လမ်း/တံတား

တံတားပေါ်အရှိန်နဲ့ကားအတက်
တံတားထိပ်ကခွေးတစ်အုပ်ဆင်းအလာ

ကားဟာတစ်ခုခုပေါ်တက် ကြိတ် အပြီး
လမ်းပေါ်တာယာခံပြန်ကျအသွား

အူသံဟာလမ်းတလျှောက်အလျား

တံတားဘေးဘုန်းကြီးကျောင်း
အမိုးပြားပေါ်ကဆင်းတုတော်
လမ်းမီးတွေအလင်းဟပ် ပြုံးလျက်သား

တံတားထိပ်ကခွေးတစ်အုပ်အဆင်း
ကားတစ်စင်းအရှိန်နဲ့တက်အလာ

ခွေးဟာတစ်ခုခုထိပြီး အိကနဲရိကနဲကျွိကနဲ
လမ်းနဲ့တစ်သားတည်းဖြစ်သွား

လမ်းဟာအူသံအလျှောက်ဟိုဘက်ထိအလျား

တံတားဘေးဘုန်းကြီးကျောင်း
အမိုးပြားပေါ်ကဆင်းတုတော်
လောကီမီးတွေအလင်းဟပ် ဓမ္မပြုံးလျက်သား

ခံစားမှုကိုကိုယ်ခံစား
ဘာသာစကားနဲ့ချွန်းအုပ်လိုက်ဖို့ကြိုးစား
လမ်းဟာဆွံ့အခြင်းပကတိတံတားအလျား

ဇယလ
၂၅ စက် ‘၁၉

ဟင့်အင်း

ဟင့်အင်း၊
ဘယ်နတ်ဒေဝတာကောင်းကောင်းဆိုဆိုးရဲ့
အမျက်မာန်ရှအောင်ကိုယ်ဘာမှမလုပ်ခဲ့ဘူး၊
ဟင့်အင်း၊
ကိုယ့်မှာရှိထားတဲ့ ခွင့်ပြုချက်ရ ခံစားမှုအင်အား
အတိုင်းအဆကိုလည်းကိုယ်ပိုမိုသုံးစွဲတာမရှိဘူး၊
မနေ့ကပဲကိုယ်ဟာလိမ္မာယဉ်ကျေးခဲ့သေးတယ်၊
ခုနကပဲအိမ်သာကိစ္စအပြီးဖင်ကိုရေဆေးခဲ့သေးတယ်၊
သာမန်ခံစားမှုတွေပါပဲ၊ဆာတတ်တာ၊နာတတ်သာ၊
ဝမ်းနည်းတတ်တာ၊ပျော်တတ်တာ၊မွေးကင်းစလေးတွေကိုအံ့ဩစိတ်နဲ့ကြည်နူးတတ်တာ၊ ရံဖန်ရံခါသေချင်စိတ် သတ်ချင်စိတ်ပေါက်တာ၊ဒေါသထွက်ရတာ၊နူးညံ့ရတာ
…………
Continue reading

မျက်ရည်

ဦးခင်မောင်ရင်ငိုတတ်တယ်၊ သူ့အဖေအမေအကြောင်းပြောတိုင်း။ ကိုသင်းခိုင်ငိုတယ်၊ သူ့ငယ်ဘဝနဲ့မိဘတွေအကြောင်းပြောရင်း။ ကိုအောင်ချိမ့်ငိုတယ်၊သူ့ကျန်းမာရေးနဲ့ပတ်သက်လို့။ ကိုချောငိုတယ်၊ညီမလေးမမမြင့်အတွက် လိုတာတွေသူမပေးနိုင်ခဲ့လို့။

ရေနံတွေပမ်းထွက်သလို၊ကမ္ဘာမြေကြီးရဲ့အလွှာတွေအောက်ဖိအားတွေရဲ့ဖိစီးမှုတွေကနေပမ်းထွက်တဲ့မျက်ရည်တွေမဟုတ်ရင်ရာနှုန်းပြည့်စိတ်အဟုန်နဲ့ခုန်ဆင်းကြတဲ့ရေတံခွန်တွေအခြားကမ္ဘာကမီးတောင်ဝကချော်ရည်တွေဟာဒီမှာ မျက်ရည်လာဖြစ်ကြ၊သွန်းဖြိုးကြတယ်၊စိတ်ချည့်သက်သက်ဆက်တိုက်မျက်ရည်တွေ၊ယောက်ျားရင့်မကြီးတွေရဲ့ခေတ်တွေကိုရေဆန်ဖြတ်သန်းခဲ့ကြရတဲ့မြိုသိပ်လူသားမျက်ရည်တွေ။

