ကိုယ့်ကြောင်လေးကို ကိုယ်ပြောတာ

နောက်ဆုံးအကြိမ်တုန်းက ကိုယ့်မှာ
ပြဒါးမျက်ရှင်တစ်လုံးရယ်၊ ကြွက်မြီးပြတ်
တစ်ချောင်းရယ်၊ လူဟာဘာသာစကားထဲ
နေထိုင်တယ်ရယ် ရှိဘူးတယ်။ ဟပြီးပြန်
မပိတ်တော့တဲ့ ပါးစပ်ဟာ
ကိုယ့်စည်းထားတဲ့ ဆံပင်ပေါ့။ နောက်ဆုံးအကြိမ်
တုန်းက ကိုယ်ဟာ ဘာသာစကားထဲက
ကွက်လပ်တွေ ဖြစ်နေခဲ့တယ်။ ဖွဲ့စဉ်ထုံးဟာ
ရှေးရိုးနည်းနဲ့ ရှေ့တိုးအနိုင်ပိုင်းခဲ့ကြတယ်။
အခုတော့ နံရံတွေဟာ နိမ့်ဆင်းလာသလို
ဖုန်တွေဟာ မြင့်တက်လာခဲ့တယ်။

ဒီညဟာ စင်ရဲ့ခြေထောက်တွေကို စားတဲ့ပိုးပဲ။
ရောက်ဘူးခဲ့ပါပြီလေ အဲဒီတောအုပ်ထဲက
မမြင်ဘူးတဲ့ ဆက်သွယ်မှုတွေ၊ ရေမည်းထဲက
ပွင့်အာလာနေတဲ့ ဂယက်လှုပ်ခတ် ပူစီဖောင်းတွေ။
အဲဒီမှာ မြေလို့ထင်ရတဲ့ လေပေါ် ရေလိုသေဝပ်စွာ
ကိုယ်ဒူးထောက်ချလိုက်တယ်။ မော်ကွန်းထိုး
မလောက်တဲ့ မလွတ်လပ်စိတ်တွေကြား။
ကိုယ်ခန္ဓာမရှိတဲ့ ခေါင်းပြတ်ကြီးဟာ
အရပ်ရှစ်ခွင်မှာ တံတွေးပူတွေ ထွေးသွားတယ်။
ကိုယ်မသိတဲ့မီးဟာ
ကိုယ့်ထဲ ရှဲကနဲ ထတောက်သွားခဲ့တယ်။

ဒီည၊ တအိုးဝေတည်း အိုအိုးဝေနေတဲ့ ဥဩ
အော်မြည်နေတဲ့ည၊ ဘာကြောင့် သန်းကောင်ယံ
နီးခါမှ တွန်နေရသလဲ ဥဩရယ်၊မှာ
ကိုယ့်ခနော်နီတွေ လပေါ်သရေပေါ်ဆင့်ပြီး
ထိပ်ဆုံးပေါ်တက်ရပ်ဖို့၊ ကိုယ်တက်နိုင်သမျှ
ထိပ်ဆုံးပေါ်တက်ရပ်ဖို့၊ အဲဒီဥဩသံဟာ ကိုယ်ဖြစ်လို့
ကိုယ်မြင်နေတဲ့အလင်းတွေဟာ
ကိုယ့်ဆံချည်မျှင်တွေက၊ အလို!၊ ထွက်နေကြတာလား။
Continue reading

ကဗျာအကြာင်း ပြောပါတယ် (၄၄)

ရုပ်သက်ကို နာမ်ဓာတ်ကပ်မှ
အသက်ဆိုတာ ဖြစ်ရတယ်။

ကဗျာမှာလည်း အဲသလိုပဲ။

“ရုပ်” ၊ “သက်”၊ “နာမ်” ၊ “ဓာတ်”၊ “ကပ်”၊ “အသက်”…
စကားလုံးတွေပါ။ စကားလုံးမကတွေပါ။

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

ဇယလ
၁၉ ဖေ ‘၁၈

ကဗျာအကြောင်း ပြောပါတယ် (၄၃)

ဆရာဇော်ဂျီရဲ့ ဖန်ပြာခွက်နဲ့ေ ကျာက်စက်ရေဆိုတဲ့ ပုံသဏ္ဍာန်နဲ့ အကြောင်းအရာကို တင်စားပြောတာဟာ ဒီနေ့မှာ မမှန်တော့ဘူးလို့ ထင်ပါတယ်။
ဖန်ပြာခွက်ဆိုတဲ့ ခွက်ဥပမာဟာ ပုံသေဆန်ပါတယ်။
ခွက်ရှိနေရင် ဘာထည့်ထည့်ပေါ့။

