ဒီအချိန်ကာလအတွင်း အချိန်ရဲ့ ပုံတူ

အချိန်ဟာ ရှေ့နည်းနည်းသွားလိုက် စက်ဝိုင်းလို နောက်ပြန်လိုက်နဲ့။ ရှေ့ကလေးနည်းနည်းလေးထပ်တိုးလိုက် ပိုကြီးတဲ့စက်ဝိုင်းပြန်ဖြစ်သွားလိုက်ပဲဖြစ်နေတယ်။ အချိန်ကာလကို အဲသလိုသရုပ်ဖော်တာ ဘယ်လိုစိတ်မျိုးနဲ့လဲဆိုတာဟာလည်း ပြောရခက်ပါတယ်။ ဒေါသ ပြင်းပြင်းထန်ထန်ထွက်ရမှု၊ စိတ်ပျက်အားငယ်ရမှု၊ မျှော်လင့်ချက်ဆိုတာထက် ယုံကြည်မှုတစ်ခုနဲ့ စိတ်ဓာတ်တက်ကြွမှုတို့ဟာ နာကျင်ကြေကွဲမှုတွေနဲ့ ရောထွေးလို့ နေကုန်တယ်။ တစ်ခုထဲ အခြားတစ်ခုတွေ ရောက်ရှိရောယှက်လို့ နေကြတယ်။ ဒါတောင် ခေါင်းပေါ်က လေယာဉ်ပျံသံတွေ ကြားရသေးတာ မဟုတ်သေးဘူး။ လက်နက်ကြီးတွေရဲ့ နားကွဲလုမတတ် ပစ်ခတ်ခံရတာတွေမဟုတ်သေးဘူး။ စစ်မဖြစ်သေးပါဘူး။ စစ်မဖြစ်သေးပါဘူးလို့ ချော့လျှော့တွေးဖို့ ကြိုးစားပေမယ့်လည်း စစ်ဟာဖြစ်လို့နေပါပြီ။ ခေါင်းပေါ် လေယာဉ်တွေပျံသွားတာ ကြားပြီးပြီးချင်း အဆင့်ဆင့် ပေါက်ကွဲသံကြီးတွေနဲ့အတူ မီးခိုးလုံးကြီးတွေ လှမ်းမြင်ရတော့တာပဲ။ ပြီး နားအူကျန်ခဲ့တဲ့ ပေါက်ကွဲသံကြီးတွေ။ အချိန်ဟာ ထခုန်ပြီး နောက်ကြောင်း လည်သွားတာ စက်ဝိုင်းမပြည့်မချင်း။ တိုးထားတဲ့ ရှေ့ကလေးဟာ ရှေ့ထပ်တိုးသွားသလား၊ စက်ဝိုင်းရဲ့အနားသပ်အောက် မြုပ်ပြီးပျောက်ကွယ်သွားသလား။ ဒါဟာ နေ့စဉ်တွေ့ကြုံခံစားမှုပဲ ဖြစ်နေခဲ့တယ်။ ကံကောင်းတယ်ပဲ ပြောရမလား၊ အဆိုးထဲက အကောင်းမြင်ပဲလား၊ အချိန်ဟာ ရှေ့တိုးဖို့ခက်သလောက် နောက်ပြန်လည်တဲ့ စက်ဝိုင်းတွေဟာ တစ်ခုပေါ်တစ်ခု ကြောင်လိမ်လှေကားအဖြစ် တစ်ရစ်ပြီးတစ်ရစ် မြင့်တက်လို့သာ လာနေချေတော့တယ်။

ဇယလ
၁၈ ဧပြီ၊ ဏာသိမ်း ‘၂၁

အမှတ်ရမှုများ မပျောက်ဆုံးသွားကြပါစေနှင့်

The Memory Police - Yoko Ogawa
The Memory Police – Yoko Ogawa

ကျွန်းကလေးတစ်ကျွန်းမှာ ညတွင်းချင်းပဲ အရာဝတ္ထုတွေ ပျောက်ဆုံးသွားကြတယ်။ စစချင်းတော့ အသေးအဖွဲပစ္စည်းလေးတွေ၊ ဦးထုပ်တို့၊ဖဲကြိုးတို့ပေါ့လေ။ ပြီး၊ ငှက်တွေ၊ နှင်းဆီပွင့်တွေ၊ သစ်သီးဝလံတွေ။

