင်အားသုံး သိမ်းပိုက်ဖျက်စီးခံရတဲ့မြို့တွေ
သေနတ်တစ်ချက်မဖောက်ရပဲ မြို့ရဲ့ယောနိဝကို
ဟပေးလိုက်ရတာတွေ ရာဇဝင်မှာ မှန်ဘယ်နှစ်ချပ်
ရုပ်လပ်နေတဲ့ ရုပ်ကလပ်တွေ
ပထမဆုံးအကြိမ်တုန်းက ကမ္ဘာကြီးဟာ ရပ်သွားတယ်
ရေပြင်ထဲငုံ့ကြည့် ကိုယ့်မျက်နှာကိုယ်မြင်
ချစ်ခင်စွဲမက်စွဲလမ်း ပန်းတစ်ပွင့်ဖြစ်သွားတာ
ဒဏ္ဍာရီလာ နာဆစ္စပ်စ်တဲ့လား ဟားဟားဟား
စိတ်အရေပြားမှာ ရှသောအရာနဲ့
ရွှပ်ကနဲ ရွှပ်ကနဲ (အမေရေ့) ရွှပ်ကနဲ
စွန်းထင်းကွက် ပွက်ပွက်ဆူရေထဲက ရေသူမ
“ဟီး… ဘဝဖတ်စာ ရေးခြစ်ရာလေ ကဗျာလို့ပဲ မှတ်လိုက်တယ်
ဒီတစ်ခါ ရှင့်လက်နဲ့ ကိုယ်တိုင်လှီးတာ ခံချင်တယ်”

ဇယလ
၁၅ ဇန် ကိုဗစ်၂၁

ကောက်ကွေ့သွားတဲ့ ကောက်ကြောင်းတစ်ခုရဲ့ ပုံတူ

မပြန်စေချင်သေးလို့
ဘရာကိုဝှက်ထားလိုက်တာ သူမ က
ဒီအတိုင်းပဲ ပြန်ရဲတယ်နော်
ရော့ အဲဒါကိုပဲ ရှူနေလိုက်
ကိုယ့်မျက်နှာကို သူ့ပဲန်တီးစ်နဲ့ စွပ်လိုက်တယ်
ကြွက်သေကို ကြွပ်ကြွပ်အိတ်ထဲထည့်ဖို့
ကြွပ်ကြွပ်အိတ်နဲ့ပဲ ကိုင်ရပြီး
အမှိုက်ပုံးထဲထည့် လက်ကိုသေချာဆေးလိုက်တယ်
မျက်လုံးတွေပဲလင်းနေတဲ့ အမှောင်ထဲက ကြောင်နက်မ
သူ့လက်သည်းကို မမေ့ပဲများ နေမလား
ဘရာချိတ်ကို မချွတ်တတ်ချွတ်တတ်စဉ်က
နှလုံးသားဟာ ပလာကျင်းလို့
အကာအကွယ် လုံးလုံးမဲ့ခဲ့တယ်
သူမလည်း အောက်မှာဘာမှမပါပဲ
လောကကြီးထဲ ထွက်ခွာသွားခဲ့တယ်
နာရီကြည့်ပြီး နောက်ကျနေပြီ မွမွမွနဲ့
အတိတ်ကို အရိပ်လို စိတ်ထဲချိတ်ဆွဲခဲ့လေတယ်

ဇယလ
၁၂ ဇန် ကိုဗစ်၂၁

ဆယ့်သုံးနာရီထဲကမနိုးထခင်ရဲ့ ပုံတူ

စိမ်းနုစိုအေးမြကို
ကလေးလေးရဲ့ လက်ဖဝါးလေးထဲ ထည့်ပေးပါ
မှောင်မိုက်မှာမှ မီးပျက်ညတွေ၊ နတ်ဝှက်နေ့တွေ၊
ဇီဇာကြောင်တဲ့ အပူအအေး အယူအပေးကြွေးမြည်
ကင်းလို့ပေါ့ အဲဒီတော့မှ ပလာမြင်ကွင်းထဲ
ပြယ်လွင့်စအရုဏ်ရဲ့ တိတ်ဆိတ်တေးသွား အာရုံဖျားမှာ
အဖျားလေးခတ်သွားမှာ

ရေချိုးပြီးလည်း အရေပြားထဲ သဲတရှပ်ရှပ်
နိုင်လိုမင်းထက်တရစပ်လူမှုဘောက်ဖတ်တွေမှ ကင်းပါစေ

