အသိလူငယ်ကဗျာဆရာတစ်ယောက် ပြောတာကို တွေးကြည့်နေတာပါ။ ‘အခုရေးတင်နေကြတဲ့ ကဗျာတွေဟာ ဟိုတုန်းကလို နိုင်ငံရေးဘက် ပြန်ရောက်သွားသလိုပဲ’ တဲ့။ လက်ရှိနေ့စဉ်ကြုံတွေ့ခံစားနေကြရတဲ့ အဖြစ်အပျက် အနေအထားကြီးဟာ တစ်ဦးစီရဲ့ ပုဂ္ဂလိကခံစားမှုတွေထက် ကြောက်ခမန်းလိလိ ကြီးထွားခဲ့ပါပြီလေ။ မီးလျှံမကတော့ပဲ မီးလုံးကြီးတွေထဲ ပစ်ချခံလိုက်ရသလိုပါပဲ။ post-’88 လူငယ်တွေအထူးသဖြင့်။ သမိုင်းခေတ်ဆိုတာကြီးဟာ ပြူးကနဲပေါ်လာပြီး လက်တွေ့မျက်တွေ့အရှိတရားကြီး ဖြစ်လာခဲ့ပြီပေါ့။ ဒါကို ဘယ်သူမှ ရှောင်လွှဲလို့မရပါဘူး။ ဆိုတော့၊ လူမှု-နိုင်ငံရေးကိစ္စတွေကို ရှေ့တန်းတင်မရေးသူတွေကိုယ်တိုင် အာရုံအစပ် မီးဟပ်ကုန်ပြီပေါ့။ အဲဒီတော့ ခံစားမှုနဲ့ဖွဲ့စည်းပြုလုပ်ကဗျာရုပ်မှာ မဟုတ်မမှန် လုပ်ကြံတာမဟုတ်ပဲ အမှန်တကယ် ထင်ဟပ်ကြရပြီကော။ ကြီးမားလွန်း၊ နားလည်မှုထက်ခံစားမှုကို လှုပ်နှိုးလှုံ့ဆော်နိုင်လွန်း။
‘ပြန်ရောက်သွားသလား’ ဆိုတဲ့ကိစ္စမှာ တကယ်တော့ ‘ပြန်ရောက်သွား’ တာထက် အမြဲရှိနေခဲ့ပြီး ယာယီဖုံးကွယ်လိုက်မှုကနေ ဘွားကနဲ ပြန်ပေါ်လာတာပါပဲ။ စစ်အာဏာရှင်စနစ်ကိုပြောပါတယ်။ ဒင်းတို့ကိုယ်ဒင်းတို့စွပ်လိုက်တဲ့မျက်နှာဖုံးနဲ့ ကာလတစ်ခုအထိနေ(ပြ)လာပြီးမှ မူလမျက်နှာအစစ်ကို ပြန်ဖွင့်ပြလိုက်တာပဲဖြစ်ပါတယ်။ ဘီလူးဟာ ဘီလူးပါပဲ။ ဆိုတော့၊ ‘ပြန်ရောက်သွားတာ’ မဟုတ်ပဲ ပြန်ပေါ်လာတာကို ကဗျာကလည်း ကဗျာနည်းနဲ့ ပြန်တုန့်ပြန်တာပဲဖြစ်ပါတယ်။ ၁၀စုနှစ်တစ်ခုစာလောက် ပုံ(ရိပ်)ပြောင်းဖို့ ဟန်ဆောင်ခဲ့ပေမယ့် အဲဒီ ၁၀စုနှစ်အတွင်းမှာ သရုပ်သကန်အမှန်ကိုသိထားကြတဲ့ ကဗျာဆရာတွေဟာ ကဗျာနဲ့ ဖမ်းချုပ်ဖော်ပြခဲ့တာတွေရှိပါတယ်။ အဲဒါကြောင့်လည်းပဲ ယခင်ကရေးခဲ့တဲ့ကဗျာအချို့ဟာ ယခုကာလကို ဘွင်းဘွင်းကြီးဖော်ပြနေသလိုဖြစ်ပါတယ်။ ကြိုရေးခဲ့သလားတောင် အောက်မေ့ရမလောက်ပဲ။ ဒါပေမယ့် ကြိုရေးခဲ့တာမဟုတ်ပါဘူး၊ ကျားသစ်ဟာ ဘာရုပ်ပြောင်းပြောင်း သူ့မူလအစက်အပြောက်တွေကိုတော့ ဖျောက်မရတာကို ထုတ်ပြခဲ့ကြတဲ့သဘော။ အခု ငြင်းလို့မရအောင်ပေါ်ပြီပေါ့။
သမိုင်းခေတ်နဲ့ကဗျာဟာ အမြဲဆက်စပ်နေပါတယ်။ သမိုင်းခေတ်ရဲ့အဖြစ်အပျက်ကို ဖြစ်လာတာနဲ့အမျှ ကဗျာက တုန့်ပြန်တာပါပဲ။ အထူးသဖြင့် social-conscious လူ့ဘောင်အသိ ပိုသက်ဝင်ကြသူတွေပေါ့။ အပြိုင်ဖြစ်တာတွေ။ အယူဝါဒတစ်ခုအရ လက်အောက်ခံသဘောမဟုတ်ဘူး။ ထိုအယူဝါဒအရ လက်အောက်ခံလို့ပြောလည်း အယူဝါဒအရ ပြောခွင့်ရှိပါတယ်။ ကဗျာနဲ့ အယူဝါဒကိစ္စပေါ့။ ငြင်းမယ်ဆိုရင် အယူဝါဒအချင်းချင်းငြင်းရမှာပဲဖြစ်တယ်။ ကဗျာကတော့ အဲဒီအငြင်းထဲကနေ တစ်နည်းနည်းနဲ့ ရှောင်သွားမှာဖြစ်တယ်။ ဥပမာ၊ တရုပ်မြူနှင်းဂိုဏ်း၊ ဘေ ဒေါဝ်။
အခုကြုံနေရတဲ့ သမိုင်းခေတ်ကို ကဗျာနဲ့တုန့်ပြန့်နေခြင်းတွေထဲမှာ ယခင်က နည်းဟန်တွေနဲ့ မဟုတ်တော့တာတွေလည်း တွေ့ကြရမှာပေါ့။ နိုင်ငံရေးဘက်ရောက်သွားရင်တောင်မှ ကဗျာဖြစ်ရေးကို မစွန့်လွှတ်ကြဘူးပေါ့။ ဒါဟာ မြန်မာမော်ဒန်ကဗျာလမ်းကြောင်းလည်း ဖြစ်ခဲ့ပါတယ်လေ။
ဇယလ
၈ ဇွန်၊’၂၁
Recent Comments