ကဗျာအကြောင်း ပြောပါတယ် (၆၄)

ရသစာပေ(ဝါ) အနုပညာ(ဝါ) ကဗျာသမိုင်းဟာ အလှတရားပေါ်လာခြင်း၊ ပျောက်ဆုံးသွားခြင်းနဲ့ ယခင်ထက်ပိုအင်အားရှိတဲ့ အလှတရားအသစ်ကို ရှာဖွေဖော်ထုတ် စမ်းသပ်ဖန်တီးမှုဖြစ်စဉ်ပဲ ဖြစ်တယ်။

အလှတရား Beauty ကို ဆရာဇော်ဂျီပြောတဲ့ ရသနှစ်သက်မှု လို့ နားလည်လို့ရတယ်။ ကဗျာကပေးတဲ့ အလှတရားဟာ ကဗျာရသတွေ့ကြုံခံစားမှု ဖြစ်တယ်။ ဒီကဗျာရသတွေ့ကြုံခံစားမှု poetic experience ကို ဖြစ်စေတာဟာ ကဗျာအတွေးနဲ့ ကဗျာသုံးတန်ဆာပလာ poetic devices ကြောင့်ဖြစ်တယ်။ ဥပမာ၊ အိုက်ဒီယာ ဗောလာရီညို Idea Volarinõ ရဲ့ ကဗျာထဲက

ခန္ဓာကိုယ်ဆိုတာ
သူ့သေခြင်းကို သူကိုယ်တိုင် ရွှမ်းမှည့်လာစေတဲ့
သစ်သီးဖြစ်တယ်။

တစ်ချိန်မှာ ဒီသေခြင်းတရားအကြောင်းကိုပဲ သူ့ခေတ်အသိ သူ့ခေတ်ရဲ့အာရုံခံစားပုံနဲ့ ပိုထိထိမိမိသိရတဲ့ ရေးဖွဲ့ပုံ၊ ရေးဟန်၊ နည်းနာတက္ကနိနဲ့ ဖန်တီးဖော်ကြူးလိမ့်မယ်။ အလှသစ်။

ကဗျာသမိုင်းဖြစ်စဉ်ကို ဒီလိုပဲ ရိုးရိုးစင်းစင်း နားလည်မိပါတယ်။


ဇယလ
၂၈ နို ကိုဗစ်၂၀

ကဗျာအကြောင်း ပြောပါတယ် (၆၃)

အရေးအသားတစ်ခုဟာ ဘယ်အချိန်မှာ
(၁) ‘ကဗျာပုဒ်’ ဖြစ်သွားသလဲ။
(၂) ‘ကဗျာ’ ဖြစ်သွားသလဲ။

ဒါဟာ ကဗျာရဲ့ ထာဝရမေးခွန်းလည်းဖြစ်ပြီး အဖြေပေါင်းစုံလည်းရှိပါတယ်။ ကျနော်လက်ခံတဲ့ဖြေရှင်းချက်တစ်ခုပြောပြချင်ပါတယ်။ ရုပ်သွင်သဏ္ဍာန်အားဖြင့် လိုင်းစီထားရင် ‘ကဗျာပုဒ်’ လို့ထင်တာများပါတယ်။

သဏ္ဍာန်အားဖြင့်
လိုင်းစီထားရင်
ကဗျာပုဒ်လို့ ထင်ကြတယ်။
(အား/ထား နဲ့ ရင်/ထင် ကာရန်တောင် ပါလိုက်သေး)။
မကြောက်ကြနဲ့ ကပ်အန္တရာယ်
ဒို့လက်တွဲပြီးအဖြေရှာ
မိမိကိုယ်မိမိ အရင်ကာကွယ်ကြပါစို့။
လိုင်းစီလို့သာ ‘ကဗျာပုဒ်’ ထင်ရတယ်။ ဒါပေမယ့် ဒါတွေဟာ ‘ကဗျာ’လား။

