မိုးမှ မိုးသို့

မိုးမှ မိုးသို့
Image: Sanjiv Nayak

အခု နှစ်ဆန်းတစ်ရက်နေ့၊ ရန်ကုန်၊ မြောက်ဒဂုံမှာ မိုးဟာ မိုးလို သွန်းဖြိုးလို့နေတယ်။ ပထမဆုံးအတွေးက ဧရပြီ၊ ငြိမ်းရပြီပေါ့လေ။ ဒါပေမယ့်၊ ချက်ချင်းလိုက်လာတာက ‘အောင်ရမည်’ ဆီမရောက်သေးဘူး။ ပေးဆပ်ထားရတာ များလှပြီ။

စကတည်းက ဘာလိုချင်လို့ ဘာလုပ်ခဲ့ကြတာ ဖြစ်တယ်ဆိုတာ စိတ်ထဲက ဘယ်တော့မှ မပျောက်သွားစေဖို့။ အစိုးရအပြောင်းအလဲလေးအတွက်နဲ့ အသက်တွေ ဒီလောက်ပေးခဲ့ရတာမဟုတ်ဘူး။ စနစ်တစ်ခုလုံး ပြောင်းလဲရေးဟာ သဘောတရားရော၊ လက်တွေ့ရော၊ ခရီးလမ်းရော၊ ပန်းတိုင်ရော၊ အသက်ရှူလမ်းကြောင်းရော၊ ဝင်သက်ထွက်သက်ရော၊အကုန်တစ်သားတည်း ဖြစ်တယ်။

သိပြီးသားဆီ သွားနေတာမဟုတ်ဘူး။ သိပြီးသားကို ထားခဲ့ချင်ပြီ။ မသိသေးတာ၊ မရှိသေးတာဆီ သွားနေတာဖြစ်တယ်။ ဒီအချိန်မှာ ဧချမ်းပါစေ မြန်မာပြည် ဆိုတဲ့ ဂျင်းသီချင်းနဲ့ တွန်းလှန်သမျှ ရခဲ့တဲ့ ရလဒ်တွေကို ငြိမ်းချမ်းသာယာမှုနဲ့ မလဲနိုင်ဘူး။ မငြိမ်းချမ်းချင်နေ၊ မသာယာချင်နေ၊ ပြိုစရာရှိတာပြို၊ ကွဲစရာရှိတာကွဲ၊ ပျက်စရာရှိတာ ပျက်ပလေ့စေ။ စကတည်းက ပျော်ပွဲစား ထွက်ခဲ့ကြတာမှ မဟုတ်ဘူးလေ။ ဘာဖြစ်မယ်ဆိုတာ သိသိချည့်နဲ့ပဲ။

စစ်ဖိနပ်အောက် ပြန်ဝင်ရမယ်ဆို ငြိမ်းချမ်းမှုကို ပြန်အမ်းလိုက်ပါတယ်၊ စစ်ကျွန်ဘဝအောက် ပြန်ရောက်ရမယ်ဆို ငြိမ်းချမ်းရေးရေ ပြန်ပေတော့ပဲ။

ငယ်ငယ်တုန်းက ‘ငြိမ်းတယ်ချမ်းတယ်မိုး’ ကို ကြိုက်နှစ်သက်ဖူးတယ်။ အခုတော့ ‘သည်းပါထန်ပါမိုး’၊ ‘သွန်းပါဖြိုးပါမိုး’၊ ‘ချေပါမှုန်းပါမိုး’ ကိုပဲ လိုချင်တယ်။ ငြိမ်းချမ်းရေးထောင်ချောက် ဆင်ထားတဲ့ စစ်အာဏာရှင်ရဲ့လှည့်ကွက်ကို မြင်သိထားကြပြီလေ။ ဒင်းတို့ဘက်က လှေခွက်ချည့်ကျန် အကြံငစဉ်းလဲ ပါပဲ။

ရွာစမ်း၊ မိုး။ သည်းစမ်း၊ မိုး။

၁၈ ဧပြီ၊ နှစ်ဆန်းတစ်ရက်နေ့
ဏာသိမ်း ‘၂၁

ထစ်ခြုံးလိုက်စမ်းပါ၊ မိုး။
အို… တော်လှန်မိုး။