၂၀၁၄ ကမ္ဘာ့ကဗျာနေ.သို.

၂၀၁၄ ၊ ကမ္ဘာ့ကဗျာနေ့ သို့

မြန်မာကဗျာနဲ့ မြန်မာကဗျာလောကအတွက် မင်္ဂလာရှိတဲ့ ၂၀၁၄ ကမ္ဘာ့ကဗျာနေ့မှာ အခုလိုစကားနည်းနည်းပြောခွင့်ရတဲ့အ တွက် အများကြီးကျေးဇူးတင်ပါတယ်။ အရင်ဦးဆုံး ၊ မြန်မာကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ ၊ နှင့်တကွအခြား တာဝန်ရှိသူအားလုံး နဲ့အတူ ကဗျာညီအကိုတွေနဲ့ ဧည့်ပရိသတ်တို့ပါကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဒီစာဟာ စာတမ်းမဟုတ်သလို လုပ်ငန်းလမ်းညွှန်လည်းမဟုတ်ပါဘူး။ ကျွန်တော့် ၂၀၁၂ – ၂၀၁၃ နိုင်ငံတကာ ကဗျာပွဲတော် တွေတက်ရောက်ခွင့်ရခဲ့တဲ့အတွေ့အကြုံတွေထဲက တွေးမိတွေးရာလေးကို ဖေါက်သည်ချတဲ့ သဘောလောက်ပဲဖြစ်ပါတယ်။ အံ့ဩစရာ တွေပါမှာမဟုတ်သလို ထိတ်လန့်တုန်လှုပ်စရာတွေလည်းပါမှာမဟုတ်ပါဘူး။

ကဗျာဟာ ကမ္ဘာကြီးကို တိုက်ရိုက်မပြောင်းလဲနိုင်ပေမယ့် ကမ္ဘာကြီးရဲ့အလှည့်အပြောင်းတွေဟာ သိမှုအလှည့်အပြောင်းတွေနဲ့ အတူကဗျာမှာလည်း အလှည့်အပြောင်းတွေဖြစ်လာတယ်ဆိုတာ ကဗျာဆရာတွေသိပြီးသားဖြစ်ပါတယ်။ ဘာတွေဘယ်လိုပဲလှည့်ပြောင်း စေဦးတော့ ကဗျာဆရာအတွက် မပြောင်းလဲတဲ့ မေးခွန်းတွေကတော့ရှိစမြဲပါပဲ။ အဲဒီမေးခွန်းတွေထဲမှာ ပါဝင်တာအချို့ထုတ်ပြရရင်(တစ်) ဘာလို့ကဗျာရေးတာလဲ ၊(နှစ်) ကဗျာကိုဘယ်လိုရေးသလဲ ၊ (သုံး) ကဗျာဆရာ- ကဗျာ- ကဗျာဖတ်ပရိသတ်ဆိုတဲ့ဆက်သွယ်မှုကွန်ယက် ကို ဘယ်လိုချဲ့ထွင်မလဲ။ ဒီမေးခွန်းတွေကို ကာယကံရှင်ကိုယ်တိုင်ကပဲချဉ်းကပ်ဖြေရှင်းရမှာလည်းဖြစ်ပါတယ်။ ဘယ်ဒေသန္တရဂိုဏ်းဂဏ ပဲဖြစ်စေ ၊ အယူဝါဒဂိုဏ်းဂဏပဲဖြစ်စေ ၊ ကဗျာဗေဒဂိုဏ်းဂဏပဲဖြစ်စေ ၊ နောက်ဆုံးသူများတွေနဲ့မတူချင်လွန်းတဲ့ ဂိုဏ်းဂဏစွဲ ဂိုဏ်းဂဏ ပဲဖြစ်စေ ၊ ဘယ်ဂိုဏ်းဂဏကမှ ကာယကံရှင်ကဗျာဆရာကိုလွှမ်မိုးချုပ်ကိုင်ပြီး သူ့ကလောင်လက်ကို မောင်းနှင်လို့မရပါဘူး။

Continue reading

လောကအမြင်နဲ့ ကမ္ဘာ

( ဒီဇင်ဘာကဗျာပွဲ အတွက် ဆရာဇေယျာလင်းမှ ချီးမြှင့်ပေးပို့သော စာတမ်း)
22 December 2013 at 19:36