ကြုံရ၊ တုန်လှုပ်ရ၊ ယောက်ယက်ခတ်ရ၊ ထမ်းပြေးရ၊ လွှတ်ချရ
ဘာဟီရတွေကလွဲလို့
ဘဝရောင်းဝယ်ဖောက်ကားရေးဈေးကွက်ထဲမှာ
အလှတရားဆိုတာ
ရေတစ်စက်တစ်စက်ကျတိုင်းမှာ ဆတ်ကနဲဆတ်ကနဲတုန်ခါရတဲ့
ရွက်ဖျားနုလေး စိမ်းနုလေးလား
လို့လည်း စက်ထဲလက်ထိုးမေးစရာ

မလိုချင်တော့မှ လိုချင်စိတ်ဟာ
ငါးစိမ်းသည်ဗန်းပေါ်က အကြေးခွံခွားပြီးသားငါးဟာ
ထထခုန်လို့
ပက်ပင်းတိုးလို့ ကိုယ့်ကိုကိုယ်မြင်လိုက်ရသလို
ရေဝဲထဲ အသစ်ကလေးကို ငါးက ရေအောက်ဆွဲငုပ်သွားခဲ့တယ်
Continue reading

အံဆွဲတစ်လုံးရဲ့ ပုံတူ

ကျမရဲ့အောက်ကအံဆွဲကို ရှင်သိပ်ဖွင့်ချင်တယ် မဟုတ်လား
အဲဒီထဲမှာ သွက်သွက်ခါရူးနေတဲ့ ကျမအမေ ပေါင်နှစ်ဘက်
ကားပြီး လုပ်ပါ လုပ်ကြပါ ငါ့ကိုတစ်ယောက်ယောက်
လုပ်ကြပါ လို့ အော်နေတယ် အဖေ့ဖခင်စိတ်နဲ့
နယ်မြေသတ်မှတ်ခွေးသေးပန်းသလို
ဝင်ရောက်စူးစမ်းတဲ့ ခြေရာလက်ရာတွေလည်း ရှိသပေါ့
အစိုးရတွေလို ပျက်ပျက်ကျတဲ့ လ,နီတွေလည်း ရှိကြတယ်
ကျမရဲ့အလိုဆန္ဒသံဆူးခွေတွေ ရှိတယ်ဆိုတာလည်း
ကျမမျက်လုံးထဲ ရှင်မြင်ပြီးပြီ ထင်ပါတယ်
လောကထဲ မျက်နှာမဖော်ရဲပဲ အထီးကျန်နေရဖို့
ရှင့်အိပ်မက်ချက်ကြိုးကို ဖြတ်ပေးမယ့်
ကတ်ကြေးတစ်လက်လည်း အဆင်သင့်ရှိပါတယ်
ကျမကိုကျမ မွှမ်းထားတဲ့ သွေးတွေဟာ
Continue reading

