Zeyar Lynn - Poetry Parnassus

လန်ဒန်ပါနက်ဆပ်စ် ကဗျာပွဲတော်ပြန် ဆရာဇေယျာလင်းနဲ့ အင်တာဗျူး

မေး 1 လန်ဒန်ပါနက်ဆပ်စ်ကဗျာပွဲတော်ကို ဆရာတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီပွဲတော်အကြောင်း အရင်ပြောပြပါဦး ဆရာ။

ဖြေ။ ဒီလန်ဒန်ပါနက်ဆပ်စ်ကဗျာပွဲတော်ကတော့ Poetry Parnassus ဖြစ်ပါတယ်။ ယူကေမှာ စီစဉ်ကျင်းပတဲ့ ကဗျာပွဲတော်တွေထဲမှာ ဒီပွဲတော်ဟာ အကြီးမားဆုံးနဲ့ အထူးခြားဆုံးဖြစ်ပါတယ်။ ကဗျာပွဲတော်ဆိုပေမယ့် ကဗျာဆရာ ၊ ဆရာမတွေတင်မဟုတ်ပဲ နိုင်ငံတကာက ထိပ်တန်းပွဲတော်ကျင်းပရေးဒါရိုက်တာတွေ ၊ အနုပညာ အစီအစဉ်ပြုလုပ်တင်ဆက်သူတွေ ၊ ဘာသာပြန် ဆရာ/ဆရာမတွေ ၊ စာပေအနုပညာရပ်ဆိုင်ရာ ပညာရှင်တွေ ၊ အသိပညာရှင်တွေ ၊ အသိပညာဗဟုသုတဖြန့်ဖြူးသူတွေ ၊ စာအုပ်ထုတ်ဝေသူတွေ ၊ စာအုပ်တိုက်ပိုင်ရှင်တွေနဲ့ အယ်ဒီတာတွေလည်းတက်ရောက်ကြတဲ့ပွဲတော်ဖြစ်ပါတယ်။ ဘာကြောင့် အထူးခြားဆုံးလည်းဆိုတော့ ကမ္ဘာမှာ အိုလံပစ်အားကစားပွဲတော်ဆင်နွှဲခဲ့တာကြာပြီဖြစ်ပေမယ့် ကဗျာပွဲတော်နှင့်တွဲချိတ်တာ ကမ္ဘာမှာ ဒါဟာ ပထမဆုံးပါပဲ။ နောက်ဆုံးလည်းဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီနှစ်လန်ဒန် အိုလံပစ်ပွဲတော်ပြီးသွားလို့ နောက်ကျင်းပတဲ့ နိုင်ငံတွေဟာ အခုလို ကဗျာပွဲတော်ပါ ပူးတွဲကျင်းပချင်မှ ကျင်းပကြမှာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ နာမည်ကို အကြံပေးတာကတော့ ဗြိတိသျှရှေ့တန်းကဗျာဆရာတစ်ဦးဖြစ်သူဆိုင်မွန်အာမီတေ့ဂ်ျ Simon Armitage ဖြစ်ပါတယ်။ ဒီပွဲတော်ကျင်းပမယ့် Southbank Centre မှာသူဟာ poet – in – residence ဧည့်ကဗျာဆရာအဖြစ်ရောက်ရှိ နေထိုင်တုန်း ဒီကဗျာပွဲတော်ကြီးကျင်းပဖို့ ဗြိတိသျှကောင်စီနဲ့ ဗြိတိသျှအနုပညာရပ်များကောင်စီကို အကြံပြုပါတယ်။ အဲဒီ အကြံကို လက်ခံအတည်ပြုလိုက်တော့ သူတောင်အံ့ဩသွားရတယ်လို့ပြောပါတယ်။ ဒီပွဲတော်ကို ပါနက်ဆပ်စ်လို့ ခေါ်ရခြင်း အကြောင်းဟာ ဂရိဒဏ္ဍာရီမှာ ပါနက်ဆပ်စ်ဟာ ကဗျာနတ်ဖြစ်တဲ့ အပိုလို Apollo နဲ့ ကဗျာဈာန်ဝင်စားဖို့ မြူဆနတ်သမီး Muse တွေနေထိုင်တဲ့ တောင်ရဲ့ အမည်ဖြစ်ပါတယ်။ `ကဗျာနတ်ရဲ့ တောင်ပေါ်ပွဲတော်´ပေါ့ဗျာ။ အိုလံပစ်အဖွဲ့ဝင်နိုင်ငံတွေဆီက ကဗျာဆရာ/ဆရာမတစ်ဦးစီဖိတ်ကြားဖို့ စီစဉ်ပါတယ်။ ပွဲတော်ဟာ ကြီးမားတဲ့အတွက် ငွေကြေးအင်အားတော်တော်ခိုင်ဖို့လိုမှာ မလွဲပါဘူး။ ကျွန်တော်သိသလောက်ကတော့ ဒီပွဲတော်ကို ကျင်းပဖို့ စရိတ်ထည့်ဝင်သူတွေ Partners and Supporters ထဲမှာ ကိုးရီးယား ယဉ်ကျေးမှု ဋ္ဌာန ၊ ကိုးရီးယားယဉ်ကျေးမှု ၊ အားကစား ၊နဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်းဆိုင်ရာဝန်ကြီးဋ္ဌာန ၊ နျူးဇီလန် အနုပညာရပ်များကောင်စီ ၊ ဩစတြေးလျ အနုပညာရပ်များကောင်စီ ၊ ဒါအီဝါ အင်္ဂလိပ် – ဂျပန်ဖေါင်ဒေးရှင်း ၊ ဗြိတိသျှ ကောင်စီ။ အစိုးရတွေအနေနဲ့ ယူကေ ၊ ဩစတြေးလျ ၊ ဩစတြီးယား ၊ ချက် ၊ အိုင်ယာလန် ၊ ဟော်လန် ၊ ကိုလံဘီယာ ၊ နယ်သာလန် ၊ အက်စ်တိုးနီးယား ၊ လီသူအေးနီးယား ၊ ဂျော်ဂျီယာ ၊ ပိုလန်တို့ပါရှိကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာ စာအုပ် ထုတ်ဝေရေးလုပ်ငန်းရှင်တွေ ၊ ကဗျာဂျာနယ် ၊ မဂ္ဂဇင်းတွေရဲ့ အထောက်အပံ့တွေလည်းရရှိပါတယ်။
Continue reading