လေးလုံးစပ်လို ပုံသေပုံစံဆိုရင်တော့ ဒီဥပမာနဲ့ ကိုက်ကောင်းကိုက်ပါလိမ့်မယ်။ လေးလုံးစပ်ဆိုတဲ့ ပုံသေထဲ အကြောင်းအရာ လိုက်ရေးရုံပဲ။ လေးလုံးစပ်ပုံစံထဲဝင်အောင် အကြောင်းအရာကို
ကာရန်နဲ့ ညှိယူရုံပဲ။

ရေတံခွန်အောက်မှာ ဖန်ပြာခွက်လေး ကွဲခဲ့လေရော့သလား။

မော်ဒန်/ခေတ်ပေါ်ရဲ့ အရှိန်/အဟုန်လိုင်းတွေကို လေးလုံးတစ်ကြောင်းနဲ့ မချုပ်နိုင်တော့ဘူး။ တဟုန်ထိုးလာနေတာကို ၄-၃-၂ က မနိုင်တော့ဘူး။ အကြောင်းအရာ ချဲ့လိုက်ရင် ပုံသဏ္ဍာန်ဟာ ပြောင်းရတာပါပဲ။ ပြီး၊ ၄-၃-၂ နဲ့ စကားပြောရစ်သမ်။ ၄ ပြီး ၃ ပြီး ၂ မဟုတ်တော့ဘူး။
၎ မဟုတ်ပဲ ၇ လည်းဖြစ်နိုင်တယ် (ဝဏ္ဏ ၇ လုံး)။
ဒုတိယလိုင်းဟာ ၁၀ ဝဏ္ဏ ဖြစ်နိုင်တယ်၊ ကာရန်မချိတ်။
Continue reading

၂၀၁၈၊ ဗယ်လင်န်တိုင်းန်နေ့

ဘာမဆိုဖြစ်နိုင်တဲ့ အဲဒီကောင်းကင်ကြီးဟာ
အိတ်ကပ်တွေအများကြီးရှိတဲ့ အင်္ကျီကြီးကို
ဝတ်ဆင်ထားတုန်းပဲ

ဆောင်ခဲ့တဲ့၊ ဆောင်ဦးမယ့်၊ မင်္ဂလာတွေဟာ
တိမ်တောက်တုန်း မရုန်းနိုင်တဲ့
အဆုံးမဲ့ဆည်းဈာတွေ

ကိုယ်ခန္ဒာတွေဟာ မြုံထားတဲ့စိတ်တွေထဲ
ပြန်တွေ့ကြရနိုး
မနိုးတဲ့အိပ်မက်တွေထဲ
နိုးပြီး ဆက်အိပ်မြဲအိပ်နေကြရသလား

သဲနာရီတစ်လုံးပေါ့
ပြောင်းပြန်လှန်လိုက်တော့

အလိုပြည့်မှုတွေဟာ အလိုမပြည့်မှုတွေနဲ့
သူ့ထက်ငါဦး စူးစူးဝါးဝါး
လုပြေးဆင်းကြတယ်
Continue reading

ညနေအကုန် ညမစုန်မီ သီရရီ

တစ်နေ့လုံး စုတ်ပြဲခဲ့တာကို
စိတ်ချလက်ချ အိပ်တန်းမတက်ခင်
နေအဝင်ကျီးတွေ
ပြန်ချုပ်လို့ ရနိုင်မတဲ့လား

မနက်ဖန်အတွက် အဖိုးအခ
ကြိုတင်ပေးထားပြီးသားကို
ညက ဈေးလာဆစ်နေသလို

အဲဒီကို ကိုယ်စာမပြန်နိုင်သေးဘူး
အဲဒီ ဖြတ်မောင်းသွားတဲ့ မီးသတ်ကားသံ
သတ်စရာမီးနဲ့တွေ့ပြီး သတ်နိုင်ပါစေ

ကျီးသည်းလေးထပ်ဆရာတော်ထံ
ပို့သသောမီးတွေ ပွင့်ချပ်တဝင်းဝင်း
ရနံ့ကြိုင်တသင်းသင်း
Continue reading