အရာဝတ္ထုတစ်ခုခု ပျောက်ဆုံးသွားခြင်းဟာ အဆိုပါအရာဝတ္ထုကို အမှတ်ရနေမှုပါ တဖြေးဖြေး ပျောက်ဆုံးသွားခြင်းပဲဖြစ်တယ်။

မကြာခင်မှာပဲ လူတွေရဲ့မှတ်ဉာဏ်မှာ ပျောက်ဆုံးသွားတာတွေကို အမှတ်ရနေခြင်းတွေပါ ပျောက်ဆုံးသွားတတ်ကြတယ်လေ။ ဓာတ်ပုံတွေ၊ ပြက္ခဒိန်တွေ၊ မြေပုံတွေ၊ လှေတွေပါ ပျောက်ဆုံးသွားကြပြီးတဲ့အခါ ကျွန်းသားတွေဟာ ဘယ်ကာလ ဘယ်ဒေသထဲ သူတို့ရှိနေကြတာဆိုတဲ့ အသိပါ ပျောက်ဆုံးသွားကြမယ်။

အဲသလို ပျောက်ဆုံးသွားကြဖို့ ရက်စက်ကြမ်းကြုတ်တဲ မှတ်ဉာဏ်ချေဖျက်ရေးရဲတွေဟာ ကျွန်းကို ပိုက်စိပ်တိုက်ရှာဖွေတယ်။ လူတွေရဲ့အိမ်တွေထဲ အဓမ္မဝင်ရောက်ကြပြီး ပျောက်ဆုံးသွားတဲ့အရာတွေကို တွဲဆက်အမှတ်ရမိနေစေမယ့် ဘယ်အရာဝတ္ထုကိုမဆို သိမ်းယူသွားကြတယ်။

အမှတ်ရမှုတွေ ရှိနေကြသေးတဲ့ လက်တစ်ဆုပ်စာ လူတစ်စုဟာ အဖမ်းအဆီး မခံကြရအောင်၊ ကိုယ်တိုင်မပျောက်ဆုံးသွားကြရအောင် ထွက်ပြေးတိမ်းရှောင်သွားရတယ်။

Continue reading

ညစာစားပွဲတစ်ခုရဲ့ ပုံတူ

ဘိုနာပတိပါ သေနာပတိရေ

ပရိဒေဝအသားစုံဟင်းလျာ
သွေးထွက်သံယို ဟင်းခတ်အမွှေးအကြိုင် အဆာပလာ
ရုန့်ရင်းရက်စက်ချက်ပြုတ်နည်းနဲ့
သားသမီးအရွယ် ရသာအဖွယ်ဖွယ်နဲ့
ဧည့်သည်ဗိုလ်ပါတို့ ခြံရံလို့
ညစာစားပွဲကြီးလို
လူသတ်ပွဲကြီး တည်ခင်းလို့

မြိန်ရေရှက်ရေ သုံးဆောင်လိုက်ပါလေ

ပတ္တမြားရောင်သွေးကို ဖန်ခွက်ထဲငှည့်လို့
ဧည့်ပရိသတ်ကြီးထံ နတ်မင်းကြီးဟန်နဲ့
သင့်ကိုသင် ပင့်မြှောက်ဂုဏ်ပြုလိုက်ပါလေ
သေစာရင်းတိုးမြှင့် စားပိုးနင့်လို့
ပြစ်ဒဏ်ထမ်းပိုး တိုးဆင့်ခဲ့ပြီလေ