ဖတ်ရှု၍စိတ်စွဲခြင်းအချို့ရဲ့ ပုံတူ

အင်္ဂလိပ်စာသင်ကြားရေးနဲ့ ကဗျာပေါ် စွဲလမ်းပြီး ပြောချင်ခဲ့တာတွေဟာ အတိတ်ဘဝဆုတောင်း မှားလေခဲ့သလား…. သိစရာမလိုပဲ ဖြစ်နေကြတဲ့ သမိုင်း – ယဉ်ကျေးမှု – ကဗျာမှုမှာ ကျနော်အမှိုက်ဖွမိတာလား… တောင်းပန်ဖို့ကလည်း ဘဝနဲ့ချီနောက်ကျခဲ့ပြီး ဝဋ်မကုန်သေးလို့ ဆက်လုပ်ရဦးမှာပဲ ထင်ပါတယ်…. အမှန်အတိုင်းပြောရရင် ကျနော်အမှန်တကယ် ပင်ပန်းနေရပါပြီ…. ကဗျာကြောင့် ငွေကြေးအားဖြင့်လည်း ငွေရာမဝင်ခဲ့ရပါဘူး… ဆဲစကားတွေ မဟုတ်ရင် မကောင်းတတ်လို့နှမ်းဖြူးစကားတွေပဲ ကြားခဲ့ရပါတယ်… ပသို့ဆိုစေလေဆိုပြီး ဆက်လုပ်နေခဲ့ခြင်းသာ ဖြစ်ပါတယ်…. ၂၀၂၁မှာ အကယ်၍ နှစ်ကာလများက ‘၂၀ – ၂၁ အမေရိကန် ကွန်တမ်ပရီကဗျာ’ရယ် ‘ဆူရီယလ်မိုးကောင်းကင်’ရယ် the key collection က ‘အိုရှင်န် ဗူအေားဝ်င်း’ကို အကယ်၍ထုတ်ဖြစ်ခဲ့ရင် ကျေးဇူးတင်စွာနဲ့ နားလိုက်ဦးမယ်လို့ ထင်ပါတယ်… ဗြိတိသျှ ဆူရီယ်လ်ကဗျာဆရာ ဒေးဗစ်ဒ် ဂက်စ်ကွိုင်းန် အယ်မ်ဖက်တမင်းန်အစွဲနဲ့ စိတ်ဓာတ်ကျရောဂါကြောင့် စိတ်ကျန်းမာရေးဆေးရုံ (အရူးထောင်) ရောက်နေတုန်း ဆရာမတစ်ယောက်က လူနာတွေကို ကဲ လာလာ ကဗျာတစ်ပုဒ် ရွတ်ပြမယ်ဆိုပြီး ရွတ်ပြလိုက်တာ ဘေးက ဒေးဗစ်ဒ် ဂက်စ်ကွိုင်းန်က အဲဒါကျနော်ရေးခဲ့တာလို့ပြောတော့ ဆရာမက လူနာတစ်ယောက်လိုပဲ ဆက်ဆံပြီး အင်းပေါ့ အင်းပေါ့ ဟုတ်ပါတယ်လေလို့ နှစ်သိမ့်သံနဲ့ ချော့လိုက်တယ်… အခြားအရပ်ဒေသမှာဆို ကျနော်လူတစ်မျိုးပေါ့… ဒါဆိုထွက်သွား ဆိုရင်လည်း ထွက်သွားရမှာပါပဲလေ… ကဗျာမှာ နေစရာမရှိတဲ့ ခြေသလုံးအိမ်တိုင်တို့ရဲ့ စိတ်တွင်းဘဝ သိနေရပါပြီလေ… ချစ်သောကိုခင်ဝမ်းရဲ့ ‘ကျနော်သွားတော့မယ်’ကို နှလုံးသည်းပွတ်အထိ နားလည်ခဲ့ရသလိုပါလေ…. an exile in my home country… ကြိုးစားခဲ့ပါတယ်… သိကြပါစေတော့ရယ်လို့… ရေခံမြေခံနဲ့ သိခြင်းဟာ သဟဇာတ ဖြစ်ချင်မှဖြစ်မယ်ဆိုတာ နားလည်သဘောပိုက်ရင်း…. ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ယန်းပေါလ်ဆာ့တ်ရ်ကို အမှုဖွင့်ခဲ့တယ်… လူငယ်လေးတစ်ယောက်ကို ဂျာမန်နာဇီလက်ထဲ သေစေခဲ့မှုနဲ့.. အဲဒီကောင်လေးဟာ မျက်မမြင်မိခင်အိုကို ကြည့်ရှုစောင့်ရှောက်နေရချိန်မှာ ဘာလို့ ပြင်သစ်မြေအောက်ဆက်သွယ်ရေး လုပ်ခိုင်းခဲ့တာလဲတဲ့… ဆာ့တ်ရ်ပြောတယ်… သူအရွယ်ရောက်ပြီ သူ့စိတ်နဲ့သု့ဘဝ လွတ်လပ်စွာထူထောင်ခွင့်ရှိပြီ မိသားစုတာဝန်ရှိတယ်နော်လို့ ပြောတော့ နာဇီအောက်က လွတ်မြောက်ရင် မိသားစုများစွာအတွက် အကျိုးရှိမယ်လို့ သူယုံကြည်စွာပြောခဲ့လို့ တာဝန်ပေးခဲ့ရတာပါတဲ့… သူ့စက်ဘီးကလေးနဲ့ သတင်းပို့ဖို့သွားရင်းဖမ်းဆီးခံခဲ့ရပြီး ပစ်သတ်ခံခဲ့ရပါတယ်… ကျနော်ဟာ သူနင်းခဲ့တဲ့ စက်ဘီးလေးရယ်ပါ

ဇယလ
၃ ဇန် ကိုဗစ်၂၁