ကဗျာအကြောင်း
ပြောကြစတမ်းဆို ကဗျာဟာ ယင်းရဲ့ အလျား၊ အနံ၊
ထု ကို ကိုယ်တိုင်မသိချင်ဘူး၊ မသိကျိုးကျွန်နေချင်တယ်၊ အလ္လာပ
သလ္လာပ ပြောပြီး လေးနက်နေကောင်းနေမယ်၊ ပြောင်းပြန်လည်းဖြစ်နိုင်တယ်
ဘာအကြံဥာဏ်မှလည်း မပေးဘူး ပါးလွှာတဲ့ စကားလုံးအရေပြားအောက်မှာ
ခုန်နေကြတဲ့ အကြောတွေ အမျှင်တွေ အရှင်တွေ
(သိချင်မှမြင်လို့ရတတ်တယ်၊ မြင်တတ်မှ သိရတာလည်းရှိပြန်တယ်)
ပစ်မှတ်ဟာ လေးကြိုးရဲ့တင်းအားနဲ့ မြားတံရဲ့
ပျော့ပြောင်းမှု လွဲရင်လည်းလွဲသွားမယ် (ဖတ်သူရဲ့
ကြိုတင်ထင်မှတ်သတ်မှတ်ထားချက်တွေကို တမင်တကာ ရှောင်လွှဲဖို့
ဆိုပါစို့) အရေးမကြီးဘူးလား ဆိုတော့ အရေးကို
ရေးတာ လက်ရေးသေးသေးလား ကြီးကြီးလား
အချို့ဦးနှောက်တွေထဲမှာ ကဗျာကိုပိတ်ပင်ထားကြတယ်
တစ်ခါဖတ်ရုံနားလည်လွယ်တဲ့ အရေးအသားမျိုး ကိုယ်ရှောင်တယ်
ဘယ်လိုအတွေး ဘယ်လိုအာရုံ ရောက်လာမလဲမှ မသိရတာ
ကဗျာရဲ့အနာဂတ်ဟာဘာလဲ ကဗျာရဲ့အနာဂတ်ဟာ ကဗျာပဲ
ကဗျာရဲ့အတိတ်ဟာလည်း ကဗျာပဲဖြစ်ခဲ့တာမဟုတ်လား
ကဗျာပုဒ်နဲ့ကဗျာဓာတ်ဟာ အမြဲအကြင်လင်မယားမဟုတ်ကြဘူး
ကိုယ်ဟာ ကဗျာမရေးတတ်ဘူး ဒါပေမယ့် မိုက်မိုက်မဲမဲပါပဲ
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ကိုယ့်နက္ခတ်နဲ့ကိုယ်
ဒီမြစ်ကိုရေဆန်ကူးနေဦးမှာပဲ မြစ်ရဲ့မူလအစဆီ
လိုချင်တာတွေကို ရပ်ကွက်ကုန်စုံဆိုင်လေးမှာ မရနိုင်တော့တာ
နောက်ဆုံးတော့လည်း အာရုံနဲ့ဘာသာစကားတို့ရဲ့
ရံဖန်ရံခါ ခြေမညီတဲ့ နှစ်ပါးသွား အကြောင်းအရာ အရင်ချပြီး
အရောင်အသွေးဖြည့်စွက်တာမှ မဟုတ်တော့တာ သရုပ်မှန် သရုပ်ဖော်ဖွဲ့နွဲ့တာ၊
ဓာတ်လှေကားကို အမြှောင်းလိုက် အတက်အဆင်းပြုလုပ်တာ၊
ငှက်လိုပျံတာထက် ကျွဲလိုထွန်တာမျိုးမှမဟုတ်တော့တာ
ရင်ပတ်ချင်းဂျက်ပင်ထိုးလိုတာကရည်ရွယ်ချက် သော်လည်းပဲ
ရင်ပတ်ချင်းကော ဂျက်ပင်ကောပါ ခံယူနိုင်စွမ်းမတူကြတာ
မထင်မှတ်ထားတာတွေဟ ရင်လာထိရင်ထိကြမှာ
မထိဘူးဆိုရင်လည်း ဘာမှဖြစ်သွားတာမှမဟုတ်တာ
နေတတ်ထိုင်တတ်သလို ကောင်းကင်ဟာ စိမ်းမြဲစိမ်း၊
ရေပြင်ဟာ ခရမ်းမြဲခရမ်း၊ အရှိတရားလို့သတ်မှတ်ထားတာ
တွေဟာ ခုမြင်ခုပျောက် ခုတြိဂံ ခုစက်ဝိုင်း
ဂြိုလ်တစ်လုံးတောင် ကြယ်အဖြစ် လျှောကျသွားခဲ့တာ
အချစ်ပေါ် အရစ်ဖော်ပြီး တက်တူးထိုးကြတာ
အဲဒါကြောင့်၊ ကဗျာ။
ဘဝဆိုတာ အလှအပရဲ့ မျက်နှာစာ (မဖြစ်သင့်ဘူးလား)။ ။
ဇယလ
၁၆ ဂျွန်၊ဏာသိမ်း’၂၁