`လောကအမြင်´ဆိုတာ စကားလုံးကြီးပေမယ့် အနက်အဓိပ္ပါယ်တွေထုတ်ယူရရင် လူတစ်ယောက်ရဲ့ ပုဂ္ဂလဘ၀ subjectivity ရဲ့ အချုပ် ဖြစ်ပါတယ်။ အဇျတ္တဘ၀လို့လည်းခေါ်လို့ရမယ်ထင်ပါတယ်။ ဒီပုဂ္ဂလ/အဇျတ္တဘ၀ထဲမှာ ပါဝင်ဖွဲ့စည်းပြီး အပြန်အလှန်ဆက် နွယ်ဆက်သွယ်နေတာတွေကတော့ သင်ယူမှုသညာအစုအဝေး knowledge ၊ အမှတ်သညာအစုအဝေး memory ၊ မိမိဘယ်သူဘယ်ဝါ သတ်မှတ်ချက် self – identity ၊ မိမိကိုယ်မိမိ အသိုင်းအ၀ိုင်း/ (လူ့) အဖွဲ့အစည်းတစ်ခုခုအတွင်းထားရှိနေရာယူမှု self – positioning ၊ မိမိရဲ့ယုံကြည်မှု အစုအဝေး beliefs ၊မိမိရဲ့အမူအကျင့် အစုအဝေး habits ၊မိမိရဲ့အစွဲအလန်းတွေ prejudices၊ မိမိရဲ့အကြောက်တရား တွေ fears ၊ မိမိရဲ့ဆင်ခြင်သုံးသပ်စဉ်းစားတွေးခေါ်ပုံ cognition စသည်ဖြင့် အကုန်လုံးအကျုံးဝင်နေကြပြီး အဲဒါတွေဟာ မိမိရဲ့နေ့စဉ် ဘ၀ကို ပြာဋ္ဌာန်းသလို မိမိရဲ့ လောကချင်းရာအဖြစ်အပျက်တွေပေါ်အမြင်နဲ့ တုန့်ပြန်မှုတို့ကိုလည်းကြိုးကိုင်ပါတယ်။ အဲဒီ Complex ဖြစ်တဲ့ အစုအဝေးကြီးတွေဟာ တစ်ခုနဲ့ တစ်ခု Jigsaw puzzle လိုအံကိုက်ချိတ်ဆက်ပြီး ပုံဖေါ်နေတာမျိုးမဟုတ်ပဲ ချိတ်လိုက်လွဲလိုက်နဲ့ flux လှုပ်ရွေ့နေကြတာဖြစ်ပါတယ်။ အဲ flux ဖြစ်နေတဲ့ ပုဂ္ဂလ/အဇျတ္တဘ၀ကြီးကိုပဲ `လောကအမြင်´လို့ `ချုပ်´ပြီးပြောကြည့်တာဖြစ် ပါတယ်။

Continue reading

ကြိုတင်သတိပေးချက် – မောင်နေမြဲ ၏ ပုန်းရည်ကြီးမစ်ရှိတ် အမှာစာ

ပုန်းရည်ကြီးနဲ့ မစ်ရှိတ်ကို တစ်ခုပြီးမှတစ်ခုဖြစ်စေ ၊ တစ်ပြိုင်နက်ဖြစ်စေ ၊ တွဲသောက်ရတာ မကြိုက်ရင် ဒါကိုမဖတ်နဲ့။

`ပုန်းရည်ကြီး´နဲ့ `မစ်ရှိတ်´ဟာ စကားလုံးတောင်တွဲမရဘူးဆိုရင် ဒါကိုမဖတ်နဲ့။

မောင်နေမြဲကို (ချိုပိန်းနောင်နဲ့ တွဲတွဲ ၊ မတွဲတွဲ) ဘာကြောင့်ပဲဖြစ်စေကြည့်မရရင်ဒါကိုမဖတ်နဲ့။

မိမိကို မိမိဘာကဗျာအမျိုးအစားဆရာလို့ နေရာအပီယူထားရင် ဒါကိုမဖတ်နဲ့။

မြန်မာ့ထုံးတမ်းစဉ်လာကဗျာကောင်းကဗျာခန့် ကဗျာစစ်ကဗျာသန့်တွေမှ ကြိုက်ရင် ဒါကိုမဖတ်နဲ့။

