မသဲကွဲသော။ ၀ိုးတိုးဝါးတား။ ရေးရေးမျှသာ။ မရေရာသော။ မတိကျသော။ ယောင်တိယောင်ဝါး။ ဇဝေဇ၀ါဖြစ်သော။ နားဝေတိမ်တောင်။ မထင်မရှား။ မပြတ်မသား။ မှုန်မှုန်မွှားမွှား။ မှုန်ဝါးဝါး။ ရေးတေးတေး။
Vague/veig/adj ရဲ့ မြန်မာဘာသာပြန်စကားလုံးတွေဖြစ်ပါတယ်။ မရောရာတဲ့ အရာတစ်ခုကို ရေရေရာရာသရုပ်ဖေါ်ဖို့ခက်ခဲတဲ့ သာဓက အဖြစ်။
အကယ်၍အောက်ပါဝါကျတိုင်းမှာပါရှိတဲ့ ကွက်လပ်ဟာ အင်္ဂလိပ်စကားလုံး vague ဖြစ်ရင် အဲဒီကွက်လပ်ကို စာဖတ်သူဘာနဲ့ဖြည့်မလဲ။
ဧပြီ ၁၁ ၊ ၂၀၀၁ ၊ ၂း ၄၄ မွန်းနှောင်း။ မိမိဟာ ––– တဲ့အရာတစ်ခုဖြစ်နိုင်မလား။
မိမိဟာ ––– ခြင်းကိုခံစားရပြီး ဒီ ––– ခြင်းကိုကဗျာထဲထည့်ရေးချင်တယ်။
မိမိအတွက် ––– တဲ့အရာဟာ `အစစ်အမှန်ဖြစ်ခွင့်မရနိုင်ရှာဘူး´ (ဘာထရန် ရပ်ဆဲလ်)။
လောကမှာ ဘယ်အရာမှ ––– ဖြစ်တယ်ဆိုတာမရှိဘူး။
––– ခြင်းကိုဘယ်လိုနားလည်ရမလဲဆိုတာ ––– စရာအကြောင်းမရှိဘူး။
မိမိတို့ရဲ့ မိုးတိမ်တွေကို မြင်သိမှုဟာ ––– ဖြစ်သလား။
မူလအင်္ဂလိပ်စကားလုံး vague ဟာ လက်တင်စကားလုံး vag – us ကလာတာဖြစ်တယ်။ ‘wandering’ `လှည့်လည်သွားလာသည်။ ဟိုယောင်ယောင်သည်ယောင်ယောင်လျှောက်သွားသည်။ ခြေဦးတည့်ရာသွားသည်။ လမ်းလွဲသွားသည်။ ချော်သွားသည်။ ကောက် ကောက်ကွေ့ကွေ့သွားသည်။ (စိတ်) ဟိုရောက်သည်ရောက်သည်။ ပျံ့လွင့်သည်။ ရောက်ရာပေါက်ရာသွားသည်´ ၊ ‘inconstant’ `မတည်တံ့သော။ ဖေါက်လှဲဖေါက်ပြန်တတ်သော´၊ သို့မဟုတ် ‘uncertain’ `သံသယရှိ (သော)။ သေချာဂနစွာမသိ (သော)။ မသေချာ (သော)။ မပြောတတ်သော။ မရေရာသော။ အတတ်မပြောနိုင်သော။ စိတ်မချရသော။ စမ်းတ၀ါးဝါးပြု (သော)။ မရှင်းလင်းသော။ မပြတ် သားသော။ ချီတုံချတုံဖြစ်သော´ လို့ဆင့်ပွားအနက်တွေရပါတယ်။
တရားသေ/ပုံသေသတ်မှတ်ပြဋ္ဌာန်းချက်မရှိခြင်း။
ဝဒ်စ်ဝပ်သ်ရဲ့ I wandered lonely as a cloud ကို မြန်မာဘာသာပြန်ဆိုရင် `စိတ်ပျံ့လွင့်ရာ အထီးကျန်အဖေါ်မဲ့စွာ တိမ်တစ်ဆုပ်ပမာ ငါ ´သို့မဟုတ် `အထီးကျန်အဖေါ်မဲ့စွာ တိမ်တစ်ဆုပ်ပမာ ငါ ဟိုဒီလှည့်လည်ရောက်ရာပေါက်ရာ လျှောက်သွား´။
မိုးတိမ်ဟာ သဘာဝလောက ကနေယူသုံးလေ့သုံးထရှိတဲ့ ––– ခြင်းရဲ့ ရူပကအလင်္ကာ။
အမှတ်ရမှုရဲ့ ––– ခြင်း။ ခံစားမှုရဲ့ ––– ခြင်း။
––– ခြင်းရဲ့ ရာဇ၀င်ဟာဘာများဖြစ်နိုင်မလဲ။
––– ခြင်းရဲ့ မတူကွဲပြားတဲ့ အတိုင်းအဆ ၊ အလွှာ ၊ အထပ် ၊ တန်ဘိုး ၊ ပမာဏ။
ည ၈း ၂၉ ဟာ သိပ် ––– တဲ့ ပုံမပေါ်ဘူး။ ––– ဖြစ်လာမယ့်ပုံလည်းမပေါ်ဘူး။
ကဗျာဟာ တိကျရမယ် ၊ မ ––– ရဘူးတဲ့။ ဘယ်လိုတိကျရမလဲ။ ဘယ်လိုမ ––– ရဘူးလဲ။
ကဗျာပုဒ်မှာ စကားလုံးကို မ ––– အောင်ဘယ်လို `တိတိကျကျ´သုံးသလဲ။
