ကဗျာဆိုင်ရာ အတွေးစများ – ၈။ ကဗျာအကြောင်း

ကဗျာအကြောင်း

ပြောကြစတမ်းဆို ကဗျာဟာ ယင်းရဲ့ အလျား၊ အနံ၊
ထု ကို ကိုယ်တိုင်မသိချင်ဘူး၊ မသိကျိုးကျွန်နေချင်တယ်၊ အလ္လာပ
သလ္လာပ ပြောပြီး လေးနက်နေကောင်းနေမယ်၊ ပြောင်းပြန်လည်းဖြစ်နိုင်တယ်
ဘာအကြံဥာဏ်မှလည်း မပေးဘူး ပါးလွှာတဲ့ စကားလုံးအရေပြားအောက်မှာ
ခုန်နေကြတဲ့ အကြောတွေ အမျှင်တွေ အရှင်တွေ
(သိချင်မှမြင်လို့ရတတ်တယ်၊ မြင်တတ်မှ သိရတာလည်းရှိပြန်တယ်)
ပစ်မှတ်ဟာ လေးကြိုးရဲ့တင်းအားနဲ့ မြားတံရဲ့
ပျော့ပြောင်းမှု လွဲရင်လည်းလွဲသွားမယ် (ဖတ်သူရဲ့
ကြိုတင်ထင်မှတ်သတ်မှတ်ထားချက်တွေကို တမင်တကာ ရှောင်လွှဲဖို့
ဆိုပါစို့) အရေးမကြီးဘူးလား ဆိုတော့ အရေးကို
ရေးတာ လက်ရေးသေးသေးလား ကြီးကြီးလား
အချို့ဦးနှောက်တွေထဲမှာ ကဗျာကိုပိတ်ပင်ထားကြတယ်
တစ်ခါဖတ်ရုံနားလည်လွယ်တဲ့ အရေးအသားမျိုး ကိုယ်ရှောင်တယ်
ဘယ်လိုအတွေး ဘယ်လိုအာရုံ ရောက်လာမလဲမှ မသိရတာ
ကဗျာရဲ့အနာဂတ်ဟာဘာလဲ ကဗျာရဲ့အနာဂတ်ဟာ ကဗျာပဲ
ကဗျာရဲ့အတိတ်ဟာလည်း ကဗျာပဲဖြစ်ခဲ့တာမဟုတ်လား
ကဗျာပုဒ်နဲ့ကဗျာဓာတ်ဟာ အမြဲအကြင်လင်မယားမဟုတ်ကြဘူး
ကိုယ်ဟာ ကဗျာမရေးတတ်ဘူး ဒါပေမယ့် မိုက်မိုက်မဲမဲပါပဲ
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ကိုယ့်နက္ခတ်နဲ့ကိုယ်
ဒီမြစ်ကိုရေဆန်ကူးနေဦးမှာပဲ မြစ်ရဲ့မူလအစဆီ
လိုချင်တာတွေကို ရပ်ကွက်ကုန်စုံဆိုင်လေးမှာ မရနိုင်တော့တာ
Continue reading

ကဗျာဆိုင်ရာ အတွေးစများ – ၇။ ကျနော့်အတွက် ကဗျာရေးခြင်း

ကျနော့်အတွက် ကဗျာရေးခြင်းဟာ ဘယ်တုန်းကမှမလွယ်ကူခဲ့ပါဘူး။ သူများတွေအတွက် ကဗျာဟာ အလွယ်တကူရောက်ရှိလာပြီး တစ်နေ့ တစ်ပုဒ်ကနေ အပုဒ်၂၀လောက်ရေးနိုင်တာကို ကျနော်အံ့သြရပါတယ်။ အားကျရပါတယ်။ ထိတ်လန့်ရပါတယ်။ ကျနော်ညံ့ပါတယ်ဆိုတာ မျက်ဝါးထင်ထင်မြင်တွေ့ရပါတယ်။ ကိုယ်ဟာ ကဗျာနဲ့မတန်ပဲ လူကြီးတွေ(ပါရမီရှင်)တွေရဲ့အလုပ်မှာ ဘာမှနားမလည်တဲ့ကလေးတစ်ယောက် လိုက်ဆော့နေသလိုပင်ခံစားရပါတယ်။