ကဗျာဖြစ်မဖြစ်ကို ကဗျာပုဒ်လို့ထင်ရတဲ့ စီရင်ထားသိုပုံလောက်နဲ့ ပုံသေပြောလို့မရပါဘူး။ ဖြစ်တဲ့အခါဖြစ်ပြီး မဖြစ်တဲ့အခါမဖြစ်တာ သိကြမယ်လို့ထင်ပါတယ်။ ဝေးဝေးမကြည့်ပါနဲ့၊ သတင်းစာကဗျာကဏ္ဍမှာ ဖော်ပြပါရှိတာတွေဟာ အနိမ့်ဆုံး ‘ကဗျာပုဒ်’ အဆင့်သာရှိတာတွေ့နိုင်ပါလိမ့်မယ်။ (ဒါဟာ ရေးသူတွေကိုချိုးနှိမ်တာမဟုတ်ပါ။ ကဗျာအကြောင်းပြောရာမှာ ကျွဲကူးရေပါသဘောမျှသာ)။
Continue reading

ကဗျာအကြောင်း ပြောပါတယ် (၆၂)

ကဗျာဆိုတာ
စိတ်ကိုဖျားယောင်းမှု တစ်ခုပါပဲ
အဲဒီထဲမှာ
တကယ့်ဘဝတွေ ရှိပြန်တယ်
‘တကယ်’ဆိုတာ ဘာလဲလေ…..


ဇယလ
၃၁ အောက် ကိုဗစ်၂၀

ကဗျာအကြောင်း ပြောပါတယ် (၆၁)

အကြမ်းဖျဉ်းအားဖြင့် ဟင်းတစ်ခွက်ပဲဆိုပါစို့…
ပါဝင်ပစ္စည်းနဲ့ ချက်ပုံချက်နည်းအားဖြင့် အရသာဆိုတာ ပေါ်လာတယ်။

ကဗျာမှာလည်း ပါဝင်ပစ္စည်းရွေးချယ်မှုနဲ့ စီရင်ဖွဲ့စည်းမှုကနေ ရသဆိုတာ ပေါ်လာတယ်။
ရသမှာလည်း အဆင့်ဆင့်ရှိရာမှာ ပါဝင်ပစ္စည်းရဲ့ အရည်အသွေးနဲ့ စီရင်ဖွဲ့စည်းမှုအရည်အချင်းတို့နဲ့ အများကြီးပတ်သက်တယ်။

ချုပ်ပြောရရင်တော့ ပတ်ဝန်းကျင်ပါပဲ။ ဆရာကြီးဦးရွှေအောင်အဆိုအရ ပတ်ဝန်းကျင်ရဲ့ကာလဒေသကနေ ‘နှလုံးသွင်း၊စရိုက်၊ဥာဉ်၊ဝါသနာ၊အနုသယ’ တို့အဆင့်ဆင့်ဖြစ်လာတာ၊ ‘သိမှု’ ဖြစ်လာတာ၊ ‘ဥပါဒါန်’ ဖြစ်လာတာ။
တဖန်၊ စာဖတ်သူများ၏ အမြင်ကွဲပြားသောကြောင့်၊ အရည်အချင်းကွဲပြားသောကြောင့် နှလုံးသွင်း၊စရိုက်၊ဥာဉ်၊ဝါသနာ၊အနုသယတို့ပါ အဆင့်ဆင့်ကွဲပြားကုန်ကြတာဖြစ်ပါသတဲ့။

အနောက်တိုင်းအသုံးအနှုန်းအားဖြင့် context ဆိုတာလည်းရှိပါတယ်။’ရေမြေနောက်ခံ’ သော်လည်းကောင်း၊ ‘ဆက်စပ်ဝန်းကျင်’ သော်လည်းကောင်းပေါ့။သမိုင်းဖြတ်သန်းမှုလည်း အရေးကြီးနေရာမှာပါဝင်တာမုချ။ ဒီ context ကနေ ‘အမြင်’ တွေ၊ ‘အယူ’တွေ၊ ‘အယူဝါဒ’တွေ၊’ဂိုဏ်းဂဏ’တွေ ပေါ်လာခဲ့ကြ၊ပေါ်လာနေကြတာလည်းဖြစ်ပါတယ်။
တစ်လုံးတစ်စည်းတစ်စုတဝေးကနေ ပိုင်းဆစိပ်မြွှာမှုတွေဖြစ်လာတာ ၂၀ရာစုအစကတည်းကပါပဲ။

