Zeyar Lynn - Poetry Parnassus

လန်ဒန်ပါနက်ဆပ်စ် ကဗျာပွဲတော်ပြန် ဆရာဇေယျာလင်းနဲ့ အင်တာဗျူး

မေး 1 လန်ဒန်ပါနက်ဆပ်စ်ကဗျာပွဲတော်ကို ဆရာတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီပွဲတော်အကြောင်း အရင်ပြောပြပါဦး ဆရာ။

ဖြေ။ ဒီလန်ဒန်ပါနက်ဆပ်စ်ကဗျာပွဲတော်ကတော့ Poetry Parnassus ဖြစ်ပါတယ်။ ယူကေမှာ စီစဉ်ကျင်းပတဲ့ ကဗျာပွဲတော်တွေထဲမှာ ဒီပွဲတော်ဟာ အကြီးမားဆုံးနဲ့ အထူးခြားဆုံးဖြစ်ပါတယ်။ ကဗျာပွဲတော်ဆိုပေမယ့် ကဗျာဆရာ ၊ ဆရာမတွေတင်မဟုတ်ပဲ နိုင်ငံတကာက ထိပ်တန်းပွဲတော်ကျင်းပရေးဒါရိုက်တာတွေ ၊ အနုပညာ အစီအစဉ်ပြုလုပ်တင်ဆက်သူတွေ ၊ ဘာသာပြန် ဆရာ/ဆရာမတွေ ၊ စာပေအနုပညာရပ်ဆိုင်ရာ ပညာရှင်တွေ ၊ အသိပညာရှင်တွေ ၊ အသိပညာဗဟုသုတဖြန့်ဖြူးသူတွေ ၊ စာအုပ်ထုတ်ဝေသူတွေ ၊ စာအုပ်တိုက်ပိုင်ရှင်တွေနဲ့ အယ်ဒီတာတွေလည်းတက်ရောက်ကြတဲ့ပွဲတော်ဖြစ်ပါတယ်။ ဘာကြောင့် အထူးခြားဆုံးလည်းဆိုတော့ ကမ္ဘာမှာ အိုလံပစ်အားကစားပွဲတော်ဆင်နွှဲခဲ့တာကြာပြီဖြစ်ပေမယ့် ကဗျာပွဲတော်နှင့်တွဲချိတ်တာ ကမ္ဘာမှာ ဒါဟာ ပထမဆုံးပါပဲ။ နောက်ဆုံးလည်းဖြစ်သွားနိုင်တယ်လို့ဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီနှစ်လန်ဒန် အိုလံပစ်ပွဲတော်ပြီးသွားလို့ နောက်ကျင်းပတဲ့ နိုင်ငံတွေဟာ အခုလို ကဗျာပွဲတော်ပါ ပူးတွဲကျင်းပချင်မှ ကျင်းပကြမှာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ နာမည်ကို အကြံပေးတာကတော့ ဗြိတိသျှရှေ့တန်းကဗျာဆရာတစ်ဦးဖြစ်သူဆိုင်မွန်အာမီတေ့ဂ်ျ Simon Armitage ဖြစ်ပါတယ်။ ဒီပွဲတော်ကျင်းပမယ့် Southbank Centre မှာသူဟာ poet – in – residence ဧည့်ကဗျာဆရာအဖြစ်ရောက်ရှိ နေထိုင်တုန်း ဒီကဗျာပွဲတော်ကြီးကျင်းပဖို့ ဗြိတိသျှကောင်စီနဲ့ ဗြိတိသျှအနုပညာရပ်များကောင်စီကို အကြံပြုပါတယ်။ အဲဒီ အကြံကို လက်ခံအတည်ပြုလိုက်တော့ သူတောင်အံ့ဩသွားရတယ်လို့ပြောပါတယ်။ ဒီပွဲတော်ကို ပါနက်ဆပ်စ်လို့ ခေါ်ရခြင်း အကြောင်းဟာ ဂရိဒဏ္ဍာရီမှာ ပါနက်ဆပ်စ်ဟာ ကဗျာနတ်ဖြစ်တဲ့ အပိုလို Apollo နဲ့ ကဗျာဈာန်ဝင်စားဖို့ မြူဆနတ်သမီး Muse တွေနေထိုင်တဲ့ တောင်ရဲ့ အမည်ဖြစ်ပါတယ်။ `ကဗျာနတ်ရဲ့ တောင်ပေါ်ပွဲတော်´ပေါ့ဗျာ။ အိုလံပစ်အဖွဲ့ဝင်နိုင်ငံတွေဆီက ကဗျာဆရာ/ဆရာမတစ်ဦးစီဖိတ်ကြားဖို့ စီစဉ်ပါတယ်။ ပွဲတော်ဟာ ကြီးမားတဲ့အတွက် ငွေကြေးအင်အားတော်တော်ခိုင်ဖို့လိုမှာ မလွဲပါဘူး။ ကျွန်တော်သိသလောက်ကတော့ ဒီပွဲတော်ကို ကျင်းပဖို့ စရိတ်ထည့်ဝင်သူတွေ Partners and Supporters ထဲမှာ ကိုးရီးယား ယဉ်ကျေးမှု ဋ္ဌာန ၊ ကိုးရီးယားယဉ်ကျေးမှု ၊ အားကစား ၊နဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်းဆိုင်ရာဝန်ကြီးဋ္ဌာန ၊ နျူးဇီလန် အနုပညာရပ်များကောင်စီ ၊ ဩစတြေးလျ အနုပညာရပ်များကောင်စီ ၊ ဒါအီဝါ အင်္ဂလိပ် – ဂျပန်ဖေါင်ဒေးရှင်း ၊ ဗြိတိသျှ ကောင်စီ။ အစိုးရတွေအနေနဲ့ ယူကေ ၊ ဩစတြေးလျ ၊ ဩစတြီးယား ၊ ချက် ၊ အိုင်ယာလန် ၊ ဟော်လန် ၊ ကိုလံဘီယာ ၊ နယ်သာလန် ၊ အက်စ်တိုးနီးယား ၊ လီသူအေးနီးယား ၊ ဂျော်ဂျီယာ ၊ ပိုလန်တို့ပါရှိကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာ စာအုပ် ထုတ်ဝေရေးလုပ်ငန်းရှင်တွေ ၊ ကဗျာဂျာနယ် ၊ မဂ္ဂဇင်းတွေရဲ့ အထောက်အပံ့တွေလည်းရရှိပါတယ်။
Continue reading