ကျနော် ကဗျာ မရေးတတ်ပါဘူး။ ရေးထားတာတွေရှိပေမယ့်လည်းကျနော်စိတ်မလုံဘူး။ တကယ်မသိနားမလည်တဲ့အပြင် ဘာမွေးရာပါပါရမီလည်းမပါလာရပဲ ယောင်တိယောင်နတွေပဲ တောင်တောင်အီအီ လျှောက်စိတ်ဆော့လက်ဆော့နေတာပဲလို့ ကျနော့်ကိုကျနော် အမြဲလိုလို အခါခါတွေးမိပါတယ်။ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင်ကောင်းတဲ့ကဗျာတွေဖတ်ပြီးရင် ကျနော်ဟာ ကဗျာမှာ လူလိမ်တစယောက်လို သိမ်ငယ်ညှိုးနွမ်းရတာကို လိပ်ပြာသန့်စွာဝန်ခံပါတယ်။ ကျနော်ညံ့ပါတယ်။

ကဗျာတစ်ပုဒ်(အ)စရဖို့လည်း ကျနော့်အတွက်ခဲယဉ်းပါတယ်။ နကမ္ပတိတရားကိုလက်ခံလိုက်နာတဲ့အကျင့်အမြစ်စွဲနေတော့လည်း သိပ်ရင်မခုံတတ်၊သိပ်မလှုပ်ရှားတတ်၊သိပ်မခံစားတတ်ပါဘူး။ ကြုံလာတာကိုလည်း အနိစ္စ၊ဒုက္ခ၊အနတ္တ နဲ့ဖြေလိုက်တဲ့အကျင့်ရှိတော့ တွေ့ကြုံခံစားမှုတွေဟာ ကြာရွက်ပေါ်ရေမတင်သလိုပါပဲ။ ညံ့ပါတယ်။

ရံဖန်ရံခါ စိတ်ထဲ ဘာရယ်လို့မည်မည်ရရအမည်မတပ်နိုင်တဲ့၊မဖော်ပြနိုင်တဲ့အပြင် ပီပီပြင်ပြင်တောင်မသိနိုင်တဲ့ မသိမသာ စိတ်လှုပ်ခတ်မှုတစ်ခုကို နုနုကလေး ပါးပါးကလေး အရိပ်ရဲ့ သိမ်မွေ့တဲ့ပွတ်သပ်လိုက်မှုလေးကို အာရုံဖျားမှာ ဘာမှမရှိတဲ့ သဲ့သဲ့လေးကို ရဲ့ရဲ့လေးရရှိတတ်ပါတယ်။ ခံစားမှုမဟုတ်ဘူး။ ပိုနူးညံ့တယ်။ အာရုံ၅ပါးနဲ့ကပ်ငြိလို့မရတဲ့အမျှင်လေး။
Continue reading

ကဗျာဆိုင်ရာ အတွေးစများ – ၆။ ကဗျာဘက်စုံဖွံ့ဖြိုးရေး

ကဗျာနဲ့ပတ်သက်ဆက်နွယ်နေတဲ့ အရေးအသားတွေ၊ လှုပ်ရှားဆောင်ရွက်မှုတွေ၊ အခမ်းအနားတွေရှိကြပါတယ်။ စာရင်းနဲ့ပြရရင် –

၁။ ကဗျာဆောင်းပါး
၂။ ကဗျာ (စာအုပ်) ရီဗျူး
၃။ ကဗျာဆရာ အင်တာဗျူး
၎။ ကဗျာဝေဖန်ရေး
၅။ ကဗျာသင်ကြားပို့ချရေး
၆။ ကဗျာရွတ်ပွဲ
၇။ ကဗျာ စာတမ်းဖတ်ပွဲ
၈။ ကဗျာ နှီးနှောဖလှယ်(တွေ့ဆုံဆွေးနွေးပွဲ)
၉။ ကဗျာ ဟောပြောပွဲ
၁၀။ ကဗျာ အလုပ်ရုံဆွေးနွေးပွဲ (ဝပ်ရှော့ပ်)
၁၁။ ကဗျာဆုပေးပွဲ
၁၂။ ကဗျာစာအုပ်ဖွင့်ပွဲ
၁၃။ ကဗျာပွဲတော်ကျင်းပပွဲ
၁၄။ ကဗျာဆရာ သက်ကြီးပူဇော်ပွဲ
၁၅။ ကဗျာဆရာ ဈာပနပွဲ