မော်ဒန္နဇင်မ်က အပိုင်းအစတွေကို တစ်စုတစ်စည်းလုပ်ဖို့ ကြိုးစားခဲ့ရာမှာ အောင်မြင်ခဲ့ကြဘူး။ ပို့စ်မော်ဒန်က စုစည်းဖို့ မကြိုးစားတော့ဘူး။
Continue reading

ကဗျာအကြောင်း ပြောပါတယ် (၆၀)

Subjectivity လူတစ်ယောက်ရဲ့စိတ်တွင်းဘဝ။ ပုဂ္ဂိုလ်ရေး၊ပုဂ္ဂလိက၊ ပုဂ္ဂလ။ Self မိမိအတ္တ၊ပုဂ္ဂလအတ္တ။ ပုဂ္ဂလအတ္တဘဝ။ Subjectivity။

အဲဒီ ပုဂ္ဂလအတ္တဘဝမှာ သိတာတွေရှိသလို မသိတော့တာတွေလည်းရှိ၊ ကြုံတွေ့ခံစားသိခဲ့ရလျှက် မ’သိ’နိုင်တာတွေလည်းရှိ၊သိပြီးမသိတော့တာတွေရှိသလို မသိပဲနဲ့ သိနေတာတွေလည်းရှိ၊ သိပေမယ့်လည်း မရှိတာတွေလည်းရှိ၊ သိ။ အစ္ဇျတ္တ။ ကျယ်ဝန်းချင်သလောက် ကျယ်ဝန်းနိုင်မှု။ အလုံးစုံခပ်သိမ်း မသိရ မသိနိုင်တဲ့အတွက် မှောင်မိုက်မှု၊ သိမှုအလင်း မပေါက်နိုင်မှု။ မရိုးစင်း၊ မရှင်းလင်းတဲ့ နက်နဲရှုပ်ထွေးမှု။ တွေ့ကြုံသိကိုလည်း ပြန်မပြောနိုင်မှု။ မြိုသိပ်မေ့ဖျောက်ထားလိုက်ရမှု။ ပြန်ပေါ်ချင်လည်း မခေါ်ပဲနဲ့ ပြန်ပေါ်လာမှု။

mysterious လျှို့ဝှက်နက်နဲသော။ mystic ဂမ္ဘီရဆန်သော။ myst… mist မြူတွေပိတ်ပိန်းသော။

ချဲ့လိုက်ရင် လောကီလွန်ပြီး ချုံ့လိုက်ရင် အရေးအသား ဘာသာစကားပေါ့။ ရုပ်လောကီဘာသာစကားသုံးစွဲဖွဲ့စည်းမှုကနေ နာမ်လောကဂမ္ဘီရအထိ တံခါးတစ်ချပ်ပွင့်နေတာ။ ရပ်ချင်တဲ့နေရာမှာ ရပ်နေချင်လို့ရပြီး သွားချင်တဲ့ထိ သွားလို့လည်းရ၊ မရောက်နိုင်ခြင်းအထိကို သွားလို့ရ။

အသက်ရှိလို့ အပင်ဖြစ်သလား၊ အပင်ဖြစ်လို့ အသက်ရှိသလား။ ရိုးစင်းရိုးအတဲ့ မေးခွန်းဥပမာ။
ဇီဝဓာတ်၊ ဇီဝ၊ဇီဝရုပ်။
အဲသလို။
ကဗျာ နဲ့ ကဗျာပုဒ်။ နာမ် – ရုပ် နှစ်ပါးသွား။

စဉ်းစားမိတာ ပြောပါတယ်။
ကဗျာအကြောင်း ပြောပါတယ်။

ဇယလ
၂၅ အောက် ကိုဗစ်၂၀