ကဗျာအကြောင်း ပြောပါတယ် (၅၁)

ကဗျာမှာ ပုံသဏ္ဍာန်နဲ့ အကြောင်းအရာဆိုပြီး အလွယ်တကူ ပြောတတ်ကြပါတယ်။ ပုံသဏ္ဍာန် (အင်္ဂလိပ်လို form) လို့ ပြောတဲ့နေရာမှာ ပုံသေပုံသဏ္ဍာန်ဆိုတဲ့ fixed forms ဥပမာ၊ မြန်မာမှာ လေးချိုး၊ အဲချင်း၊ သံချို စသည်ဖြင့်တို့ ရှိကြပြီး အခြားအဓိပ္ပါယ်ကတော့ ဖွဲ့စည်းမှုကို ပြောတာဖြစ်ပါတယ်။ ပုံသေပုံသဏ္ဍာန်၊ ဥပမာ လေးလုံးစပ်မှာ လေးလုံးစပ်ရဲ့ဖွဲ့နည်း ရှိပါတယ်။ ဒါဟာလည်း ပုံသေဖွဲ့နည်းပါပဲ။ ကာရန်ကို စွန့်လွှတ်လိုက်တဲ့ မော်ဒန် (နောက်ပိုင်း’ခေတ်ပေါ်)မှာတော့ ပုံသေပုံသဏ္ဍာန် မရှိတော့တဲ့အတွက် (သို့သော် အနည်ထိုင်လာတဲ့အခါ ‘ခေတ်ပေါ် ပုံသဏ္ဍာန်’ဆိုတာ ဧကန်ရှိလာခဲ့ပါတယ်။ ဤကားစကားချပ်) ဖွဲ့စည်းမှုဟာလည်း အရှင်ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ ပုံသဏ္ဍာန်ကို အားကိုးလို့မရတော့ပဲ ဖွဲ့စည်းပုံကို ပိုဂရုစိုက်လာရပါတယ်။ စကားလုံးတစ်လုံးကအစ၊ စကားလုံးတွဲ၊ လိုင်း၊ စကားလုံးအတွဲအချိတ်၊ လိုင်းအတွဲအချိတ်၊ လိုင်းတွဲ/လိုင်းခွဲ၊ ပိုဒ်ဖွဲ့၊ ပုဒ်ဖွဲ့၊ အလက်ာ၊ နိမိတ်ပုံ၊ သင်္ကေတ၊ နိမိတ်ပုံ အမျိုးအစား၊ ယုတ္တိမှန်/ ယုတ္တိလွန်၊ နရီထပ်ကြော့၊ အက်ပီဖနီ အပိတ်/အပွင့်၊ ဇာတ်လမ်းသဘော ယူ/မယူ၊ … စတာတွေဟာ အကုန်လုံး ‘အရှင်’ ဖြစ်လာတယ်။ အကြောင်းအရာဆိုတာနဲ့ ခွဲလို့မရတော့ပါဘူး။

အကြောင်းအရာလို့ ပြောတဲ့နေရာမှာလည်း ကဗျာပုဒ်ထဲ ပြောပြနေတဲ့ အကြောင်းအရာ subject matterနဲ့ ဆိုလိုရင်းအာဘော် theme တို့ ကွဲကြပါသေးတယ်။ ပုံသေပုံသဏ္ဍာန်မှာ ပုံသဏ္ဍာန်ခွက်ထဲကနေ အကြောင်းအရာကို ခွဲထုတ်ပြလို့ရပေမယ့် ပုံသဏ္ဍာန်အရှင်မှာတော့ စကားလုံးတိုင်း၊ လိုင်းတိုင်း၊ သုံးတဲ့ပစ္စည်းတိုင်းဟာ အကြောင်းအရာရဲ့ အသွေး၊ အသား၊ အရိုး၊ အရွတ်တွေ ဖြစ်နေကြတဲ့အတွက် အကြောင်းအရာနဲ့ ခွဲလို့မရတော့ပါဘူး။ ပိုစူးရှတာက အကြောင်းအရာတစ်ခုကို မရေးခင်က ပုံစံချရေးတာမျိုး (ဥပမာ၊ ဗိုလ်ချုပ်မွေးနေ့၊ တိုင်းရင်းသားချစ်ကြည်ရေး၊ တံတားသစ်ဖွင့်ပွဲ၊ ဘာညာ ကြိုဆိုပွဲ၊ ဘလာဘလာဘလာတွေ) မဟုတ်ပဲ ရေးရင်းအကြောင်းအရာ(တွေ) အမျှင်ချိတ်ပေါ်လာတာမျိုးဆို ပိုပြောရခက်ပါတယ်။ အကြောင်းအရာနဲ့ ပုံသဏ္ဍာန် ခွဲထုတ်ပြောရ ပိုခက်ပါတယ်။