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့နေရာမှာ ပညာရေးကိုချန်ထားလို့မရသလို အနုပညာရေးကိုလည်း ဘေးဖယ်ထားလို့မရပါဘူး။ ကဗျာကိုလည်း တတ်နိုင်သမျှ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်လုပ်နေရမှာပါပဲ။ ဒါကို အစိုးရနဲ့လွှဲထားလို့မရဘူး။ အသင်းအဖွဲ့(တွေ)ရှိဖို့လိုတယ်။ အသိစိတ်နဲ့ဦးဆောင်လှုပ်ရှားမဲ့သူတွေလိုတယ်။ ကဗျာနဲ့ပတ်သက်ရင် ကိုယ်နဲ့လည်းဆိုင်တယ်လို့ခံယူကြတဲ့ ကဗျာသမားတွေလိုတယ်။ ငွေကြေးရံပုံငွေအတွက် စီးပွားရေးလုပ်ငန်းတွေ၊လုပ်ငန်းရှင်တွေရဲ့ ထောက်ပံ့မှုလိုတယ်။

တစ်နေ့နေ့၊တစ်ချိန်ချိန်မှာ ကဗျာကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မှုတွေ အခြားနိုင်ငံတွေမှာလို တဟုန်ထိုးပေါ်ပေါက်လာအောင်ဆောက်ရွက်ကြလိမ့်မယ်လို့ စိတ်ကူးကြည့်မိပါတယ်။

ဇယလ
၁၁ ဇွန်၊’၂၁

ကဗျာဆိုင်ရာ အတွေးစများ – ၅။ မှတ်တမ်းတင်ခြင်း

ကဗျာတွေဟာ သမိုင်းမှတ်တမ်းတွေလည်းဖြစ်တယ်ဆိုတာ ပဝေသဏီကတည်းကရှိခဲ့ပါတယ်။ သမိုင်းခေတ်တစ်ခုကိုဖတ်တဲ့အခါ အဲဒီခေတ်ရဲ့ ကဗျာတွေကိုလည်းဖတ်ဖို့လိုတယ်လို့ အဆိုရှိပါတယ်။ တရားဝင် မှတ်တမ်းတင်တဲ့သမိုင်းထက်တောင် ကဗျာတွေဟာ ပိုစစ်မှန်တယ်လို့တောင်ဆိုပါတယ်။ ဘာကြောင့်ဆို သမိုင်းကို ပါဝါစိုးမိုးသူတွေက သူတို့ဘက်ကနေ ရေးသားစေတာဖြစ်ပြီး ကဗျာကတော့ အမှန်တရားဘက်က ရေးသားတာဖြစ်ပါတယ်။ အလိုတော်ရိကဗျာဆရာတွေနဲ့ သူတို့ရဲ့ကဗျာတွေကလွဲလို့ပေါ့လေ။ အာဏာပါဝါရယူခြင်းယှဉ်ပြိုင်မှုလို့ဆိုရမယ့် politics ဟာ ကဗျာမှာလည်း မလွဲမရှောင်သာရိုက်ခတ်ခြင်း။

ဒဂုန္တာရာရဲ့ ‘ဥက္ကလာပ’ ကဗျာလိုပဲ သစ္စာနီရဲ့ ‘လှိုင်သာယာ’ ကဗျာဟာ အမွှမ်းတင်စရာဖြစ်ပါတယ်။ အကြမ်းဖက် စကစရဲ့ အကြမ်းဖက်သမား/အကြမ်းဖက်လုပ်ရပ် လို့ ကြေညာပြီး လှိုင်သာယာသပိတ်ကို အကြမ်းဖက်ဖြိုခွဲခဲ့တာကို အာဏရှင်စနစ်ဖြုတ်ချရေး ဒီမိုကရေစီတိုက်ပွဲရဲ့ မပယ်ဖျောက်နိုင်တဲ့ ဖြစ်ရပ်မှန်/အမှန်တရားကို သစ္စာနီက ကဗျာအလေးနီပြုလိုက်တာလည်းဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ ခေတ်ပြိုင်ကဗျာရဲ့ တွန်းထိုးထွန်းသစ်လာမှုကို ဥပေက္ခာပြုလို့မရခြင်းကို ဆစ်ခ် ရဲ့ ‘မမလာနာ လှိုင်သာယာရောက်ဘူးလား’ ကဗျာက သက်သေတည်နေပြန်လေရော။

