ဝိုင်အကြောင်း ဒီးန်ယန်းဂ်ပြောတဲ့အခါ

Dean Young
Dean Young

တကီလာထဲ ရောက်သွားတာနဲ့
ပိုးတုံးလုံးဟာ တွန့်လိမ်လှုပ်ယမ်းတော့တာပဲ။
ကြိတ်ချေခံရတော့မှန်း သိလိုက်ရတဲ့အခါ
ဝိုင်လုပ်တဲ့စည်ထဲမှာ
ကြောက်လန့်တကြား အော်ဟစ်ကြတဲ့ စပျစ်တွေ။
ဝိုင်အကြောင်း ဒီးန်ယန်းဂ်ပြောတဲ့အခါ
သူ့စကားသံဟာ ထူးထူးခြားခြား
တည်ငြိမ်နေတတ်တယ်။ ဒါတောင်မှ
ဝိုင်အကြောင်း သူရှားရှားပါးပါး ပြောခဲတယ်လေ။

သူပြောတာက အခန်းခက သက်သာသလောက်
ဇာတ်လမ်းဇာတ်အိမ် မရှိဘူး။
သူပြောတာက လေယာဉ်ပြေးလမ်းဟာ အရှည်ကြီး၊
ခရီးကတော့ အတိုလေး။
သူပြောတာက ဒီကိစ္စမှာ ဘာလျှို့ဝှက်ချက်မှမရှိဘူး။
သူပြောတာက အဲဒီအဝတ်ဟာအစင်းတွေနဲ့ မလိုက်ဘူး။

ပြင်သစ်မှာနေခဲ့တုန်းက ငယ်ဘဝကို ပြန်တွေးဟန်နဲ့
သူ့မျက်လုံးတွေ မှေးလိုက်တယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး
ဖန်ခွက်ကို ခေါင်းခါပြလိုက်တယ်။

‘၈၄ ဟာ အဆိုးဆုံးနှစ်ပဲ။ အဲသလိုသူပြောတော့
ရုတ်တရက်တော့ ကိုယ့်မှာ စိတ်ပူသွားမိတယ်။
ကယ်လီဖောနီးယားဟာ သူ့ကို လည်စီးတစ်မျိုးဝတ်ထားတဲ့
ဆူရှီစားသူ ဖြစ်သွားစေသလားပေါ့။

သူပြောပါသေးတယ်၊ ဟောဒီထဲမှာ နေ့လည်ခင်းရဲ့
နောက်ဆုံးပစိဖိတ်အလင်းတွေဟာ ပို့စ်ကဒ်ရဲ့
ထောင့်စွန်းက ဇင်ယော်တောင်ပံတွေကို
ပန်းနုရောင်သမ်းနေစေတာ ကြည့်ပါဦးတဲ့။

ဒါပေမယ့်၊ အငှားချက်လက်မှတ်တွေနဲ့ ပန်းနာရင်ကြပ်ဆေးရဲ့
ကာဘာနေးဝိုင် ဘယ်မှာလဲ။ အရိုးကုသဖို့ စီးရတဲ့
ဖိနပ်ရဲ့ ဘာဂန်ဒီဝိုင် ဘယ်မှာလဲ။ ချော်လဲဒူးပြဲတဲ့
ချာဘလစ္စဝိုင်နဲ့ ဂျယ်လီဆင်းဒဝစ်ခ်ျ ဘယ်မှာလဲ။
ရက်စက်တဲ့ အငယ်တန်းဘေ့စ်ဘောလ်နည်းပြတွေရဲ့
ပါးစပ်ထဲ ဝိုင်မအာခြင်းနဲ့ သံချေးစားစတေရှင်ဝက်ဂွန်ကားရဲ့
တီးတိုးစက်သံ ဘယ်မှာလဲ။

သူ့နှလုံးအောက်ပိုင်းခန်းမထဲကသွေးတွေ
သူပဲသောက်ပစ်လိုက်သလား။
သူ့နှုတ်ခမ်းတွေဟာ ခရမ်းရောင် ဖြစ်နေတယ်။
သူဟာ ငါးမျှားတံတစ်ချောင်းလို ဒယီးဒယိုင်။

သတ္တဝါတစ်ကောင် ထိခိုက်နာကျင်သွားခဲ့ရင်
နားမလည်မှုနဲ့ ဟစ်အော်တယ်။
ငှက်တစ်ကောင် ဒဏ်ရာရခဲ့ရင် သူ့အသိုက်ထဲသူ
ဝပ်ပြီးကွေးနေတော့တယ်။

ယောက်ျားတစ်ယောက် ထိခိုက်နာကျင်ရတဲ့အခါ
သူ့ကိုသူနာကျင်မှုမှာ ပညာရှင်အဆင့် သတ်မှတ်လိုက်တယ်။
ပြီး၊ လက်ထဲမှာ ဖန်ခွက်တစ်ခွက်နဲ့ အဲဒီမှာပဲ
ရပ်နေပြီး လေထဲငေးစိုက်ကြည့်နေတော့တာပဲ။
ထင်မြင်ချက်တစ်ခုခုကို အရူးအမူး အပြေးအလွှား
ကြိုးစားပမ်းစား ဆောက်တည်နေသူလို။ ။

တိုနီ ဟို့ဂလင်န်ဒ်
When Dean Young Talks About Wine – Tony Hoagland

ဘာသာပြန် ဇယလ
၂၇ ဇန် ‘ ၁၇