ခေတ်ပေါ်ကဗျာကိုမှ ကဗျာထင်ရင် ဒါကိုမဖတ်နဲ့။

ခံစားချက်နဲ့ စပြီး ခံစားချက်နဲ့ပြီးချင်သပဆိုရင် ဒါကိုမဖတ်နဲ့။

ကဗျာဟာတိကျတဲ့ အကြောင်းအရာတစ်ခုကို ဖတ်သူနားလည်အောင်ပြောနေတာဆိုရင် ဒါကိုမဖတ်နဲ့။
Continue reading

‘Bones Will Crow’ ကဗျာစာအုပ်မိတ်ဆက်ပွဲ

၂၀၁၂ ၊ ဩဂုတ်လ ၁၉ရက်နေ့ ၊ New Zero Art Space မှာ ညနေ ၄း၁၅ ကနေ ၆း၀၀ အထိ ‘Bones Will Crow: 15 Contemporary Burmese Poets’ မြန်မာ – အင်္ဂလိပ်ကဗျာစာအုပ်မိတ်ဆက်ပွဲလေးကျင်းပခဲ့ပါတယ်။ ကဗျာစာအုပ်ပါ ကဗျာဆရာ/ ဆရာမတွေနဲ့ နီးစပ်ရာသာ ဖိတ်လိုက်တဲ့အတွက် ပရိသတ် ၃၀ လောက်နဲ့ အကျဉ်းရုံးကျင်းပသွားခဲ့တဲ့ပွဲလေးဖြစ်ပါတယ်။

Bones Will Crow Poetry Book

Continue reading

Yan Jun ယန်ကျွံ့ © Qiao Qiao

တရုတ်ခေတ်ပြိုင်ကဗျာဆရာ ယန်ကျွံ့ Yan Jun

၁၉၇၃ ခုနှစ်ဖွား ယန်ကျွံ့ Yan Jun ဟာ ကဗျာဆရာလည်းဖြစ်၊ ဂီတပညာရှင်လည်းဖြစ်ပါတယ်။ တရုတ်ပြည်အနောက်မြောက် ပိုင်းက လန်ကျိုမှာ မွေးဖွားခဲ့ပါတယ်။ လန်ကျိုတက္ကသိုလ်မှာပဲ တရုတ်စာပေအနုပညာဘာသာရပ်ကို လေ့လာခဲ့ပါတယ်။ ၁၉၉၉မှာ ပေကျင်းကို မပြောင်းခင်အထိ အယ်ဒီတာ အလုပ်လုပ်ခဲ့ပါတယ်။

သူဟာ များသောအားဖြင့် diary poems ဒိုင်ယာရီကဗျာတွေရေးတာ များပါတယ်။ သူ့ကဗျာတော်တော်များများဟာ နေ့စွဲတပ်ထားတဲ့ နေ့စဉ်မှတ်တမ်းကဗျာ အမျိုးအစားဖြစ်ပါတယ်။ သူ့ကဗျာတွေဟာ ဖျတ်လတ်ပြီး နိမိတ်ပုံတစ်ခုပြီးတစ်ခု ရုတ်ချည်းပြောင်းတာ တွေ့ရပါတယ်။ သူ့ကဗျာတွေမှာ ထပ်ကြော့တွေလည်းပါရှိပါတယ်။ `ရပိုင်ခွင့်/ လုပ်ပိုင်ခွင့် တရားဝင်ကြေညာစာတမ်းဆွန္နက်´ ကဗျာမှာ ဆိုရင် လိုင်းတိုင်းမှာ I demand `ကျွန်ုပ်တောင်းဆိုတယ်´ ကို ထပ်ကြော့သုံးထားပါတယ်။ အဲဒီကဗျာထဲမှာပဲ တရုတ်ပြည်ရဲ့ အင်တာ နက်ဆင်ဆာကို ထေ့ထားပါတယ်။ တရုတ်ပြည်မှာ အင်တာနက်မှာ သုံးစွဲခွင့် ပိတ်ပင်ထားတဲ့စကားလုံးတွေ စာရင်းလိုက်ရှိပါတယ်။ `ချုပ်နှောင်ခံထားရတဲ့ စကားလုံးတွေ´လို့ သုံးထားတာ တွေ့ရပါတယ်။
Continue reading