လှိုင်သာယာတော့လှိုင်သာယာပဲ။ ခေတ်ပေါ်လှိုင်သာယာ နဲ့ ခေတ်ပြိုင်လှိုင်သာယာ။ ရန်ဘက်မဆောင်ပါ။ သူ့ဟာသူ တန်ဘိုးရှိကြပါတယ်လေ။ ကဗျာနည်းဟန်လေ့လာလိုသူတွေအဖို့ နှိုင်းယှဉ်လေ့လာခွင့်ရတာပေါ့။

ကဗျာဆိုတာ ခံစားမှု/အတွေးနဲ့တင်မပြီးပဲ တင်ပြပုံ presentation ကိစ္စလည်း မုချရှိနေတာကို သတိမလစ်ဟင်းစေလိုပါ။

ဇယလ
၁၀ ဇွန်၊’၂၁

ကဗျာဆိုင်ရာအတွေးစများ #၄ – သမိုင်းခေတ်နဲ့ ကဗျာ

အသိလူငယ်ကဗျာဆရာတစ်ယောက် ပြောတာကို တွေးကြည့်နေတာပါ။ ‘အခုရေးတင်နေကြတဲ့ ကဗျာတွေဟာ ဟိုတုန်းကလို နိုင်ငံရေးဘက် ပြန်ရောက်သွားသလိုပဲ’ တဲ့။ လက်ရှိနေ့စဉ်ကြုံတွေ့ခံစားနေကြရတဲ့ အဖြစ်အပျက် အနေအထားကြီးဟာ တစ်ဦးစီရဲ့ ပုဂ္ဂလိကခံစားမှုတွေထက် ကြောက်ခမန်းလိလိ ကြီးထွားခဲ့ပါပြီလေ။ မီးလျှံမကတော့ပဲ မီးလုံးကြီးတွေထဲ ပစ်ချခံလိုက်ရသလိုပါပဲ။ post-’88 လူငယ်တွေအထူးသဖြင့်။ သမိုင်းခေတ်ဆိုတာကြီးဟာ ပြူးကနဲပေါ်လာပြီး လက်တွေ့မျက်တွေ့အရှိတရားကြီး ဖြစ်လာခဲ့ပြီပေါ့။ ဒါကို ဘယ်သူမှ ရှောင်လွှဲလို့မရပါဘူး။ ဆိုတော့၊ လူမှု-နိုင်ငံရေးကိစ္စတွေကို ရှေ့တန်းတင်မရေးသူတွေကိုယ်တိုင် အာရုံအစပ် မီးဟပ်ကုန်ပြီပေါ့။ အဲဒီတော့ ခံစားမှုနဲ့ဖွဲ့စည်းပြုလုပ်ကဗျာရုပ်မှာ မဟုတ်မမှန် လုပ်ကြံတာမဟုတ်ပဲ အမှန်တကယ် ထင်ဟပ်ကြရပြီကော။ ကြီးမားလွန်း၊ နားလည်မှုထက်ခံစားမှုကို လှုပ်နှိုးလှုံ့ဆော်နိုင်လွန်း။