Poetry Parnassus ပါနက်ဆပ်စ်ကဗျာပွဲတော် မှတ်တမ်း

ဗြိတိန်နိုင်ငံအခြေစိုက် Southbank Centre အနုပညာ ယဉ်ကျေးမှုဌာနရဲ့ ဖိတ်ကြားချက်နဲ့ Poetry Parnassus ပါနက်ဆပ်စ် နိုင်ငံတကာ ကဗျာပွဲတော်ကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ လန်ဒန်မှာ ကျင်းပတဲ့ အိုလံပစ်အားကစားပွဲနဲ့ အပြိုင်ပြုလုပ်တဲ့ နိုင်ငံတကာ ကဗျာပွဲတော် ဖြစ်ပါတယ်။ အိုလံပစ်အားကစားပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ကြတဲ့ တိုင်းပြည်အသီးသီးက ကဗျာဆရာတစ်ဦးစီကို ဖိတ်ကြား တာဖြစ်ပါတယ်။ လန်ဒန်မြို့ ၊ Southbank Centre မှာ ရှိတဲ့ Queen Elizabeth Hall အဆောက်အအုံမှာ Monday 25 June 12 ကနေ Sunday 1 July 12 အထိဆက်တိုက်ကျင်းပခဲ့ပါတယ်။ အဲဒါပြီးတော့ အခြားမြို့တွေမှာ ကျင်းပတဲ့ ကဗျာပွဲတော်တွေကို တက်ရောက်လာကြတဲ့ ကဗျာဆရာတွေထဲက ထပ်ရွေးချယ်ပြီးသွားရောက်ပါဝင်ဆင်နွှဲကြရပါတယ်။

Zeyar Lynn - Poetry Parnassus
Zeyar Lynn – Poetry Parnassus

Zeyar Lynn

ဒီပွဲတော်ရဲ့ ထူးခြားချက်(၂)ချက်ကတော့ ကမ္ဘာမှာ ပထမဆုံးအကြိမ် အိုလံပစ်အားကစားပွဲတော်နဲ့ နိုင်ငံတကာ ကဗျာပွဲတော် ပူးတွဲကျင်းပတာဖြစ်ခြင်းနဲ့ World Poetry Summit ဆိုတဲ့ ယူကေမှာ အကြီးမားဆုံး နိုင်ငံတကာပွဲတော် ကျင်းပခြင်းတို့ဖြစ်ပါတယ်။ ကဗျာရွတ်ပွဲအပြင် ကဗျာဆိုင်ရာ ဆွေးနွေးနှီးနှောဖလှယ်ပွဲတွေလည်းကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲတော်ကြီးရဲ့ အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြတဲ့ ကဗျာဆရာတွေရဲ့ ကဗျာတစ်ပုဒ်စီဖေါ်ပြပါရှိတဲ့ Poetry Parnassus Anthology (The World Record Anthology) (www.bloodaxebooks.com) ကဗျာပေါင်းချုပ်ကို ထုတ်ဝေဖြန့်ချိပါတယ်။ ကဗျာဆရာတစ်ယောက်စီဟာ တစ်အုပ်စီလက် ဆောင်ရရှိပြီး ကျန်တာကို စာအုပ်ဆိုင်တွေမှာ ရောင်းပါတယ်။ နောက်တစ်ခုက Rain of Poems ဆိုတဲ့ `ကဗျာမိုး´အတွက် ကဗျာဆရာ တစ်ယောက်စီရဲ့ ကဗျာတစ်ပုဒ်စီကို အလျား ၆” အနံ ၂” ရှိတဲ့ ကဒ်ပြားပေါ်ပုံနှိပ်ပြီး အဲဒီကဗျာကဒ်ပြားတွေကို ကောင်းကင်မှာ ၀ဲနေတဲ့ ရဟတ်ယာဉ်ကနေ အရေအတွက် ထောင်သောင်းနဲ့ချီကျဲချတာ ဖြစ်ပါတယ်။ သူတို့ရွေးချယ်တဲ့ ကျွန်တော့်ကဗျာကတော့ `ထင်ရှားသည့် အမှတ်အသား´(၂၀၀၆) ကဗျာစာအုပ်ထဲက `ဆလိုက်ရှိုး(Slide Show)´ ကဗျာရဲ့ အင်္ဂလိပ်ဘာသာပြန် ဖစ်ပါတယ်။ ဘာသာပန်သူတွေကတော့ ကိုကိုသက်နဲ့ James Byrne တို့ ဖစ်ပါတယ်။
Continue reading