မြိန်ရေရှက်ရေ သုံးဆောင်လိုက်ပါလေ
Continue reading

စကားစမြည်

The Chat

ဒီကိစ္စကြီး ဘယ်တော့ပြီးသွားတော့မှာလဲ တစ်ယောက်ကမေးတယ်။ ဘယ်ကိစ္စလဲလို့ နောက်တစ်ယောက်ကပြန်မေးတယ်။ အခုကိစ္စလေ၊ တွင်းထဲကျနေရသလို အဆုံးသတ်မမြင်ရတဲ့ လှိုဏ်ခေါင်းရှည်ကြီးထဲ ရောက်နေတာ။ ဒီအတိုင်းနေရုံပေါ့ လို့ ဒုတိယတစ်ယောက်ကပြန်ဖြေတယ်။ ဟာ၊ ဒီအတိုင်းနေလို့ကောရမလား၊ တစ်ခုခုတော့လုပ်ရမှာပေါ့။ မအောင်မြင်လည်းကြိုးပမ်းရမှာပေါ့၊။ လူ့ဘဝ လူ့သမိုင်းကြီးဟာ ဒီအတိုင်းမဟုတ်ပဲ လူတွေရဲ့စိတ်ကူးအိပ်မက်တွေ၊ အတတ်ပညာတွေ၊ ယုံကြည်မှုတွေ၊ လက်တွေ့ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ဖွံဖြိုးတိုးတက်လာတာမဟုတ်ဘူးလား။ ပထမတစ်ယောက်က အဲသလိုမေးလိုက်တော့ ဒုတိယလူကပြန်ဖြေတယ်၊ အင်း၊ အဲဒါတွေကြောင့်ပေါ့။ ဘာအဲဒါတွေကြောင့်လဲလို့ ပထမတစ်ယောက်ကမေးတယ်။ ဒုတိယတစ်ယောက်က နံရံကြမ်းကြမ်းကြီးကို နဖူးနဲ့ပွတ်ပြီး သက်ပြင်းချလိုက်တယ်။ အခုဒီကိုရောက်နေတာပဲပေါ့။

ဇယလ
၁၀ စက် ကိုဗစ်၂၀

ကျူပင်

ထုတ်ချင်းပေါက်ဝင်သွားတဲ့ ခန္ဓာကွေးကွေးလေးကို ကလေးဟုခေါ်ရန်။ ကြောက်ရွံ့မှုထက်စိုးရိမ်ပူပန်မှုနဲ့ပိတ်မှာမဟုတ်တော့တဲ့မျက်လုံးဟာမိခင်ပေါ့။ ကောင်းကင်တွေကြားမီးခိုးငွေ့တွေကိုနားမလည်တဲ့မေးခွန်းလိုမကျွတ်မလွတ်တဲ့အထိကြည့်လို့။ ရပ်ရွာစွန့်ပြေးခြင်းကို စစ်ဘေးရှောင် ဟုသုံးစွဲရန်။ ဖြစ်နိုင်ရင် စစ် ဆိုတဲ့အသုံးအနှုန်းကိုဖျောက်ထားရန်။ ရန်သူကိုနှိမ်နင်းရန်။ ရန်ကိုရန်ရန်။ မကြာခင်ဆူပွက်လာတော့မယ့်ထမင်းအိုး။ မကြာခင်ဆူပွက်လာတော့မယ့်။ ရွာကိုမီးအကြောင်းသွန်သင်ခြင်း။ ဗျူဟာဆိုတာပလာနတ္ထိဖြစ်စေဖို့။ တစ်ခဏဟာတစ်ဘဝလုံးကုန်ဆုံးတဲ့အထိလောင်မြိုက်။ တစ်နေ့မဟုတ်တစ်နေ့ တစ်နေရာမဟုတ်တစ်နေရာ တစ်ရွာတစ်ပုဒ်မဆန်း။ သေးဝေးနီးမြန် ဆီးပန်းနီဆရာတော် — သေးရင်ဝေးရင် နီးရင်မြန်ရင် မမြင်ရဘူး။ မရှင်ရဘူး။ ဒရိုးန်နဲ့ရှင်းလည်း ရိုင်းစိုင်းတဲ့လောက။ ပြာပုံအောက်မှာမီးခဲ။ ဘယ်ခြေချပြီးညာခြေမြှင့် ညာခြေချပြီးဘယ်ခြေမြှင့် အလျင်နဲ့ပေါင်းစပ်ရင် ပြေးသည် ကြိယာ ပြေးခြင်း နာမ် အသက်လု၍ပြေးရသည် ဝါကျ။ ရှူခြင်းမှာမကွဲပြား ရှင်ခြင်းမှာလင်္ကာမလှ သင်္ခါရကိုရခြင်းမလွတ်။ ပြာတွေ့ရင်ရွာရွေ့မယ်။ တစ်ပင်ရဖို့ တစ်တောလုံးခုတ်ထွင်။ မီးကျွမ်းငုတ်တိုင်တွေမှာ ထွင်းသွားတဲ့ ကျည်အက္ခရာစဉ်။

ဇယလ
၉ စက် ကိုဗစ်၂၀