‘ပြန်ရောက်သွားသလား’ ဆိုတဲ့ကိစ္စမှာ တကယ်တော့ ‘ပြန်ရောက်သွား’ တာထက် အမြဲရှိနေခဲ့ပြီး ယာယီဖုံးကွယ်လိုက်မှုကနေ ဘွားကနဲ ပြန်ပေါ်လာတာပါပဲ။ စစ်အာဏာရှင်စနစ်ကိုပြောပါတယ်။ ဒင်းတို့ကိုယ်ဒင်းတို့စွပ်လိုက်တဲ့မျက်နှာဖုံးနဲ့ ကာလတစ်ခုအထိနေ(ပြ)လာပြီးမှ မူလမျက်နှာအစစ်ကို ပြန်ဖွင့်ပြလိုက်တာပဲဖြစ်ပါတယ်။ ဘီလူးဟာ ဘီလူးပါပဲ။ ဆိုတော့၊ ‘ပြန်ရောက်သွားတာ’ မဟုတ်ပဲ ပြန်ပေါ်လာတာကို ကဗျာကလည်း ကဗျာနည်းနဲ့ ပြန်တုန့်ပြန်တာပဲဖြစ်ပါတယ်။ ၁၀စုနှစ်တစ်ခုစာလောက် ပုံ(ရိပ်)ပြောင်းဖို့ ဟန်ဆောင်ခဲ့ပေမယ့် အဲဒီ ၁၀စုနှစ်အတွင်းမှာ သရုပ်သကန်အမှန်ကိုသိထားကြတဲ့ ကဗျာဆရာတွေဟာ ကဗျာနဲ့ ဖမ်းချုပ်ဖော်ပြခဲ့တာတွေရှိပါတယ်။ အဲဒါကြောင့်လည်းပဲ ယခင်ကရေးခဲ့တဲ့ကဗျာအချို့ဟာ ယခုကာလကို ဘွင်းဘွင်းကြီးဖော်ပြနေသလိုဖြစ်ပါတယ်။ ကြိုရေးခဲ့သလားတောင် အောက်မေ့ရမလောက်ပဲ။ ဒါပေမယ့် ကြိုရေးခဲ့တာမဟုတ်ပါဘူး၊ ကျားသစ်ဟာ ဘာရုပ်ပြောင်းပြောင်း သူ့မူလအစက်အပြောက်တွေကိုတော့ ဖျောက်မရတာကို ထုတ်ပြခဲ့ကြတဲ့သဘော။ အခု ငြင်းလို့မရအောင်ပေါ်ပြီပေါ့။

သမိုင်းခေတ်နဲ့ကဗျာဟာ အမြဲဆက်စပ်နေပါတယ်။ သမိုင်းခေတ်ရဲ့အဖြစ်အပျက်ကို ဖြစ်လာတာနဲ့အမျှ ကဗျာက တုန့်ပြန်တာပါပဲ။ အထူးသဖြင့် social-conscious လူ့ဘောင်အသိ ပိုသက်ဝင်ကြသူတွေပေါ့။ အပြိုင်ဖြစ်တာတွေ။ အယူဝါဒတစ်ခုအရ လက်အောက်ခံသဘောမဟုတ်ဘူး။ ထိုအယူဝါဒအရ လက်အောက်ခံလို့ပြောလည်း အယူဝါဒအရ ပြောခွင့်ရှိပါတယ်။ ကဗျာနဲ့ အယူဝါဒကိစ္စပေါ့။ ငြင်းမယ်ဆိုရင် အယူဝါဒအချင်းချင်းငြင်းရမှာပဲဖြစ်တယ်။ ကဗျာကတော့ အဲဒီအငြင်းထဲကနေ တစ်နည်းနည်းနဲ့ ရှောင်သွားမှာဖြစ်တယ်။ ဥပမာ၊ တရုပ်မြူနှင်းဂိုဏ်း၊ ဘေ ဒေါဝ်။

အခုကြုံနေရတဲ့ သမိုင်းခေတ်ကို ကဗျာနဲ့တုန့်ပြန့်နေခြင်းတွေထဲမှာ ယခင်က နည်းဟန်တွေနဲ့ မဟုတ်တော့တာတွေလည်း တွေ့ကြရမှာပေါ့။ နိုင်ငံရေးဘက်ရောက်သွားရင်တောင်မှ ကဗျာဖြစ်ရေးကို မစွန့်လွှတ်ကြဘူးပေါ့။ ဒါဟာ မြန်မာမော်ဒန်ကဗျာလမ်းကြောင်းလည်း ဖြစ်ခဲ့ပါတယ်လေ။

ဇယလ
၈ ဇွန်၊’၂၁