ချူစရာမလိုပူစရာမလိုယူချင်လို့တောင်တောင်းလို့မရတဲ့မျက်ရည်တွေသူ့အချိန်သူ့အခါသူ့အလိုလိုတသွင်သွင်ပင်ကျမျက်ရည်တွေ။

ဟောဒီမှာလေ၊မျက်ရည်တွေ။ဘာမှမဟော၊ဘာမှမပြော၊ လျှောကနဲစိတ်အံဆွဲထဲကထွက်လာတဲ့ကံစီးတော်မြင်းပန်းပွားတဖွားဖွားနဲ့ဟီသံကိုအသံပိတ်ချလိုက်တဲ့မျက်ရည်တွေ။

ဇယလ
၁၄ စက် ‘၁၉

ကဗျာအကြောင်း ပြောပါတယ် (၅၃)

ကဗျာပုဒ်ကိုကျော်လွန်မှကဗျာဆီရောက်တယ်ဆိုတဲ့အယူအဆနဲ့ကဗျာဟာကဗျာပုဒ်ထဲမှာပဲရှိတယ်ဆိုတဲ့ကဗျာအယူအဆနှစ်ခုပေါ့နော်။ပထမအယူအဆကရုပ်လွန်အယူအဆ။ကဗျာပုဒ်ဆိုတဲ့စကားလုံးဖွဲ့စည်းမှုအစုအဝေးဆိုတဲ့ရုပ်ကနေ အဓိပ္ပါယ်/အနက်/ခံစားမှု/ရသ စသည်တို့ဟာ ‘ပေါ်ထွက်’ လာတဲ့သဘော။ကဗျာခံစားမှုဟာအဆိုပါ
ရုပ်အစုအဝေးကိုလွန်တဲ့သဘော။လစ်ရစ်က်ကဗျာနဲ့
လစ်ရစ်က်ခံစားမှုဟာဒီသဘောဖြစ်တယ်။
ရေးသူရဲ့ခံစားမှု—ကဗျာပုဒ်—ဖတ်သူခံစားမှု။
အဲသလိုသွားတာကိုး။

အဲဒီမှာလောကီခံစားမှုကအစလောကီလွန်မက္တာဖစ်ဆစ်ကလ်ဂန္ဒာရီ/ဂန္ဒာရအာရုံခံစားမှုအထိသွားတယ်။
ခံစားမှုဗဟိုပြုအိက်စ်ပရက်ဆစ်ဗ်၊ဒိ(ပ်)အစ်မေ့ဂ်ျ၊ဆူရီယလ်၊ဆာလမန်း၊အဒိုးနစ္စတို့အားလုံးအကျုံးဝင်တာပေါ့။
ကဗျာပုဒ်ဟာအခွံဖြစ်ပြီးအခွံထဲကနေကဗျာဆိုတာထွက်ရှိလာတဲ့သဘော။အိန္ဒိယဂန္တဝင်၊တရုပ်ဂန္တဝင်၊အရှေ့အလယ်ပိုင်းဂန္တဝင်ကဗျာတွေလည်းဒီလိုပဲအဆိုရှိကြပါတယ်။
Continue reading

ကစားသမားတို့ကိုကြည့်ခြင်း

အလင်းစက်ကွင်းလေးထဲ
သူတို့ပြောနေကြတာ။

သူတို့ပြောခဲ့ကြတာတွေ၊ဓနဆီ
လှမ်းခဲ့ကြတဲ့အရာတွေ
လောဘဆီ—–

အလွန်မှာ၊ညဟာ
အဝါရောင်လကိုဖက်တွယ်လို့။

သူ့ထဲသူပြန်ခေါက်သိမ်းရတဲ့
စကားမျိုးပေါ့၊မြင့်တက်လာတာဟာ
ဆူညံမှုဆီသို့သာပဲ—-

အမှောင်ထဲမှာသစ်ရွက်တွေထိတွေ့ကြ
ပြီးကွဲကွာကြ၊အလင်းတွေဟာ
ဖြတ်သွားတဲ့ကြားများသာ။

စကားလုံးတွေဝေဝါးမှုထဲမှာ
အဲဒီလက်တွေလှုပ်ရှားပုံတွေဟာ
ကြည့်စရာဖြစ်ကိုဖြစ်တယ်—-

နားဆင်စရာကိစ္စတစ်ခုဖြစ်တယ်
ညထဲသစ်ရွက်တွေနေရာပြောင်းနေကြတာ
အဲဒီအဝါရောင်လကိုစွဲမြဲယုံကြည်နေရတာ။

(ဩစတေးလျကဗျာဆရာမ Cameron Lowe ရဲ့ ‘Watching the Players’)

ဇယလ
၂၃:၅၈ ၁၀ စက် ‘၁၉