မော်ဒန်/ ခေတ်ပေါ်ပေါ် ထိုးနှက်ချက်တွေထဲမှာ အဓိကက ဒီပုံသဏ္ဍာန်နဲ့ အကြောင်းအရာကိစ္စပါပဲ။ ပုံသဏ္ဍာန် အသေနဲ့အရှင်။ ဆိုးတာကတော့ ပုံသဏ္ဍာန်နဲ့ ‘ကဗျာ'(ဖြစ်ခြင်း/မဖြစ်ခြင်း ဒီဂရီ)တို့ကို ရောထွေးမှု။ ပုံသဏ္ဍာန်အသေကို ‘ကဗျာ’လို့ ယူလိုက်ခြင်းမှာ ကဗျာရဲ့ ကဗျာဖြစ်နိုင်ချေ နယ်နိမိတ်ကို ကန့်သတ်ချလိုက်သလိုဖြစ်ပြီး နောင်မှာ အသစ်မထွင်နိုင်တော့ပဲ ပြန်လည်ထုတ လုပ်မှု reproduction တွေပဲ ဖြစ်လာတော့တယ်။ ခေတ်ပေါ်မှာလည်း ထိုနည်းလည်းကောင်းပဲ။ ၁၉၇၀ ခုနှစ်များက စခဲ့ရင် အခုဆို ၅၈နှစ်ရှိနေပြီ။ ရာစုနှစ်တစ်ဝက် ကျော်သွားပြီ။ အခြေကျပြီ။ ပုံသဏ္ဍာန်လည်း အသေဖြစ်နေပြီ။ အထူးသဖြင့် မော်ဒန်ကမလာပဲ ‘ပြည်သူ့’သရုပ်မှန်ကလာတဲ့ ခေတ်ပေါ်အမျိုးအစား။
Continue reading

ကဗျာအကြောင်း ပြောပါတယ် (၅၀)

လူတစ်ယောက်ပြောလို့ လိုက်လုပ်ကြတာဟာ
ကဗျာအလုပ်မှ မဟုတ်တာ

သူ့ကိုငြင်းပယ်ပစ်ရမလား ဆိုတော့လည်း
ကဗျာအလုပ်မှ မဟုတ်တာ

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

ဇယလ
၇ ဇူလိုင် ‘၁၈

ကဗျာအကြောင်း ပြောပါတယ် (၄၉)

‘ကဗျာ’ ဆိုတာဟာ စိတ်တွင်းဖြစ်ပေါ်တယ်။ စိတ်ရဲ့အလုပ် ဖြစ်တယ်။ စိတ်အလုပ်ရဲ့ အကျိုးရလဒ် ဖြစ်တယ်။
စိတ္တေ စိတ္တံ ကာဗျံ။

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

ဇယလ
၂၁ ဇွန် ‘၁၈

ကဗျာအကြောင်းပြောပါတယ် (၄၈)

“ကဗျာကို လွတ်လွတ်လပ်လပ်ရေးတယ်” ဆိုတဲ့စကားကို အချက် ၅ ချက်နဲ့ သုံးသပ်ဖို့ လိုပါတယ်။

(၁) ကဗျာအနုပညာပေါ် နားလည်မှုသဘောထား
(၂) ကဗျာရေးဖွဲ့မှု ပြုလုပ်ခြင်းပေါ် နားလည်မှုသဘောထား
(၃) ‘လွတ်လပ်မှု’ရဲ့ အဓိပ္ပါယ်ပေါ် နားလည်မှုသဘောထား
(၄) စိတ်ရဲ့အလုပ်လုပ်ပုံပေါ် နားလည်မှုသဘောထား
(၅) ကဗျာရေးသူကိုယ်တိုင်ရဲ့ ရေခံမြေခံပေါ် နားလည်မှုသဘောထား

ချဲ့တွေးရင် တွေးသလောက် အတွေးဟာ ပြေးပြီး
ကန့်သတ်အတွေးနဲ့ အရသာခံ ပါဝါရံနေရင်လည်း တစ်မျိုးပေါ့။

မိမိကိုမိမိ သိစေဖို့ပါပဲ။

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

၁၀ ဂျွန် ‘၁၈
ဇယလ (ခေတ္တ ရောမ)

ကဗျာအကြောင်း ပြောပါတယ် (၄၅)

ကဗျာတိုင်းဟာ အခြားကဗျာတွေဆီက ဆင်းသက်လာတာ ဖြစ်တယ်။ ကဗျာဆရာဆိုတဲ့လူဟာ ကြားခံပစ္စည်းပဲ။ သူ့ခေါင်း/ စိတ်/ နှလုံး/ ခံစားမှု/ ဝိဉာဏ်/ နှလုံးအိမ်/ သိစိတ်/မသိစိတ်ထဲက ဘာသာစကား (ထဲက မှတ်ဉာဏ်ထဲက ကဗျာ)ဟာ သူ့ကို ကဗျာရေးစေတာ ဖြစ်တယ်။
Continue reading