ပါရာတက်(က်) တစ်(က်) လိုင်းတွေဟာ ဟိုဒီလွင့်ပါးရောက်တတ်ရာရာလျှောက်သွားခြင်းလား။
မိမိနာမကျန်းဖြစ်တဲ့အခါ မိမိစတ်ဟာ ––– တယ်လို့ ဖရွိုက်ဖေါ်ပြခဲ့ဘူးတယ်။
မိမိခံစားရတဲ့ ––– ခြင်းကို မိမိနားလည်ဖို့ သတိဟာအရေးကြီးတယ်။
––– ခြင်းကို `ပမာ´လို့ပြောရင် `ပမာမဟုတ်´လို့လည်းပြောလို့ရတယ်။
တိတိကျကျပြောမရတာရှိသလို တိတိကျကျမပြောချင်တာလည်းရှိလို့။ ––– စွာ။
အခြားသူတစ်ယောက်ယောက်နားလည်ဖို့ မိမိဘ၀ကိုဘယ်လို `တိတိကျကျ´ ပုံဖေါ်ဖွင့်ဟပြရမလဲ။ မိမိဘ၀ (ယခု သိရှိစွာဖြတ်သန်း တွေ့ကြုံပြီးသမျှ) ကိုယ်တိုင်ဟာ `တိတိကျကျ´ကို ––– ဖြစ်လွန်လွန်းပါတယ်။
အဲလိယစ်တ်ရေးခဲ့တယ် –– `ငါဆိုလိုချင်တာကို ငါအတိအကျဘယ်လိုမှမပြောနိုင်ဘူး´။ ဒါဆိုပြောနိုင်တာဟာ ဆိုလိုချင်တာမဟုတ်ဘူး လား။ ဖီလာဆန့်ကျင်သလား။ မရိုးမသားလည်ဆည်တာလား။ တကယ်ဆိုလိုချင်တာနဲ့ ဆန့်ကျင်ပြီးပြောတာလား။ မိမိမဆိုလိုချင်တာကို မိမိပြောနိုင်မလား။ `အဲဒါဆိုလိုချင်တာ´လို့ပြောလိုက်ရင် ပြောလိုက်တာနဲ့ အဲဒီ `ဆိုလိုချင်တာ´ဟာပျောက်ကွယ်သွားသလား။ ကွေ့ ကောက်သွားသလား။
`တရားမျှတမှုဟာ လွတ်လပ်မှုကနေ စတင်ဖြစ်ပေါ်တာမဟုတ်ဘူး´ `. . . justice does not originate in freedom´ ––ဟော့က်ဟိုင် မာနဲ့ အဒေါနိုး။ `တိတိကျကျ´ သဘောပေါက်သွားသလား။ –––––– ဖြစ်သွားသလား။ နှစ်ခုစလုံးလား။ တစ်ဘက်ဘက်ပေါ်ဆုံးဖြတ် လိုက်မလား။
––––– မှုဟာ မတရားမှုလား။ (`ရှင်ကျွန်မကို တိတိကျကျပြောပါ။ ရှင်ဟာ ကဗျာဆရာ။ ရှင်စကားတတ်တိုင်းကျွန်မကို မလှည့်စားပါနဲ့။ ကျွန်မကို ရူးအောင်မလုပ်ပါနဲ့။ ကျွန်မဘယ်လိုမှ မခံနိုင်တော့လို့ပါရှင်ရယ်။ ကျွန်မကိုကျွန်မနားလည်တဲ့စကားနဲ့ တိတိကျကျပြောပြပါ။´)
––––– မှုကို ဘယ်လိုနားလည် ၊ လက်ခံ ၊ ခံယူ ၊ သဘောပေါက်ရမလဲ။ ကဗျာတစ်ခုလုံးဆုံးရှုံးစရာပေါ် မူတည်နေပြီဆိုတော့ကာ။
––––– မှုဟာ တကယ်တော့ အစစ်အမှန်ဖြစ်ပြီး `တိကျ´မှုဟာ အစစ်အမှန်ရဲ့ ပြောင်းပြန် ၊ တလွဲတချော်ပုံရိပ်ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုတာ လက်ခံနိုင်ဖို့ . . . . . ။
ဘ၀ဟာ ကဗျာမဟုတ်ပါဘူး။ `ဘ၀´ကိုဘယ်လို `တိတိကျကျ´၊ `ကဗျာ´ကိုဘယ်လို `တိတိကျကျ´။ “တိတိကျကျ´ဟာ `တိတိ ကျကျ´မဟုတ်ပါဘူး´ ကိုဘယ်လို `တိတိကျကျ´။
လာပါ။ `မိုးရွာပြီးစညနေခင်းလေး´မှာ လမ်းထွက်လျှောက်ကြရအောင်ပါ။
ဇေယျာလင်း
23 – July – 13
[Louis Armand တည်းဖြတ်တဲ့ Contemporary Poetics ထဲက Keston Sutherland ရဲ့ Vagueness, Poetry ဆောင်းပါးဖတ်ပြီး စကားအာရုံမုဆိုးလိုက်ခြင်း။]
Recent Comments